ရွေးကောက်ပွဲ မသမာမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လွှတ်တော်အမတ် ၅၀ ကျော်ကို ရာထူးမှ
ထုတ်ပယ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ကိုယ်စားလှယ်ပေါင်း ၇၆၃ ဦးရှိသည့် ဟူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက်မှ
ကိုယ်စားလှယ် ၅၆ ဦးကို လာဘ်ငွေပေးပြီး ရာထူးရယူမှုဖြင့် ရာထူးမှ
ထုတ်ပယ်ခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင်
ဟူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၅၆ ဦးထံမှ လာဘ်ငွေများ လက်ခံ
ရယူထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ခြင်းကြောင့် မြူနီစီပယ် အရာရှိ ၅၁၂
ဦးကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းတွင်
ဖော်ပြထားသည်။
တရုတ် မြူနီစီပယ် အရာရှိများမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ခန့်အပ်ပိုင်ခွင့် အာဏာရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
လွှတ်တော် ကိုယ်စားလှယ်များ၊ မြူနီစီပယ် အရာရှိများ ပါဝင်သည့် ရွေးကောက်ပွဲ
လာဘ်စားမှု ဖြစ်စဉ်တွင် လာဘ်ငွေပေးမှု ဒေါ်လာ ၁၈ သန်း တန်ဖိုးခန့်ထိ
ရှိကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှုများတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့သော လွှတ်တော်အမတ်များ ပါဝင်နေသည့် လာဘ်စားမှု ဖြစ်စဉ်များမှာ
တရုတ် ပြည်သူ့ကွန်ဂရက်စနစ်၊ ဆိုရှယ်လစ် ဒီမိုကရေစီ၊ ဥပဒေနှင့်
ပါတီစည်းကမ်းတို့အပေါ် ကြီးစွာ ခြိမ်းခြောက်နေကြောင်း Xinhua သတင်းတွင်
ဖော်ပြထားသည်။
ဟူနန်ပြည်နယ် ဟန်ရန်ပါတီ အကြီးအကဲဟောင်း
တုန်မင်ချင်မှာ ရွေးကောက်ပွဲ မသမာမှုတွင် တိုက်ရိုက် တာဝန်ရှိကြောင်း
တရုတ်အစိုးရပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
အကျင့်ပျက်
လာဘ်စားမှုများနှင့် ပတ်သက်ပြီး တရုတ်ပြည်သူများကြား စိတ်ဆိုး
ဒေါသထွက်မှုများ ကြီးမားလာပြီး အကျင့်ပျက်သည့် အရာရှိကြီးများကို သာမက
အောက်ခြေ အရာရှိ များကိုလည်း စစ်ဆေး အရေးယူသွားမည်ဟု တရုတ်သမ္မတသစ်
ရှီကျင့်ဖျင်က အာဏာ စတင်ရယူခဲ့သည့် ပြီးခဲ့သည့်နှစ်မှ စတင်ပြီး သတိပေး
ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားပြီးနောက် အကျင့်ပျက်
လာဘ်စားမှုများကို ဆက်တိုက် အရေးယူလျက်ရှိပြီး ဟူနန်ပြည်နယ် အမတ်များ
ထုတ်ပယ်ခံရသည့် သတင်းသည် နောက်ဆုံး ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment