အာရှဖလား ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ ၂၂ အသင်း၏ စုဖွဲ့မှု
အနေအထားအရ အာရှဖလား အုပ်စုပြိုင်ပွဲတွင် အောင်မြင်နိုင်မှု အနေအထားနှင့်
ပြင်ဆင်မှု များ ဆောင်ရွက်ထားမှုကို သိရှိနိုင်စေရန် မြန်မာယူ ၂၂ အသင်း၏
နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်မည့် ဂျာမနီ နိုင်ငံသား
ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် တွေ့ဆုံမေးမြန်း ဖော်ပြ အပ်ပါသည်။
Voice : ပထမဆုံးအနေနဲ့ မြန်မာ ယူ ၁၉ အသင်းကနေ ယူ ၂၂ ကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ ခံစားချက်က ဘာဖြစ်မလဲ။
GFD : ကျွန်တော့်အနေနဲ့ အခုမြန်မာယူ ၁၉ အသင်းကနေ ယူ ၂၂ ကို အပြီး
ပြောင်းလိုက်တာ မဟုတ်ပါဘူး။ ယူ ၂၂ ကို တွဲပြီး ကိုင်တွယ်တာပါ။ ဒီအခု
ရွေးချယ်ထားတဲ့ ကစားသမား၂၇ ဦးထဲမှာ ၂၀ လောက်က ယူ ၁၉ အသင်းက ကစားသမားတွေ။
ကိုယ်နဲ့ ရင်းနှီးပြီးသား (အထာသိတဲ့) ကစားသမားတွေ အများစု ပါဝင်နေလို့
ဒီအသင်းကို တွဲကိုင်ရတာဆိုတော့ အဆင်ပြေပါတယ်။
Voice : အခုကိုင်တွယ်ရမယ့် ယူ ၂၂ အသင်းက မကြာခင် ယှဉ်ပြိုင်ရမယ့် အာရှအဆင့် ပွဲကြီးဆိုတော့ အသင်းအပေါ်မှာရော ဖိအားတွေ ရှိနေမလား။
GFD : ကျွန်တော့်ရဲ့အသင်းမှာ ဖိအား လုံးဝမရှိပါဘူး။ ဘာလို့လဲဆိုတော့
ကျွန်တော်တို့ အသင်းနဲ့ ရင်ဆိုင်ရမယ့် အသင်းတွေက အာရှဘောလုံး အင်အားကြီး
အသင်းတွေ ဖြစ်လို့ပါ။ ကျွန်တော်တို့က ဆုဖလားရဖို့အထိ မှန်းထားတဲ့ အသင်းလည်း
မဟုတ်တော့ ကစားသမားတွေမှာ ချန်ပီယံဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ဖိအားမရှိဘဲ
လွတ်လွတ်လပ်လပ် ကစားနိုင်တယ်။ အတွေ့အကြုံတွေလည်း အများကြီးရမယ်။
ကိုယ်တွေအသင်းက ကြီးကြီးမားမား မျှော်မှန်းမထားလို့ ကစားသမားတွေ အနေနဲ့
ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာပါ။ ပြိုင်ပွဲမှာတွေ့မယ့် အသင်းတွေကလည်း
ကိုယ့်ထက်ကောင်းတဲ့ အသင်းတွေဖြစ်လို့ မြန်မာကို အထင်သေးပြီး ကစားကြမှာပါ။
အဲလိုဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံတွေ ပိုကောင်း လာနိုင်ပါတယ်။
Voice : အခု ပဏာမစာရင်းမှာ ပထမ ခြေစစ်ပွဲ အောင်ထားတဲ့အသင်းက
ကစားသမားလေးဦး ပြန်ပါလာတယ်။ ဒီကစားသမားတွေနဲ့ ပြိုင်ပွဲအတွက်
ယုံကြည်မှုရှိရဲ့လား။
GFD : ကျွန်တော့် ကစားသမားတွေကို ကျွန်တော်
ယုံပါတယ်။ ယူ ၁၉ အသင်းက ကစားသမားတွေကိုလည်း ခေါ်ယူ အားဖြည့်ထားတယ်။ SEA
Games အတွေ့အကြုံရှိ ကစားသမားတွေလည်း ပါတယ်။ လူသစ်တွေက
သင်ယူချင်စိတ်ရှိသလို အတွေ့အကြုံရှိ ကစားသမားတွေကလည်း စုစုစည်းစည်း
ဖြစ်နေတဲ့အတွက် လက်ရှိအသင်းကို အားရမှုရှိပါတယ်။ ပိုပြီး အားရစရာ ကောင်းတာက
အသင်းရဲ့ကစားသမား ၂၀ လောက်က အစောပိုင်းကတည်းက ကျွန်တော်နဲ့ အသားကျနေတဲ့
ကစားသမားတွေ ဖြစ်နေလို့ပါ။
Voice : ပြိုင်ပွဲကြီးက ရောက်တော့မယ်။ လက်ရှိအချိန်နဲ့ ပြင်ဆင်မှုက အသင်းအတွက် လုံလောက်မှု ရှိရဲ့လား။
GFD : လေ့ကျင့်ချိန်လည်း လုံလောက်ပါတယ်။ ထိုင်းနိုင်ငံကို
သွားပြီးတော့လည်း လေ့ကျင့်မယ်။ အဲဒီမှာ ခြေစမ်းပွဲနှစ်ပွဲလောက် ကစားပါမယ်။
တစ်ပွဲက မြောင်တောင် အသင်းနဲ့ပါ။ နောက်တစ်သင်းကတော့ ညှိနေတုန်း။
ထိုင်းနိုင်ငံမှာ လေ့ကျင့်ပြီးတာနဲ့ ပြိုင်ပွဲကျင်းပမယ့် အိုမန်ကို
ဆက်သွားမှာပါ။
Voice : SEA Games မှာ ပါဝင်ခဲ့ကြတဲ့
မြန်မာအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကျော်ကိုကိုတို့
ဇော်မင်းထွန်းတို့လို ကစားသမားအချို့ကို ပြန်ရွေးထားတာ တွေ့ရတယ်။
ဒီကစားသမားတွေက အသက်ကျော်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာရော။
GFD : ကျွန်တော့်ရဲ့ပုံစံကတော့ လူငယ်တွေကို နေရာပေးတာပါပဲ။
အခုပြိုင်ပွဲက ယူ ၂၂ ပွဲဖြစ်နေတော့ အသက်တွေ ဘာတွေ စစ်ဆေးတာက
မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း လုပ်ပါတယ်။
ဒီလိုအသက်စစ်တာက မွေးစာရင်းတွေ ID Card (မှတ်ပုံတင်ကတ်) တွေနဲ့
စစ်ဆေးပါတယ်။ အဲလိုစစ်ဆေးမှုမှာ ကင်းလွတ်တဲ့ ကစားသမားတွေကို ကျွန်တော်ကတော့
အသင်းကို ခေါ်ယူမှာပါ။ အဲဒီလို စစ်ဆေးမှုတွေ ရှိပေမယ့် ဘယ်သူမှ
အသေးစိတ်လုပ်လို့ မရနိုင်ပါဘူး။
Voice : ကစားသမားတွေကို ရွေးချယ်တာက ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်တာလား။ နည်းပြအဖွဲ့ဝင်တွေနဲ့ ရွေးချယ်တာလား။
GFD : စိတ်ကြိုက်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။ ယူ ၁၉ နဲ့ ကျန်အသက်မီတဲ့
ကစားသမားတွေကို နည်းပြ အဖွဲ့ဝင်တွေနဲ့လည်း တိုင်ပင်ပြီး
စိတ်ကြိုက်ရွေးခဲ့တာပါ။ နည်းပြ အဖွဲ့ဝင်တွေကိုလည်း ယုံကြည်ပါတယ်။
အတွေ့အကြုံရှိ နည်းပြတွေ ပါဝင်လာလို့ပါ။
Voice : နေရာအလိုက်
အကောင်းဆုံး ကစားနိုင်ပြီး အသက်မီတဲ့ ကစားသမားအချို့ လက်ရှိလူစာရင်းမှာ
မတွေ့ရဘူးလို့ ဝေဖန်မှုတွေ ထွက်နေတဲ့ အပေါ်မှာရော။
GFD :
လက်ရှိရွေးထားတဲ့ ကစားသမားတွေထဲက အကောင်းဆုံးတွေကို ရွေးချယ်ထားခဲ့တာပါ။
အသက်မီတဲ့ ကစားသမားတွေထဲက ကောင်းတဲ့သူတချို့ ကျန်ကောင်း ကျန်နိုင်ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲ က မကြာခင် ကာလလေးမှာ ပြိုင်ရတော့မှာမို့ လက်ရှိအချိန်မှာ
ကြံ့ခိုင်မှုပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး အနေအထားမရှိတဲ့
ကစားသမားတွေကို ချန်ခဲ့တာပါ။ ဥပမာ- ရဲကိုဦးတို့၊ သီဟဇော်တို့ပါ။
သူတို့ကစားတာ ကောင်းကြပေမယ့် လက်ရှိ အခြေအနေမှာ လိုအပ်ချက်တွေ ရှိနေလို့
ကျန်ခဲ့တာပါ။ တချို့ကစားသမားတွေဆိုရင် လက်တွဲခဲ့တာ ကြာပေမယ့်
စည်းကမ်းပိုင်း အားနည်းလို့ ထားခဲ့ရတဲ့ သူတွေလည်း ရှိပါတယ်။
Voice : မြန်မာနိုင်ငံမှာ အခြေချတာ ကြာပြီ ဖြစ်တဲ့အတွက် လက်ရွေးစင် အသင်းကြီးမှာ နည်းပြဖို့ ကမ်းလှမ်းခဲ့ရင်ရော လက်ခံဖို့ရှိလား။
GFD : ကျွန်တော်ဒီနိုင်ငံမှာ နည်းပြလုပ်တာ သုံးနှစ်လောက် ရှိပါပြီ။
အဲလိုဆိုတော့ မြန်မာလူမျိုးတွေရဲ့ အကြောင်း၊ မြန်မာ ဘောလုံးလောက
အကြောင်းတွေလည်း ကောင်းကောင်း သိနေပါပြီ။ တကယ်လို့ လက်ရွေးစင်အသင်းကို
ကိုင်တွယ်ဖို့ ကမ်းလှမ်း ခဲ့ရင်တောင် ကျွန်တော့်အနေနဲ့ ယူ ၁၉ အသင်းကို
ပစ်ထားလို့ မရပါဘူး။ ဘာလို့ဆိုတော့ ယူ ၁၉ က ဒီနှစ်ထဲမှာ ပြိုင်ပွဲကြီးတွေ
ကစားဖို့ရှိတယ်။ အဲဒီအတွက် ကျွန်တော်နဲ့ ကျွန်တော့် လက်ထောက်နည်းပြ
အချိန်ယူပြီး ပြင်ဆင်ခဲ့ရတာပါ။ အဲဒီအတွက်ကိုပဲ အရင်ပြင်ဆင်မှာပါ။ ဒီအသင်းက
ကစားသမားတွေက နောင်ဆိုရင် လက်ရွေးစင် ကစားသမားတွေ ဖြစ်လာမှာပါ။ အဲဒီအတွက်
အထူးဂရုစိုက် ပြင်ဆင်ရပါမယ်။ ပစ်ထားလို့ မရပါဘူး။
Voice : သုံးနှစ်ကြာ ကျင်လည်နေခဲ့တော့ မြန်မာ ဘောလုံးလောကမှာ ဘာတွေ လွဲမှားနေလဲ။ ပြုပြင်ရမှာတွေကရော။
GFD : မြန်မာနိုင်ငံမှာ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အားစိုက်ပြီး
ပြုလုပ်ရမယ်။ ကျွန်တော်တို့ ဂျာမနီမှာ လူငယ်တွေကို စောင့်ကြည့်နိုင်မယ့်
နေရာတွေ တစ်မြို့တည်းမှာ အနည်းဆုံး နှစ်ဆယ်နီးပါးလောက် ရှိပါတယ်။ နောက်ပြီး
သက်တမ်းအလိုက် အသက် ၁၄ နှစ်၊ အသက် ၁၆ နှစ်ကနေ ၂၃ နှစ်၊ လက်ရွေးစင်
အသင်းကြီးဆိုပြီး တစ်ဆင့်စီတိုင်းမှာ လက်ရွေးစင် ကစားသမားတွေ ရှိရပါမယ်။
အဲဒီလူငယ်တွေကို စောင့်ကြည့်မယ့် နည်းစနစ် ဒါရိုက်တာတွေလည်း
အများကြီးရှိဖို့ လိုတယ်။ အဲဒီ ဒါရိုက်တာတွေကနေ ချိတ်ဆက်ပြီး ထူးချွန်တဲ့
ကစားသမားတွေကို ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ လိုပါတယ်။ ဒါမှ မြန်မာ့ဘောလုံး
အဆင့်အတန်း တိုးတက်နိုင်မှာပါ။
Voice : အခုရွေးထားတဲ့ ကစားသမား စာရင်းအရ ဘယ်နေရာက အားနည်းချက် ရှိဦးမယ်ထင်လဲ။
GFD : မြန်မာနေရှင်နယ်လိဂ်မှာ အဓိက ပြဿနာက တစ်ခုပဲ။ နောက်ခံလူ၊
အတွင်းလူပေါ့။ ကလပ်တွေမှာ နောက်ခံ အတွင်းလူ (Centre Back) နေရာမှာက
နိုင်ငံခြားသားတွေ ကစားတာများတယ်။
အဲဒီလိုဆိုတော့ ဒီပြဿနာက ယူ ၂၂ အသင်း တစ်သင်းတည်းတင် မဟုတ်တော့ဘူး။ လက်ရွေးစင် အသင်းကြီးအထိပါ အားနည်းချက်တစ်ခု ဖြစ်စေခဲ့တာပဲ။
Voice : နောက်ဆုံးအနေနဲ့ မြန်မာ ဘောလုံး ပရိသတ်တွေက ပြိုင်ပွဲဆိုနိုင်မှ ကြိုက်တယ်။ အဲဒီအပေါ်မှာ ပရိသတ်ကို ဘာများပြောချင်လဲ။
GFD : မြန်မာပရိသတ်တွေဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် အားပေးကြတယ်။
နိုင်ငံတကာမှာလည်း ပြိုင်ရင် နိုင်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ မြန်မာအသင်းက
လက်ရှိအချိန်မှာ သုညကနေ ပြန်စနေရတဲ့ အချိန်ဆိုတာ မမေ့စေချင်ပါဘူး။
ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကို နားလည်ပါတယ်။ အခုအချိန်ဟာ အကောင်းဆုံး အစနဲ့
စတင်နေတာပါ။ အဲဒီအတွက် ပရိသတ်တွေ အနေနဲ့ အချိန်အတိုင်းအတာ တစ်ခုထိ
သည်းခံစေချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ယူ ၁၄၊ ယူ ၁၆ အဲဒီလို အဆင့်ဆင့်နဲ့
အချိန်ယူ ပြင်ဆင်နေရတာဖြစ်လို့ ပရိသတ်တွေကို သည်းခံစေချင်ပါတယ်။
မကြာတော့တဲ့ ကာလမှာ မြန်မာအသင်းအနေနဲ့ အောင်မြင်မှုတွေ ပြန်လည် ရရှိလာမှာပါ။
The Voice Weekly
No comments:
Post a Comment