ရန်ကုန်မြို့တော်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ
လူကုန်ကူးမှု ၁၈ မှု ဖမ်းမိခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က
ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖမ်းဆီးရရှိခဲ့သော လူကုန်ကူးမှု ၉၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈ မှု ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊
အဆိုပါ ၁၈ မှုတွင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် မှတ်ပုံတင် လက်ဝယ်
မရှိသူများက အလုပ်သမားများကို ပြည်ပသို့ ပို့ဆောင်မှုများကြောင့် ဖမ်းဆီး
အရေးယူမှု အများဆုံး ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ဖမ်းမိမှု ၁၈ခုတွင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် မှတ်ပုံတင် လက်ဝယ်
မရှိသူများကို ပြည်ပအလုပ်အကိုင် ရှာဖွေရေး ပုဒ်မ ၂၆ ဖြင့် အရေးယူခံရမှု
၁၄ခု ပါဝင်ကြောင်း၊ ဖမ်းမိမှုများကို ပြန်လည် စိစစ် စစ်ဆေးချက်များအရ
လူကုန်ကူး ခံရသူများတွင် အသက် ၁၈ နှစ်မှ ၄၀ နှစ် ဝန်းကျင်ရှိသော အမျိုးသား
၃၂ ဦးနှင့် အမျိုးသမီး ၁၆ ဦး အပါအဝင် လူကုန်ကူးခံရသူ ၄၈ ဦး ရှိပြီး၊
လူကုန်ကူးမှု ကျူးလွန်သူ ၃၈ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်း
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံမှ သိရှိရသည်။
“လူကုန်ကူးတဲ့ ပွဲစားအများစုက မသိနားမလည်တဲ့ မြန်မာအမျိုးသားနဲ့
အမျိုးသမီးတွေကို လုပ်ခငွေ များများရမယ်ဆိုပြီး မက်လုံးပေး ခေါ်ယူတာများတယ်။
ပြည်ပမှာ အလုပ်မလုပ်ခင် ကိုယ့်ကို စည်းရုံးတဲ့ အလုပ်ရှာဖွေရေး အေဂျင်စီက
တရားဝင် မှတ်ပုံတင် ရှိမရှိနဲ့ ကိုယ်သွားမယ့် နိုင်ငံအတွက် လိုအပ်တဲ့
စာရွက်စာတမ်း အထောက်အထားတွေကို စိစစ်ပြီးမှ သွားရောက် လုပ်ကိုင်သင့်တယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လူကုန်ကူး ခံရသူ မြန်မာအမျိုးသမီး
အများစုမှာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစားခံရသူများ ဖြစ်ပြီး
အမျိုးသား အများစုမှာ လုပ်အားခေါင်းပုံ ဖြတ်ခံရသော ထိုင်းနိုင်ငံသို့
ပို့ဆောင်ခံရမှု များကြောင်း ဖမ်းဆီးရမိမှု စာရင်းများအရ သိရှိရသည်။
လူကုန်ကူး ပွဲစားများမှာ ရပ်ကွက်အတွင်း အလုပ်အကိုင် ရှာဖွေနေသူများ၊
ပထွေးမိထွေးများဖြင့် နေထိုင်ရသော သားသမီးများ၊ မိသားစုဝင်များသော
အိမ်ထောင်စုမှ လူငယ်လူရွယ်များ၊ မုဆိုးဖို မုဆိုးမတို့၏ သားသမီးများနှင့်
အိမ်တွင် မပျော်မွှေ့သဖြင့် ထွက်ခွာလိုသူများကို အဓိက ပစ်မှတ်ထားကာ
အလုပ်အကိုင်၊ ငွေကြေး မက်လုံးတို့ဖြင့် စည်းရုံးကာ လူကုန်ကူးမှု အများဆုံး
ပြုလုပ်ကြောင်း အဆိုပါ စာရင်းများအရ သိရှိရသည်။
အမျိုးသမီးနှင့်
ကလေးသူငယ် များကို လူကုန်ကူးပါက ထောင်ဒဏ်နှစ် ၂၀ ထိ ပြစ်ဒဏ်
ချမှတ်နိုင်ပြီး လူသုံးဦးနှင့်အထက် ဂိုဏ်းဖွဲ့ကျူးလွန်ပါက ဥပဒေပုဒ်မ ၂၈-က
အရ ပြစ်ဒဏ် နှစ်ဆတိုး ကျခံရ မည်ဖြစ်ကာ တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ် ကျခံရမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
တပ်ဖွဲ့စုမှ ရဲအရာရှိက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ
နိုဝင်ဘာလအထိ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော လူကုန်ကူးမှုပေါင်း ၉၅ တွင်
ကျူးလွန်သူ ၂၅၁ ဦးကို အရေးယူနိုင်ခဲ့ပြီး လူကုန်ကူး ခံရသူ အမျိုးသား ၈၀
ဦးနှင့် အမျိုးသမီး ၁၆၄ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အဆိုပါ
ကယ်တင်ခဲ့သူများတွင် အသက် ၁၆ နှစ်အောက် ၃၃ ဦး ပါဝင်ခဲ့ကြောင်း
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ
သိရှိရသည်။
The Voice Weekly
No comments:
Post a Comment