ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန်
မီးသတ်ရေစက်မ ရှိသောကြောင့် ဖြစ်ကြောင်း ဒေသ ခံများက ပြောကြားခဲ့ကြပြီး
မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု
ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။
ဒီဇင်ဘာ ၃၀ ရက် နံနက် ၂
နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး၊ မီးငြှိမ်းသတ်ရန်အတွက်
မီးသတ်ရေစုပ်စက်များ မရှိသောကြောင့် နံနက် ၆ နာရီကျော်သည်အထိ
အချိန်လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှု အားကောင်းခဲ့ပြီး အနီးရှိ
ဘီတွတ်ကျေးရွာ ကြာကန်ကျေးရွာ၊ လပွတ္တာမြို့များရှိ မီးသတ်ရဲဘော်များ
လာရောက်အားဖြည့် ကူညီငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံများကဆိုသည်။
“ကျွန်တော်တို့ရွာမှာ မီးသတ်ရေစက်က သုံးလုံးရှိတယ်၊ နှစ်လုံးကမကောင်းဘူး၊
ကောင်းတဲ့တစ်လုံးက ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်ထဲမှာ ဆောင်းစပါးရေတင်ဖို့
ယူသုံးထားတယ်လို့ပြောတယ်။ မီးလောင်တော့ ရေပက်ဖို့စက်မရှိဘူး၊ သူဌေးတွေဆီ
မှာရှိတဲ့ ရေစက်တွေကလည်း မြစ်ရေကျချိန် ဆိုတော့ အဆင်မပြေဘူး။ တကယ်လို့
မီးစလောင်ကတည်းက ရေအားကောင်းကောင်းနဲ့ ဖျန်းနိုင်မယ်ဆို အခုလိုမကုန်ပါဘူး။
အခုတော့ မီးတားဖို့ အိမ်တွေကိုလိုက်ဖျက် ကမ်းနားဆိုင်တွေက
လောင်စာဆီပီပါတွေကို မြစ်ထဲ ကန်ချတာလောက်ပဲ လုပ်လို့ရတော့တယ်၊ မတတ်နိုင်ဘူး
ကံပေါ့” ဟု ကိုယ်တိုင်မီး ၀င်ငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးပျက်စီးမှုတန်ဖိုးကို သက်ဆိုင်ရာက
ကျပ် သိန်း ၅၅၀ ဟု ပြောကြားခဲ့သော်လည်း တကယ်ဆုံးရှုံးနစ်နာခဲ့သည်မှာ
ကျပ်သိန်းပေါင်းများစွာရှိကြောင်း ဒေသခံများက တွက်ချက်ပြောကြားသည်။
“ဆိုင်ခန်းနဲ့ လူနေအိမ်ပေါင်း ၂၅၃ လုံး ပျက်စီးတာ၊ ဆိုင်ခန်းတွေချည်း
တစ်ရာကျော်ပါတယ်၊ အိမ်ဆိုင်ကြီးတွေကလည်း မနည်းဘူး၊ ဆိုင်ခန်းတစ်ခန်းကို
ကာလပေါက်ဈေး သိန်းတစ်ရာ့ငါးဆယ်ရှိတယ်။ ဆိုင်ခန်းမှာ ရင်းနှီးထားတဲ့
ကုန်စည်က တစ်ဆိုင်ကို အနည်းဆုံး နှစ်ရာကနေ သိန်းတစ်ထောင်ကျော်ထိ ရှိတယ်၊
ကျွန်တော့်ဆိုင်ဆို လျှပ်စစ်ပစ္စည်းဆိုင် ဒါတောင်ရင်းထားတာ
သိန်းနှစ်ရာကျော်တယ်။ ဘာတစ်ခုမှပြန်မရဘူး။ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲရတယ်၊
အားလုံးပေါင်းဆို သိန်းသုံးသောင်းကျော်လောက်ဆုံးရှုံးသွားတာပါ” ဟု
ကန်ဘဲ့ကျေးရွာနေ မီးဘေးသင့်ခဲ့သူ ကိုအောင်အောင်က ပြောကြားခဲ့ကြောင်း
သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျေး ရွာရှိ
နေအိမ်ဆိုင်ခန်းပေါင်း ၂၃၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ နေအိမ် ၅၀
ကျော်မှာ မီးကူးမည်ဆိုးသဖြင့် ဖြိုချပစ်ခဲ့ရကြောင်း၊ လူဦးရေ ၁၁၈၂ ဦး
မီးဘေးသင့်ခဲ့ပြီး ကျေးရွာတစ်ခု လုံးနီးပါး မီးဘေးသင့်မှုကြောင့် ကျေးရွာရှိ
အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းကိုပါ ခေတ္တပိတ်ထားရကြောင်း
သတင်းရရှိသည်။
Eleven Media Group
ကန်ဘဲ့ကျေးရွာ မီးလောင်ကျွမ်းပြီးနောက် ဒီဇင်ဘာ ၃၁ ရက်က
တွေ့ရစဉ်(ပုံကြီး)၊ မီးဘေးသင့်သူများအား ထမင်းထုပ်များ ဝေပေးနေစဉ်
(ပုံသေး)(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
No comments:
Post a Comment