Pages

29.12.13

စီးနင်းသူနည်းပါးမှုကြောင့် တစ်လအကြာတွင် Thai Air Asia လေကြောင်းလိုင်း၏ နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးစဉ်များ ရပ်ဆိုင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာနိုင် ငံ နေပြည်တော်မြို့တော်နှစ်ခုအား တိုက်ရိုက်ပြေးဆွဲနေသည့် Thai Air Asia လေကြောင်းလိုင်းသည် စတင်ပြေးဆွဲသည့်အချိန်မှ တစ်လအကြာတွင် လိုက်ပါစီးနင်းသူ နည်းပါးမှုကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။


ဘန်ကောက်-နေပြည်တော်နေ့စဉ်ပြေးဆွဲနေသော စရိတ်နည်းလေကြောင်းလိုင်းသည် ၎င်း၏ လေကြောင်းခရီးစဉ်များအား လိုက်ပါစီးနင်းသူနည်းပါးလွန်းသောကြောင့် ဆက်လက်ပြေးဆွဲရန် မသင့်တော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး လေကြောင်းခရီးစဉ်များအား ကြာသပတေးနေ့ နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် အရှေ့တောင်အာရှအကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ကာလတွင် ထိုင်ခုံ ၁၈၀ ဆံ့သော Thai Air Asia ၏ ဂျက်လေယာဉ်များဖြင့် ထိုင်ခုံပြည့် ပြေးဆွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းကာလတွင် ထိုင်ခုံ ၁၀ ခုံပင် မပြည့်တော့ကြောင်း TAA သတင်းရင်းမြစ်က ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်မှ စတင်ပြေးဆွဲသော ခရီးစဉ်များတွင် အများအားဖြင့် စီးနင်းလိုက်ပါခဲ့သူများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လာရောက်သော ထိုင်းအားကစားသမားများ၊ နည်းပြများ၊ လိုက်ပါအားပေးသူများ၊ စာနယ်ဇင်းသမားများ အစရှိသည်တို့ဖြစ်သည်။ TAA အမှုဆောင်အရာရှိများက ပြောကြားရာ၌ အားကစားပွဲတော်အချိန်က လေကြောင်းလိုင်းကို စတင်ပြေးဆွဲပေးခြင်းဖြင့် အားကစားပွဲတော်ကြောင့် ခရီးသွားသူအများ အပြားရှိလာမည်ဟု လေကြောင်းလိုင်းအနေဖြင့် မျှော်လင့်ခဲ့သော်လည်း မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်သည် အပန်းဖြေခရီးသွားလိုသူများအတွက် အပန်းဖြေလည်ပတ်စရာ များများစားစားမရှိခြင်းကြောင့် စရိတ်နည်းလေကြောင်းလိုင်းဖြင့် လာရောက်မည့် ခရီးသွားနည်းပါးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

TAA က ဆက်လက်ပြောဆိုရာတွင် ယခုအခါ မြို့တော်နှစ်ခုကြား တိုက်ရိုက်ပျံသန်းမှု အတွက် စရိတ်နည်းလေကြောင်းလိုင်း ၀န်ဆောင်မှုရှိတော့မည်မဟုတ်ဘဲ ၀န်ဆောင်မှု အပြည့်ပါဝင်သည့် Bangkok Airways လေကြောင်းလိုင်းသာရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။

Bangkok Airways လေကြောင်းလိုင်းသည် နေပြည်တော် ဘန်ကောက်ခရီးစဉ်ကို ထိုင်ခုံ ၇၀ ဆံ့ လေယာဉ်များဖြင့် တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပေးလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment