မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၇ ကြိမ်မြောက် SEA Games
ပြိုင်ပွဲတွင် ပါဝင်သည့် မွေ (အာဆီယံမွေ) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က
စတင်ယှဉ်ပြိုင် ခဲ့ကြရာ လက်ရှိ အချိန်တွင် စောငမန်း၊ စောမိုက်ရိုင်း၊
လှယဉ်မေနှင့် ဂရေ့စ်တို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
အမျိုးသမီး ၄၈ ကီလိုတန်းတွင် ယှဉ်ပြိုင်ရမည့် အင်ဒိုနီးရှား
ကစားသမားကို ၎င်းတို့ အားကစား ကော်မတီက ယှဉ်ပြိုင်ရန် ခွင့်မပြုသောကြောင့်
လှယဉ်မေသည် ဗီယက်နမ် ကစားသမား ThiQuynh Bui နှင့် ဗိုလ်လုရမည်ဟု
မြန်မာမွေအဖွဲ့ နည်းပြချုပ် ဦးကျော်စိုးက ပြောကြားသည်။
လှယဉ်မေနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည့် ဗီယက်နမ် ကစားသမားမှာ အရှေ့တောင်အာရှ
မွေအင်အားကြီး ထိုင်းနိုင်ငံမှ ကစားသမားကို ကွာတားဖိုင်နယ်တွင်
အစီးထိုးသတ်နိုင်ခဲ့ပြီး လာအို ကစားသမားနှင့် ယှဉ်ပြိုင်သည့်
အကြိုဗိုလ်လုပွဲတွင်လည်း လာအို ကစားသမားကို ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့်
အနိုင်ရခဲ့သူ ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိ မွေ အားကစားရုံတွင် ဒီဇင်ဘာ ၁၈
၇က်နေ့က ကျင်းပခဲ့သည့် အမျိုးသမီး ၅၁ ကီလိုတန်း အကြိုဗိုလ်လုပွဲတွင်လည်း
ဂရေ့စ်က ထိုင်းကစားသမားကို အစီးထိုးသတ်နိုင်ခဲ့ကာ ဗိုလ်လုပွဲသို့
တက်ရောက်နိုင်ခဲ့သည်။
ယင်းအားကစားရုံ၌ ဒီဇင်ဘာ ၁၇ ရက်နေ့က
ကျင်းပသည့် အမျိုးသား ၅၄ ကီလိုတန်း ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် အဆင့်တွင်
ထိုင်းကစားသမားကို အစီးထိုးသတ်ပြီး အနိုင်ရခဲ့သည့် မိုက်ရိုင်း (ခ)
စောဒါးပို့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့၌ ဆက်လက် ယှဉ်ပြိုင်ရသည့်
အကြိုဗိုလ်လုပွဲတွင် လာအို ကစားသမားကို အစီးထိုးသတ် နိုင်ခဲ့သောကြောင့်
ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသား ၄၈ ကီလိုတန်း၏
အကြိုဗိုလ်လုပွဲတွင် ကညောဖိုး (ခ) မျိုးမြင့်က ထိုင်းကစားသမားကို
အမှတ်ဖြင့် ရှုံးခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်
ဆုံးရှုံးခဲ့ပြီး တတိယနေရာ အတွက်သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေသုံးနာရီတွင် တူးတူးက လာအို ကစားသမား၊
ထွန်းထွန်းမင်းက ဗီယက်နမ် ကစားသမား၊ ဇင်မာခိုင်က ထိုင်းကစားသမားနှင့်
သူဇာဟန်က လာအို ကစားသမားတို့နှင့် အကြိုဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment