မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားများနှင့်
ပြဿနာဖြစ်ပွားခဲ့ပြီး ပုန်းအောင်းနေရသည့် မြန်မာအလုပ်သမား ၉၈ ဦးအနက်
အလုပ်သမား ၂၁ ဦးကိုသာ မြန်မာနိုင်ငံသို့ အရင်ဆုံး ပြန်လွှတ်မည် ဖြစ်ကြောင်း
မလေးရှားနိုင်ငံရှိ အလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ဇန်န၀ါရီ ၁ ရက်တွင်
ပြောကြားသည်။
“ပိတ်မိနေတဲ့
မြန်မာအလုပ်သမား ၉၈ ဦးထဲမှာ ၂၁ ဦးကို အရင်ဆုံး ပြန်လွှတ်မယ်။ အခုလေယာဉ်
လတ်မှတ်ကိစ္စတွေ စီစဉ်နေတယ်။ စာချုပ်ကိစ္စတွေ၊ လေယာဉ်လက်မှတ် ကိစ္စတွေ
မပြီးပြတ်သေးတဲ့အတွက် လောလောဆယ်မှာ ဘယ်နေ့ပြန်ဖြစ်မယ်ဆိုတာ မသိသေးဘူး။
ပြန်ဖို့လေယာဉ်လက်မှတ် ၀ယ်ရာမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ဖြစ်ဖို့
များနေတယ်။ အချို့အလုပ်သမားတွေ မစုမိတဲ့ လူတွေရှိလို့ ပိုက်ဆံမလောက်ရင်တော့
အေဂျင်စီက စိုက်ပေးပါလိမ့်မယ်” ဟု ဦးစိုးဝင်းက ဆိုသည်။
အလုပ်သမား ၉၈ ဦးအနက် အလုပ်သမား ၈ ဦးမှာ မြန်မာနိုင်ငံသို့ မပြန်ဘဲ ဆက်လက်
လုပ်ကိုင်မည် ဆိုသောကြောင့် ယင်းအလုပ်သမားများအား မြန်မာအလုပ်သမား
အများစုရှိရာ အခြားဆိုဒ် တစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လွှတ်မည့် ပထမဦးဆုံး အသုတ်တွင် ပါဝင်သည့် အလုပ်သမား
တစ်ဦးဖြစ်သူ ကိုကိုအောင်ကလည်း “ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီမှာ ပိတ်မိနေတဲ့
ဂိုဒေါင်ထဲကနေ မြို့ထဲက အိမ်တစ်အိမ်ကို ပြောင်းခဲ့ရတယ်။ မြန်မာအေးဂျင့်
တစ်ယောက်ရဲ့ ရုံးခန်းလို့ပြောတယ်။ ကျွန်တော်တို့အားလုံး ၂၁ ယောက်ပါ။
ဦးစိုးဝင်းတို့၊ အေးဂျင့်၊ သူဌေးတို့က လာကြည့်ပြီး ပြောင်းပေးသွားတာ။
နာမည်စာရင်းနဲ့ လာပြီး ဒီလူဒီလူတွေ ပါတယ်ဆိုပြီး ခေါ်ထုတ်သွားတယ်။
အခုပါလာတဲ့ ၂၁ ယောက်လုံးက ခေါင်းဆောင်ပိုင်းထဲက လူတွေပါ။ ကျန်ခဲ့တဲ့
သူတွေကို မလွှဲသာလို့သာ ထားခဲ့ရတာ။ မထားခဲ့ချင်ဘူး။ အကုန်လုံး
အားငယ်ပြီးကျန်ခဲ့တာ။ အားလုံးပြန်ချင် နေကြတယ်” ဟုဆိုသည်။
“ဘယ်နေ့
ပြန်မယ်ဆိုတာ သေချာမသိသေးဘူး။ လေယာဉ်လက်မှတ် အခက်အခဲ၊
စာချုပ်ကိစ္စတွေကြောင့် ဒီလိုခွဲပြီး ပို့တာလို့လည်း ပြောတယ်။ လေယာဉ်လက်မှတ်
ကိုယ့်ဘာသာကို ၀ယ်ရမယ် ဆိုတာတော့ သဘာဝမကျဘူး။ အကူအညီလိုချင်လို့
လှမ်းတောင်းတာလေ။ ဒါလေးတောင် အဆင်ပြေအောင် လုပ်မပေးနိုင်ဘူး။ အနေကြာတဲ့
လူတွေက စုထားတဲ့ငွေရှိလို့ အခက်အခဲမရှိဘူး ဆိုပေမယ့် တစ်လတောင်
မကြာသေးတဲ့သူတွေ ဘယ်လိုလုပ်ရမယ် မသိဘူး။ စာချုပ်ကိစ္စကလည်း
ဘာမှရှင်းရှင်းလင်းလင်း မသိဘူး။ စာချုပ်လျော်ရမယ်ဆိုလည်း မလျော်နိုင်ဘူး”
ဟု ၎င်းကဆက်လက် ပြောကြားသည်။
မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်တွင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား နှစ်ဦးနှင့် အင်ဒိုနီးရှား
အလုပ်သမားတို့ ၂၀၁၃ ဒီဇင်ဘာ ၂၃ ရက်တွင် ပြဿနာစဖြစ်ရာမှ အင်ဒိုနီးရှား
အလုပ်သမားများမှ လက်နက်မျိုးစုံဖြင့် ရန်ပြုရန် ကြိုးပမ်းခဲ့သည့်အတွက်
မြန်မာအလုပ်သမား ၉၇ ဦး မှာ သင်္ဘောကျင်းအနီးရှိ ဂိုဒေါင်တစ်ခုတွင်
ပုန်းအောင်းနေရကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment