Pages

31.12.13

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူက လှူဒါန်းမည်

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူနိုင်ငံမှ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မေတ္တာစင်တာဥက္ကဌ ဦးဝင်းဖေက လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းတုတော်များအား ယခုခါတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်အတွင်း ထားရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင်
အနေကဇာတင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ် အနှံ့အပြားရှိ ရခိုင်တိုင်းရင်းသား ပြန်လည်ထူထောင်ရေးစခန်း (ကယ်ဆယ်ရေးစခန်း) များသို့ ပြန်လည် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်များ၏ ဥာဏ်တော်အမြင့်မှာ ၉ လက်မခခန့်ရှိပြီး မိသားစု တစ်စုလျှင် ဆင်းတုတော် တစ်ဆူစီ လှူဒါန်းမည် ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ အနေဖြင့် မီးလောင် ပျက်စီးသွားသော နေအိမ်များတွင် ဆင်းတုတော်များလည်း ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါတွင် ယာယီနေအိမ်များ ဆောက်လုပ်ပေးထားပြီး ဖြစ်သော်လည်း တချို့အိမ်များတွင် ဗုဒ္ဓဆင်းတုတော်များ ပင့်ဆောင်ဆည်းကပ်နိုင်ခြင်း မရှိသည့်အတွက် ယင်းသို့ လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဆင်းတုတော် ၁၇၀၀ တို့အား အနေကဇာ မတင်မီ သုံးရက်တိုင်တိုင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကိုလည်း လောကာနန္ဒာ စေတီတော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဆင်းတုတော်များ လှူဒါန်းခြင်းနှင့် ပဋ္ဌာန်းပွဲအတွက် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် ရှင်တစ်ထောင် ဆရာတော် (စစ်တွေ)က ကြီးမှူး၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သာသနာနုဂ္ဂဟ အသင်းမှ ကျင်းပခြင်း ဖြစ်ကြောင်းလည်း ဆရာတော်ကြီးက မိန့်ကြားခဲ့ပါသည်။ ပဋ္ဌာန်းပွဲကို ၃၀ ရက် ညနေပိုင်း၌ ကျင်းပလျက်ရှိပြီး ဆင်းတုတော် လှူဒါန်းပွဲကို ဇန်န၀ါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment