Pages

6.1.14

ဟောင်ကောင်သို့ အိမ်အကူပို့ရေး အတိုးနှုန်းများ၍ အဆင်မပြေသေး



ဟောင်ကောင်မှ အိမ်အကူလုပ်သားခေါ်ယူရာ၌ ကျသင့်စရိတ်အပေါ်တွင် ထပ်ဆင့်တောင်းခံသည့် အတိုးနှုန်းမြင့်မားနေသဖြင့် နားလည်မှုစာချွန်လွှာ (MoU) မရေးထိုးနိုင်သေးကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်၏ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

အိမ်အကူလုပ်သားတစ်ဦးအနေဖြင့် ဟောင်ကောင်သို့သွားရောက်ရန် ပေးရမည့်ဝန်ဆောင်ခအား ခြောက်လအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ယင်းအပေါ်တွင် မူလ၀န်ဆောင်ခ၏၂၆ ဒသမ ၄ ရာခိုင်နှုန်းအထိဖြစ်သော အတိုး ၂၇၂ ဒေါ်လာ(၂၆၆,၅၆၀ ကျပ်ဝန်းကျင်) ထပ်ဆင့်ပေးရမည်ဟု ဟောင် ကောင်အေဂျင်စီဘက်မှတောင်းဆိုခြင်းအား ညှိနှိုင်းရာတွင် ၁၇၁ ဒေါ်လာ(၁၆၇,၅၈၀ ကျပ်ဝန်းကျင်) သို့ချပေးထားပေးပြီးဖြစ်သော်လည်း ဆက်လက်ညှိနှိုင်းဆဲဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမင်းလှိုင်က “အိမ်အကူတွေက လေးလခထက် မပိုသော ၀န်ဆောင်ခကိုပေးရမယ်။ စင်ကာပူကတော့ သူဌေးက အရင်ပေးပြီးတော့မှ လခထဲကဖြတ် တာပေါ့။ ဒါကို ဟောင်ကောင်က သူဌေးကမပေးဘူး finicial (ငွေကြေးဝန်ဆောင်မှု) ကုမ္ပဏီတစ်ခုက ပေးရမယ်ပေါ့။ သူကအတိုးနဲ့ပေးမှာ ၂၆ ဒသမ ၄ ရာခိုင်နှုန်းကျတယ်။ ဒါများတယ်။ ကျွန်တော်က လက် မခံနိုင်ဘူး။ ဒါကို ညွှန်ချုပ်ကြီး (ဦးမျိုးအောင်)နဲ့ ညှိနှိုင်းတိုင်ပင်ရပါဦးမယ်” ဟု မဇ္ဈိမသို့ ပြောသည်။

မြန်မာအိမ်အကူလုပ်သားများအနေဖြင့် ဟောင်ကောင်၌ လုပ်ငန်းခွင်ဝင် ရာတွင် အဆင်မပြေ၍ အခြား နေရာသို့ပြောင်းရွှေ့ပါကလည်းကောင်း လုပ်ခ၏တစ်လစာကို ဟောင်ကောင်အေဂျင်စီက ရယူမည်ဆို ခြင်းနှင့် ဆေးမအောင်၍ ပြန်လာရမည်ဆိုပါကလည်း အသွားအပြန်လေယာဉ်ကို မြန်မာအေဂျင်စီဘက် မှ ကျခံရမည်ဟုဆိုခြင်းများသည်လည်း ညှိနှိုင်း၍မပြီးပြတ်သေးသော ကိစ္စရပ်များဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုမှ မန်နေဂျာဦးမြင့်စိုး “သူတို့ဘက်တော့ တော်တော် လေးစနစ်ကျတယ်။ စင်ကာပူ ထက်တောင်ကောင်းတယ်။ သူတို့ပေးမယ့် ၀န်ဆောင်မှု၊ ကလေးတွေကို ထားမယ့်ပုံစံ၊ ကိုယ်လေ့လာချင်တဲ့ အိမ်ကိုရှောင်တခင် ၀င်ကြည့်နိုင်တယ်လို့ ပြောတယ်။ ၇ ရက်နေ့ နောက်တစ်ဖွဲ့လာဦးမယ်။ ပို့ဖြစ် မပို့ဖြစ်ဖို့တော့ မသေချာသေးဘူး” ဟု ပြောသည်။

ဟောင်ကောင်ဘက်မှ ကမ်းလှမ်းချက်အရ အိမ်အကူလုပ်သားတစ်ဦးအနေဖြင့် တစ်လလျှင် လစာ ကန်ဒေါ်လာ ၅၀၀ (၄၉၀,၀၀၀ကျပ်ဝန်းကျင်)ရရှိမည်ဖြစ်ကာ ၀န်ဆောင်ခအနေဖြင့် တစ်လလျှင် ကန်ဒေါ်လာ ၃၆၀ နှုန်းဖြင့် ခြောက်လကြာဖြတ်တောက်မည်ဖြစ်သည်ဟု ပြည်တွင်းအေဂျင်စီများကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment