ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူထုစုဝေးမှု မလုပ်ရဟု ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင် ထားသော်လည်း လူပေါင်း တစ်သန်းကျော် ပါဝင်မည့်
ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တနင်္ဂနွေနေ့တွင် ဆင်နွှဲရန်
ဘင်္ဂလားဒေ့ရှ် အတိုက်အခံများက စီစဉ်ထားကြောင်း Reutes သတင်းတွင်
ဖော်ပြထားသည်။
ဇန်နဝါရီ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန်
အစိုးရအဖွဲ့က စီစဉ်ထားသော်လည်း အတိုက်အခံများက လက်ခံခြင်းမရှိဘဲ
ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော်
တက်ရောက်မည့် ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများ ငြိမ်သက်မှုများ ဖြစ်ပေါ်လာလေ့
ရှိခြင်းကြောင့် ဒီမိုကရေစီရေး ချီတက် ဆန္ဒပြမှုများ မလုပ်ဆောင်ရန်
ရဲတပ်ဖွဲ့က ပိတ်ပင် ထားသော်လည်း အတိုက်အခံများက ဆန္ဒပြရန် စီစဉ်ခြင်း
ဖြစ်သည်။
ကြိုတင် ကာကွယ်သည့် အနေနှင့် အတိုက်အခံ ထောက်ခံ
အားပေးသူပေါင်း ၇၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီး
ဒါကာမြို့တော်သို့ ဦးတည် ထွက်ခွာသည့် မော်တော်ယာဉ်လိုင်း၊ ဖယ်ရီလိုင်း၊
မီးရထားလိုင်း များကိုလည်း ပိတ်ဆို့ထားကာ မြို့တော်နှင့် အခြားသော
ဒေသများကြား ဆက်သွယ်ရေးကို ဖြတ်ထောက် ထားသည်။
“မကြေညာဘဲနဲ့
တိုင်းပြည်ကြီး တစ်ခုလုံးကို ပိတ်ဆို့ထားသလို အစိုးရက လုပ်ဆောင်နေပါတယ်” ဟု
ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖတ်ရယ် အစ္စလာအလန်ဂါက
ပြောကြားသည်။
ယင်းကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ် ထားသော်လည်း
ခုခံတွန်းလှန်ကြရန်နှင့် အတိုက်အခံ ခေါင်းဆောင် ခါလီဒါဇီယာ မိန့်ခွန်း
ပြောကြားမည်ဟု ယူဆရသော ဒါကာ မြို့လယ်သို့ ရောက်အောင်သွားရန် အလန်ဂါက
တိုက်တွန်းလိုက်သည်။
သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် ဇီယာကို
ရဲတပ်ဖွဲ့ဝင်များက နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီဟု သတင်းများ
ထွက်ပေါ်လာခြင်းကြောင့် မိန့်ခွန်းပြော မပြောကို ရှင်းလင်းစွာ မသိရသေးပေ။
အစိုးရအဖွဲ့၏ ရွေးကောက်ပွဲ ကျင်းပရေး အစီအစဉ်ကို ရပ်တန့်နိုင်ရန် ဇီယာ၏
ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြပွဲများနှင့် သယ်ယူပို့ဆောင်ရေး
ပိတ်ဆို့မှုများကို ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း ဆက်တိုက်
ပြုလုပ်ခဲ့သည်။
အထည်ချုပ်စက်ရုံ မတော်တဆမှု များကြောင့်
အလုပ်သမားများ မကျေနပ်ဖြစ်ပြီး ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းကြောင့်
ဘင်္ဂလားဒေ့ရှ် စီးပွားရေးမှာ ထိခိုက်နေရကာ အတိုက်အခံများ၏ ဆန္ဒပြပွဲ
များကြောင့် စီးပွားရေး ပိုမိုဆုတ်ယုတ် သွားခဲ့သည်။
ယခင်ရွေးကောက်ပွဲ အစဉ်အလာအတိုင်း ရွေးကောက်ပွဲကို အိမ်စောင့် အစိုးရအဖွဲ့
ကြီးကြပ်မှု အောက်တွင် ကျင်းပနိုင်ရန် ဝန်ကြီးချုပ် ဟာစီနာအစိုးရအဖွဲ့
နုတ်ထွက်ပေးရန် အတိုက်အခံများက တောင်းဆို ထားသော်လည်း အစိုးရက
ငြင်းပယ်ထားသည်။
ထို့အပြင် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများ
စေလွှတ်ပေးရန် နိုင်ငံခြား တိုင်းပြည်များက ငြင်းပယ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်
ရွေးကောက်ပွဲ၏ ယုံကြည်ရမှု လျော့ကျလျက် ရှိသည်။
ရွေးကောက်ပွဲ
ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ စစ်ရာဇဝတ်မှု ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံသား ၂၇၃ ဦး ၂၀၁၃ ခုနစ်အတွင်း သေဆုံးသွားခဲ့ပြီး နိုင်ငံ လွတ်လပ်ရေး
ရပြီးသည့် ၁၉၇၁ ခုနစ် နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့်
လူသေဆုံးမှု အများဆုံး နှစ်တစ်နှစ်လည်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment