ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်ခု ပေါင်းဆုံရာနေရာ အနီးရှိ အင်းဝမြို့ဟောင်း သည် နှစ်စဉ်ရေတိုက်စားမှုဒဏ်ကြောင့်
မြို့ဟောင်းမြောက်ဘက်မျက်နှာတွင် ကမ်းများပြိုလာလျက်ရှိပြီး ယခုအခါ
အင်းဝမြို့ရိုးအနီး ရောက်ရှိနေသောကြောင့် ရေ တိုက်စားမှုဒဏ် ကာကွယ်ရန်အတွက်
ရေလွှဲလက်တံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့
ရေလွှဲလက်တံ ငါးခုကို မြစ်အထက်အောက်ပေ ၂၅၀၀ အတွင်း အချိုးချကာ
ကမ်းခြေမှမြစ်အတွင်းသို့ ပေ ၃၀ ရှည်လျားသော ကျောက်ကာရေလွှဲများ
ပြုလုပ်မည်ဖြစ်သည်။ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၄၀၀ ၀န်းကျင်ခန့်မှန်း
သတ်မှတ်ထားပြီး အလှူရှင်တစ်ဦးမှ စိုက်ထုတ်ကာ ရေအရင်းမြစ်နှင့်
မြစ်ကြောင်းများ ထိန်းသိမ်းရေးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့်
ပြုလုပ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အင်းဝမြို့ဟောင်းတွင်
ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ၂၀၀၄ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင်
မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတော်နှင့် အခြားရှေးဟောင်းစေတီ
အဆောက်အဦပေါင်းများစွာ ရေ၀င်နစ်မြုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်
စက်တင်ဘာလတွင်လည်း ဗားကရာကျောင်းနှင့် အခြားစေတီ ပုထိုးပေါင်းများစွာ
ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရေလွှမ်းမိုးမှုဒဏ်နှင့် သဘာဝဘေးဒဏ်ကို
အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ
အဆောက်အဦများအား ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာကြောင်း သိရသည်။
“ရှေးဟောင်းအဆောက်အဦတွေ ဆိုတာက ရေ၀င်နစ်မြုပ်တာကို မပြောပါနဲ့ဦး။
Moisture ဆိုတဲ့ အစိုဓာတ်ရှိရင် နံရံဆေးရေးပန်းချီတွေ ပျက်စီးနိုင်ပါတယ်။
အစိုဓာတ်က အဆောက်အဦတစ်ခုရဲ့ ရေရှည်တည်တံ့နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။
ဥပမာ တောင်သမန်အင်းက ဦးပိန်တံတားကို ပြလို့ရတယ်။ အမြဲတမ်း
ရေရှိနေတာကြောင့် တံတားတိုင်တွေ ဆွေးမြေ့ပျက်စီးနေတာ မြင်နိုင်တယ်” ဟု
သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဆရာဝန်တင်မောင်ကြည် (မန္တလေး)က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment