ဘဏ္ဍာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက
ပြည်တွင်းရှိ တရားမဝင် အရက်၊ ဘီယာနှင့် ဆေးလိပ် ယခုနှစ်သိမ်းဆည်း ရရှိမှုသည်
ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) ထက် လျော့နည်းကြောင်း အဆိုပါ
ဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်းရှိ အရက်၊ ဘီယာနှင့် ဆေးလိပ် လက်လီ ဖြန့်ချိနေသည့် ဆိုင်ကြီးများကို ယခုနှစ်အတွင်း နှစ်ကြိမ်စစ်ဆေးပြီး ဖြစ်ကြောင်းနှင့် ဖမ်းဆီးတွေ့ရှိမှုမှာ တစ်ကြိမ်လျှင် အလုံးရေ ၁၀၀၀ ခန့်သာ ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ်က ကျွန်တော် မရောက်သေးတဲ့အတွက် ပမာဏ ဘယ်လောက် ဆိုတာကို
မပြောနိုင်ပေမယ့် သိမ်းဆည်း ရရှိမှုတော့ မနှစ်ကထက် နည်းပါတယ်” ဟု အဆိုပါဌာန
အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
အရက်၊ ဘီယာနှင့်
ဆေးလိပ်များကို ဖမ်းဆီးရခြင်းမှာ ပြည်တွင်း အခွန်များ ဦးစီးဌာန၏
အမှတ်တံဆိပ် မကပ်ခြင်းကြောင့် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ
သတ်သတ်မှတ်မှတ် ကပ်ကာ ရောင်းချစေလိုကြောင်း ၎င်းကပြောဆိုသည်။
“နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ဆေးလိပ်တွေ ဆိုရင်တော့ ကျွန်တော်တို့က
အကောက်ခွန်ကို ပြန်အပ်ပါတယ်။ အကောက်ခွန်ကလည်း အဲဒီပစ္စည်းတွေကို
ပြန်မပေးပါဘူး။ နှစ်ကုန်လို့ရှိရင် လေလံ ပြန်လည် ရောင်းချပါတယ်” ဟု
၎င်းကဆိုသည်။
ယင်းသို့ လိုက်လံ စစ်ဆေးရာတွင် မြို့နယ်
အခွန်ဦးစီးဌာနမှူးများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊
ရဲတပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ လိုက်လံ
စစ်ဆေးခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
အရက်၊ ဘီယာနှင့် ဆေးလိပ် စစ်ဆေးမှုများကို ၂၀၀၇ ခုနှစ်မှ စတင်၍
ပြည်တွင်းအခွန်များ ဦးစီးဌာနက အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး လိုက်လံ
စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment