ရေးသားသူ- အေးသူစံ
အာဆီယံဥက္ကဋ္ဌ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့်
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး တစ်ထောင်နီးပါးသို့
တက်ရောက်ကြမည့် ဧည့်သည်ပေါင်း နှစ်သောင်း ခွဲကျော်အတွက် မြန်မာနိုင်ငံက အခြေခံပြင်ဆင်မှုအားလုံး ပြည့်စုံသွားပြီဖြစ်ကြောင်း အာဆီယံရေးရာတာဝန်ရှိသူများကပြောကြားသည်။
မြန်မာတွင်ကျင်းပမည့် အစည်းအဝေးများတွင် နည်းပညာပိုင်းဆိုင်ရာ
အကူအညီများဖြစ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ဂျပန်အစိုးရနှင့်
JICA က အများဆုံးကူညီထားပြီး အစည်းအဝေးများ လစ်ဟာချက်မရှိ အောင်မြင်စေရန်
အထောက်အကူပြုသင်တန်းများကို သြစတြေးလျ၊ စင်ကာပူ၊ မလေးရှားတို့က
ကူညီပေးခဲ့သည်။
ကြိုတင်အသိပေးမှုမရှိဘဲ မကြာခဏ
လျှပ်စစ်မီးပြတ်တတ်ခြင်း၊ အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊
အဓိကအစည်းအဝေးများကျင်းပမည့် နေပြည်တော်သို့ နိုင်ငံတကာမှ
တိုက်ရိုက်လေကြောင်းလိုင်းများ ဆင်းသက်နိုင်မှုမရှိသေးခြင်း၊
တည်းခိုနေထိုင်စရာ ဟိုတယ်ခန်းများ အလုံအလောက်မရှိခြင်း
စသည့်အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် မြန်မာတွင်ကျင်းပမည့်
အစည်းအဝေးများကို နိုင်ငံတကာကသံသယရှိသည်။
ဆီးဂိမ်းမတိုင်မီက
ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အခြေခံအဆောက်အအုံ
မပြည့်စုံမှုတို့ကြောင့် ပြည်ပနိုင်ငံသားများ၏ ကန့်ကွက်ခြင်းအချို့ကို
ခံခဲ့ရသည်။
သို့သော် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်
ဆီးဂိမ်းအားကစားပွဲအပြီးတွင် မြန်မာအပေါ် စိုးရိမ်မှုများလျော့ကျသွားခဲ့သလို
မြန်မာဘက်ကလည်း အချိန်မီပြီးစီးရန် လိုနေသေးသည့် ဟိုတယ် ၇၇ လုံးနှင့်
ဧည့်ဂေဟာ အလုံး ၂၀ ကို ဇန်န၀ါရီပထမပတ်တွင်ပင် ပြီးစီးအောင်
ဆောက်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ထိပ်သီးအစည်းအဝေးကြီးနှစ်ခုအတွက်
အဓိကကျသည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနကြီး (MICC-2)ကို
ဖွင့်လှစ်လိုက်သည်။
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာသည်
ပေ ၁၀၀၀ x ၄၀၀ ကျော် ကျယ်ဝန်းသော သုံးထပ်အဆောက်အအုံဖြစ်သည်။
ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်မည့်
ခန်းမကြီးခုနစ်ခုနှင့် အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊
လုံခြုံရေးကင်မရာအလုံး၂၀၀ တပ်ဆင်ထားပြီး နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပမည့်
ခန်းမငယ်နှင့် နိုင်ငံအလိုက် ရုံးခန်းပေါင်း ၂၀ ပါဝင်တည်ဆောက်ထားသည်။
မြန်မာဗိသုကာပညာရှင်များက အစအဆုံး ဒီဇိုင်းထုတ်တည်ဆောက်ထားပြီး
အသံလုံစနစ်နှင့် အခန်းနံရံဒီဇိုင်းများကို စင်ကာပူ၊ မလေးရှား
စသည့်အာဆီယံနိုင်ငံများမှ ကျွမ်းကျင်အင်ဂျင်နီယာများ၏အကူအညီကိုသာယူခဲ့သည်။
ရဟတ်ယာဉ်ဆင်းသက်မည်ကွင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပြီး
တက်ရောက်လာသည့်ဧည့်သည်များ ဘာသာရေးအလိုက် ၀တ်ပြုခန်းများကိုပါ
ထည့်သွင်းစီစဉ်ပေးထားသည်။
“MICC မှာ ဘာသာရေးအရ
ဘုရားရှိခိုးဝတ်ပြုခန်းတွေ၊ ဥပမာ အစ္စလာမ်ဘာသာဝင်တွေအတွက်ဆို
သူတို့ဘာသာရေးအရ ခြေထောက်ဆေးဖို့ကအစ အားလုံးအသေးစိတ်ပြင်ဆင်ထားတယ်။ ဒါ MICC
တစ်ခုတည်းမှာ မဟုတ်ဘူး၊ အာဆီယံအစည်းအဝေးကျင်းပမယ့် နေရာတိုင်းမှာ
ပြင်ဆင်ထားပေးထားတာပါ”ဟု အာဆီယံရေးရာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ဦးအောင်လင်းကပြောကြားသည်။
ပြီးခဲ့သည့်ဆီးဂိမ်းနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဝေဖန်မှုများ
ထွက်ပေါ်ခဲ့သော သယ်ယူပို့ဆောင်ရေးကိစ္စ အဆင်ပြေစေရန် အထူးလေယာဉ်လိုင်းများကို
အစည်းအဝေးရက်အတွင်း ပြေးဆွဲမည်ဟု မြန်မာနိုင်ငံဆိုင်ရာ
အာဆီယံပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။
“သယ်ယူပို့ဆောင်ရေးကော်မတီက ဒုဝန်ကြီးဦးဇင်ယော်တို့အဖွဲ့က နေပြည်တော်မှာ
သွားလာမှုအဆင်ပြေစေဖို့ လွှတ်တော်ဘတ်ဂျက်နဲ့ ၀ယ်ထားတဲ့ကားတွေနဲ့
ဆီးဂိမ်းတုန်းက သုံးထားတဲ့ကားတွေအားလုံး ပြင်ဆင်ထားတယ်။ နေပြည်တော်ကို
တိုက်ရိုက်မလာဘဲ ရန်ကုန်ကနေလာမယ့် ပြည်ပဧည့်သည်တွေလည်း အဆင်ပြေရအောင် MAI က
Special Flight တွေ စီစဉ်ထားတယ်။ ခေါင်းဆောင်အများစုကတော့
ကိုယ်ပိုင်လေယာဉ်နဲ့လာမှာမို့ တစ်ဆင့်ခံလာတာနည်းပါလိမ့်မယ်”ဟု ၎င်းကပြောသည်။
ပြီးစီးသွားသည့် နိုင်ငံတော်ဧည့်ဂေဟာ အလုံး ၂၀ တွင်
နိုင်ငံခေါင်းဆောင်အကြီးအကဲများနှင့် ရာထူးကြီးသူများကို
နေရာချထားမည်ဖြစ်ပြီး စုစုပေါင်း လူ ၃၀၀၀ ကျော် တည်းခိုနိုင်သည်။
နေပြည်တော်ဟိုတယ်ဇုန်နှစ်ခုရှိ ဟိုတယ်ပေါင်း ၇၇ လုံးတွင် ဟိုတယ်ခန်းပေါင်း
၄၀၀၀ ကျော်ကို အသင့်ပြင်ပြီးဖြစ်ပြီး အခြားကိုယ်စားလှယ်များနှင့်
နိုင်ငံတကာဧည့်သည်များ တည်းခိုနေထိုင်နိုင်မည်ဖြစ်သည်။
“ထိပ်သီးအစည်းအဝေးတွေက လူနှစ်သောင်းခွဲကျော်လောက် တက်မှာဖြစ်ပေမယ့်
ပြည်တွင်းက ဌာနဆိုင်ရာကပဲ ငါးထောင်လောက်ပါမှာဆိုတော့ ဒီလူအရေအတွက်က
နေပြည်တော်မှာ ကောင်းကောင်းလုံလောက်ပါတယ်။ ဒါပေမဲ့
ထပ်တော့အသေးစိတ်ညှိနှိုင်းရဦးမှာပဲ။ ထပ်ဆောက်ဖို့တော့
လိုကောင်းလိုပါဦးမယ်”ဟု ဦးအောင်လင်းကဆိုသည်။
မြန်မာသည် ၂၀၁၄
တစ်နှစ်လုံးတွင် အာဆီယံထိပ်သီးအစည်းအဝေးနှစ်ခု၊
နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ်၊
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၊ စီးပွားရေးဝန်ကြီးများအစည်းအဝေး၊
ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ၊
အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အစည်းအဝေး
စသည့်အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်ရော အစည်းအဝေးဥက္ကဋ္ဌအဖြစ်ပါ
ကျင်းပရမည်ဖြစ်သည်။
အစည်းအဝေးများ အဆင်ပြေစေရန်အတွက်
နိုင်ငံခေါင်းဆောင်များကို တည်းခိုစားသောက်နေထိုင်သွားလာရေး၊
မိမိတွေ့ဆုံလိုသည့် ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းတွေ့ဆုံရေး
စသည့်အသေးစိတ်ဝေယျာဝစ္စများကို ကူညီပေးရန် ၀န်ကြီးဌာန ၃၆ ခုမှ
ဆက်ဆံရေးအရာရှိ ၃၅၀ ကိုလည်း အသင့်ပြင်ဆင်ပြီးဖြစ်သည်ဟု သိရသည်။
“နေပြည်တော်တစ်ဝိုက်က စားသောက်ဆိုင်တွေ၊ ဘုရားတွေ၊ လည်ပတ်စရာနေရာတွေကို
သေချာလေ့လာထားတယ်။ ခေါင်းဆောင်တွေမေးရင် မသိတာမရှိအောင်လို့။
ဥပမာ-ရာသီဥတုကမကောင်းလို့ မိုးရွာနိုင်တယ်ဆိုတာကအစ ကိုယ်က
အသေးစိတ်ဂရုတစိုက်နဲ့ သူတို့ကိုပြောပေးရမယ်”ဟု ဆက်ဆံရေးအရာရှိတစ်ဦးဖြစ်သူ
မရွှေလ၀ါကပြောကြားသည်။
အာဆီယံဆက်စပ်အစည်းအဝေးများကို
နေပြည်တော်အပြင် ပုဂံ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွင်
ကျင်းပမည်ဖြစ်ရာ ယင်းမြို့များတွင်လည်း အခြေခံလိုအပ်ချက်များအားလုံး
ပြီးစီးလုနီးပါးဖြစ်နေကြောင်း ဦးအောင်လင်းကပြောသည်။
ပထမဆုံးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို
ပုဂံမြို့တွင် ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး
ဘရူနိုင်းတွင် ကျင်းပထားသည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်
ပြောကြားထားသည့် ဦးစားပေးအစီအစဉ်ကိုးချက်ကို အကောင်အထည်ဖော်မည့်
အခြေအနေများကို ၀န်ကြီးများက ညှိနှိုင်းကြရမည်ဖြစ်သည်။
ယင်းညှိနှိုင်းချက်များသည် မြန်မာက မေလ ၁၀ ရက်တွင် ကျင်းပမည့်
ထိပ်သီးအစည်းအဝေးကြီးတွင် အာဆီယံခေါင်းဆောင်များ ဆွေးနွေးရမည့်
အခြေခံလိုအပ်ချက်များ ဖြစ်လာမည်ဖြစ်ကြောင်း ဦးရဲထွဋ်ကပြောကြားသည်။
(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (ဘရူနိုင်း)တွင် သမ္မတဦးသိန်းစိန် ပြောကြားထားသည့် ဦးစားပေးလုပ်ငန်း(၉)ချက်
၁။ ၂၀၁၅ ခုနှစ်လွန် ကုလသမဂ္ဂဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီရေး။
၂။ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး။
၃။ ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရေး။
၎။ ဒေသတွင်းနိုင်ငံများကြားသာမက မိတ်ဖက်နိုင်ငံများနှင့် ပေါင်းစည်းဆက်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရေး။
၅။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုမြှင့်တင်ရေး။
၆။ သက်ကြီးလူထုကိစ္စဖြေရှင်းရေး။
၇။ ပဋိပက္ခနှင့် သဘာဝဘေးတုံ့ပြန်နိုင်ရေး စွမ်းရည်မြှင့်တင်ရေး။
၈။ ဆွေးနွေးဖက်များနှင့် ဆက်ဆံမှုမြှင့်တင်ရေး။
၉။ လက်တွေ့ကျသော ၂၀၁၅ နှစ်လွန်မျှော်မှန်းချက်ချမှတ်နိုင်ရေး။
ဓာတ်ပုံ- m.president-office.gov.mm
7Day News Journal
No comments:
Post a Comment