ဘာသာတိုင်းရဲ့ စစ်မှန်တဲ့အနှစ်သာရတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့
သင်ရိုးညွှန်းတန်းပြုစုပြီး ဘာသာရေးကျောင်းတွေမှာ သင်ကြားပေးနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့ ဒီနေ့ကျင်းပတဲ့
ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေး
အဖွဲ့ခေါင်းဆောင် ဟာဂျီဦးအေးလွင်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်နဲ့
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)တို့ ပူးတွဲကျင်းပတဲ့
ဘာသာပေါင်းစုံဆွေးနွေးပွဲမှာ ဟာဂျီ ဦးအေးလွင်က ဆွေးနွေးပွဲရဲ့
ရည်ရွယ်ချက်ကို RFA ကိုအခုလိုပြောပါတယ်။
“ကျနော်တို့က
ဒီလိုတွေ့ဆုံပွဲတွေဟာ နားလည်သဘောပေါက်ပြီးသားလူတွေပဲ
ဆွေးနွေးပြောဆိုနေကြတာ၊ ဖြစ်သင့်တာက နားမလည်သေးတဲ့လူတွေ၊
အထင်လွဲနေသေးတဲ့လူတွေ၊ အန္တရာယ်လို့တောင် မြင်နေတဲ့လူတွေရှိနေသေးတယ်၊
အဲဒီလူတွေကို သဘောပေါက်အောင် ကျနော်တို့က ကာယကံရှင်ပြောထားသော သူ့ဘာသာတရား
အကြောင်းလေးတွေကို ကျတော်တို့က သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းဖို့
ကျနော်တို့ ဆရာတော်တွေဆီကို ချဉ်းကပ်ရမယ်၊ ဓမ္မကျောင်းတွေမှာလည်း
ဘာသာပေါင်းစုံဆိုတဲ့ ဘာသာရပ်တစ်ခုထည့်ပေးပါ၊ ကျနော်တို့ကလည်း ကျနော်တို့
ဘာသာရေးကျောင်းတွေမှာပြောမယ်၊ အဲမှာ ဒီ့ပြင်ဘာသာရေးအကြောင်းတွေ
သိအောင်လို့လည်း ဘာသာရပ်တစ်ခုထည့်ပေးပါ၊ ခရစ်ယာန် Sunday School
တွေမှာလည်းထည့်မယ်”
ဒီကနေ့ ဆွေးနွေးပွဲမှာ သီတဂူဆရာတော် ဒေါက်တာ
အရှင်ဥာဏိသရက ကမ္ဘာငြိမ်းချမ်းရေးအတွက် လူတစ်ဦးချင်းစီမှာထားရှိရမယ့်
ငြိမ်းချမ်းရေးတရားကို အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အစ္စလာမ်၊
ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကလည်း ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းမှု၊
အတူတကွ ယှဉ်တွဲနေထိုင်နိုင်မှုစတဲ့ ငြိမ်းချမ်းရေးတရားတွေကို ရှေ့ရှုကြောင်း
ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
No comments:
Post a Comment