Pages

7.1.14

ပြည်ပသို့ ရော်ဘာတင်ပို့မှု များနေသော်လည်းဝင်ငွေကျဆင်းနေ

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရော်ဘာတင်ပို့မှုပမာဏမြင့်တက်နေသော်လည်း ဈေး နှုန်းကျဆင်းမှုကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ၀င်ငွေကျဆင်းဖွယ်ရှိနေသည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဇန်န၀ါရီ ၆ ရက်တွင်
မဇ္ဈိမသို့ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာမက်ထရစ်တန်ချန် ၆၀,၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ကန် ဒေါ်လာ ၁၇၈သန်း (တစ်တန်လျှင် ကန်ဒေါ်လာ၂၀၀၀ကျော်) ရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြီး ခဲ့သည့် ဒီဇင်ဘာလကုန်အထိ ရော်ဘာမက်ထရစ်တန်ချိန် ၅၀,၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၂၂ သန်း(တစ်တန်လျှင် ကန်ဒေါ်လာ၁၅၀၀ခန့်)သာ ရရှိသေးသည်ဟု ယင်းကဆက်လက်ပြောသည်။

အဆိုပါ စီးပွား/ကူးသန်းအရာရှိက “အဓိကတော့ ကမ္ဘာ့ရော်ဘာဈေးကိုက ကျဆင်းနေတာကြောင့် ၀င်ငွေက မနှစ်ကထက် နည်းနေတာပါ” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အိနိ္ဒယနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံကို တင်ပို့သည့်ပမာဏမှာ အများဆုံးဖြစ်သည်ဟု စီးပွား/ကူးသန်း၏ စာရင်းများတွင် ဖော်ပြ ထားသည်။

၂၀၁၃ ခုနှစ်မှ စတင်ကာ EU နှင့် ကုန်သွယ်ရာတွင်GSP (အခွန်သက်သာခွင့်) စတင်ရရှိခဲ့ပြီးဖြစ်သော် လည်း မြန်မာနိုင်ငံတွင် RSS3 အဆင့် ရော်ဘာများကိုသာ ထုတ်လုပ်နိုင်သေးပြီးEU ဈေးကွက်မှ လက် ခံသော အဆင့်မြင့် RSS1 ရော်ဘာများကို မထုတ်လုပ်နိုင်သေးသဖြင့် ယင်းဈေးကွက်သို့ မတင်ပို့နိုင် သေးဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က မဇ္ဈိမသို့ ပြောသည်။

ယင်းက “EU ပို့ဖို့က တော်တော်ကြိုးစားရဦးမယ်။ အလှမ်းဝေးနေတုန်းပဲရှိတယ်။ အရည်အသွေးမီရုံတင် မကဘူး။ အရေအတွက်ပါ များများထုတ်နိုင်ရမယ်။ တစ်နှစ်ကို တန်ချိန်တစ်ထောင်ပို့မယ့်စာချုပ်ဆို တစ်နှစ်အတွက် အဆင့်မီရော်ဘာတန်ချိန် တစ်ထောင်ကိုပို့ရမယ်။ အဲ့ဒီမှာ အဆင့်မမီတာတို့ စာချုပ် ပါတန်ချိန်အတိုင်းမပို့နိုင်တာတို့ဆိုရင် လျော်ပေးရမှာ”ဟုပြောသည်။

EU နိုင်ငံများမှ မြန်မာ့ရော်ဘာကို ၀ယ်ယူရန် ကုန်အမှာစာများ ပေးပို့စုံစမ်းမှုများရှိနေသော်လည်း စာချုပ်ချုပ်၍ မပို့နိုင်သေးဘဲ စမ်းသပ်အဆင့်သာ တင်ပို့နိုင်သေးသည်ဟု ဦးခိုင်မြင့်က ဆက်လက်ပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment