အာဆင်နယ်က အေဂျက်စ်အမ်စတာဒမ် အသင်းမှ နယ်သာလန် လက်ရွေးစင် ခံစစ်သမား အေနွတ်ခ်ဟူဂန်ဒစ်ခ် ကို ခေါ်ယူနိုင်ခဲ့ပြီဟု ကြေညာသည်
အာဆင်နယ် အသင်းသည် ပရိသတ် အသက်ရှူမှားလောက်စရာ ကစားသမားသစ်
တစ်ဦးကို အခိုင်အမာ စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ယင်းမှာ
မန်နေဂျာ အာစင်ဝင်းဂါး ကိုင်တွယ်နေသည့် အမျိုးသား အသင်းအတွက် မဟုတ်ဘဲ
အောင်မြင်မှုများစွာ ရရှိထားသည့် အာဆင်နယ် အမျိုးသမီး အသင်းအတွက်သာ ဖြစ်သည်။
အာဆင်နယ် က အေဂျက်စ်အမ်စတာဒမ် အသင်းမှ နယ်သာလန် လက်ရွေးစင် ခံစစ်သမား
အေနွတ်ခ်ဟူဂန်ဒစ်ခ် ကို ခေါ်ယူနိုင်ခဲ့ပြီဟု ကြေညာသည်။ ဟူဂန်ဒစ်ခ်သည်
ဘောလုံးစွမ်းရည်ကောင်းများကြောင့်သာ မကဘဲ ဆွဲဆောင်မှု ပြည့်ဝသည့်
မိန်းမချောလေး တစ်ဦးအဖြစ်နှင့်ပါ ပရိသတ် အားပေးမှုကို ရရှိနေသူ ဖြစ်သည်။
အသက်(၂၈)နှစ်ရှိ ဟူဂန်ဒစ်ခ်သည် သူမ၏ နိုင်ငံအတွက် (၉၄)ပွဲထိ ကစားပေးထားသူ
ဖြစ်သည်။ အာဆင်နယ်သည် ဟူဂန်ဒစ်ခ် မတိုင်မီက ခံစစ်သမားများအဖြစ်
ကေဆီစတိုနီနှင့် ဆီယော့ဘ်ဟန်ချမ်ဘာလိန်တို့ကိုလည်း ခေါ်ယူထားခဲ့သည်။
အာဆင်နယ် အမျိုးသမီး အသင်း၏ အထွေထွေ မန်နေဂျာ ဗစ်အက်ကားစ်က "သူ့ကို
အရခေါ်နိုင်ခဲ့တဲ့အတွက် သိပ်ကို ကျေနပ်ပါတယ်။ ဟူဂန်ဒစ်ခ်က
ထိပ်တန်းအရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ခံစစ်မှူး တစ်ယောက်ပါ။ သူ့ကြောင့်
အာဆင်နယ်ရဲ့ ခံစစ်ဟာ ပိုပြီး တောင့်တင်းလာပါလိမ့်မယ်"ဟု မှတ်ချက်ပြုခဲ့သည်။
ဟူဂန်ဒစ်ခ် ကိုယ်တိုင်ကလည်း "ကျွန်မ အနေနဲ့ ဘရစ္စတိုလ်နဲ့အတူ အင်္ဂလန်
စူပါလိဂ်မှာ ကစားခဲ့ဖူးပြီး နောက်တစ်ခါ အင်္ဂလန်ကို ပြန်လာရလို့ ပျော်ပါတယ်။
အာဆင်နယ် အမျိုးသမီး အသင်းမှာ ကစားဖို့ အခွင့်အရေး ရလာလို့လည်း
ဂုဏ်ယူမိတယ်။ ခုဆိုရင် ကျွန်မရဲ့ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံဖို့
မျှော်လင့်နေမိပါပြီ။ ပြီးတော့ (၂၀၁၄)ခုနှစ် ရာသီသစ်အတွက်လည်း
ကြိုတင်ပြင်ဆင်ချင်နေပြီ"ဟု ပြောဆိုသွားသည်။
Planet Myanmar Network
No comments:
Post a Comment