Pages

10.12.13

အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲ အဖွင့်ပွဲတွင် မလေးရှား အသင်းကိုနိုင်မှသာ တတိယဆု မျော်မှန်းနိုင်မည်ဟုဆို

နေပြည်တော်ရှိ ပရိသတ် ငါးထောင်ဆံ့ ဇေယျာသီရိ အားကစားရုံ (ဘီ) တွင် ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်ကျင်းပမည့် ၂၇ ကြိမ်မြောက် SEA Games အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်၌ မလေးရှားအသင်းကို အနိုင်ရမှသာ တတိယဆုကို မျှော်မှန်းနိုင်မည် ဖြစ်ကြောင်း မြန်မာ အမျိုးသမီး ဘောလီဘောနည်းပြ ဦးသိန်းဆွေက ပြောကြားသည်။

အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ အုပ်စုပတ်လည် စနစ်ဖြင့်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ အမှတ်အများဆုံး နှစ်သင်း ဗိုလ်လုရမည် ဖြစ်ပြီး တတိယနေရာနှင့် စတုတ္ထနေရာမှ နှစ်သင်းသည် တတိယနေရာအတွက် ယှဉ်ပြိုင်ရမည် ဖြစ်၍ မြန်မာအသင်း အနေနှင့် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ယှဉ်ပြိုင်နိုင်ရန် ရာခိုင်နှုန်း အလွန်နည်းပါးကြောင်း၊ ယင်းကြောင့် မလေးရှားအသင်းကို အနိုင်ကစားရန်သာ အဓိက ပစ်မှတ်ထား သည်ဟု ၎င်းကဆိုသည်။



မြန်မာ အမျိုးသမီး ဘောလီဘော အသင်းသည် ၂၀၁၂ ခု မတ်လက ကျင်းပခဲ့သည့် အာရှချန်ပီယံရှစ် ပြိုင်ပွဲတွင် မလေးရှား လက်ရွေးစင်အသင်းနှင့် တွေ့ဆုံခဲ့ပြီး လက်ရည်တူ ၅ ပွဲကစားရာတွင် အမှတ်ကွာဟမှု မရှိဘဲ ကပ်နိုင်ခဲ့ခြင်းကြောင့် ယခု SEA Games တွင်လည်း လက်ရည်တူ ယှဉ်ပြိုင်ရမည့်အသင်း ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။
“မလေးရှားက လက်ရွေးစင် ကစားသမား အပြောင်းအလဲ ရှိနိုင်ပါတယ်။ အဖွင့်ပွဲစဉ်က ကျွန်တော်တို့အတွက် အလွန်အရေးကြီးလို့ ပရိသတ်တွေ ပိုမိုအားပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ဘော်လီဘော အသင်းသည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်တွင် အာရှအဆင့် သတ်မှတ်ချက်ပေးသည့် အာရှဖလား ပြိုင်ပွဲ ဝင်ရောက်ကစားခဲ့ရာ ထိုင်းအသင်းက အဆင့် (၁)၊ ဗီယက်နမ်အသင်းက အဆင့် (၆)၊ အင်ဒိုနီးရှားအသင်းက အဆင့် (၁၀) တွင် ရပ်တည်ခဲ့ပြီး မြန်မာအသင်းမှာ နောက်ဆုံးအဆင့် ၁၆ နေရာတွင်သာ ရပ်တည်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် မလေးရှားအသင်း ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ပရိသတ် ငါးထောင်ဆံ့ ဇေယျာသီရိ အားကစားရုံ (ဘီ) တွင် ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment