တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့်
ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေးအတွက်
ယင်းကျေးရွာ တစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀
ဝန်းကျင်ခန့်က ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ တစ်နာရီ အချိန်က ဆန္ဒထုတ်ဖော်
ကန့်ကွက်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
အဆိုပါ
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ဒေသခံ ပြည်သူများအား
ရှင်းရှင်းလင်းလင်း ချမပြခြင်း၊ မည်သည့် နိုင်ငံ၏ နည်းပညာဖြင့်
လုပ်သည်ဖြစ်စေ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို လုံးဝ
လက်မခံနိုင်ခြင်းကြောင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ
ပဂျီရှောင်ရပ်ရှိ ဘောလုံးကွင်းတွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲကို
ဦးဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဦးဘိုဝင်းမောင်က ပြောကြားသည်။
ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို ရိုးသားစွာ အသက်မွေး
လုပ်ကိုင်နေကြသူများ ဖြစ်ပြီး စက်ရုံမှ ထွက်ရှိလာမည့် မီးခိုး၊ ပြာ၊
စွန့်ပစ်ပစ္စည်း များကြောင့် ယင်းလုပ်ငန်းများကို များစွာ ထိခိုက်နိုင်သည်ဟု
ဦးဆောင်ဆန္ဒပြသူ နောက်တစ်ဦး ဖြစ်သည့် ဦးစိုးချစ်က ပြောပြသည်။
“လော့လော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုံးဝအလိုမရှိ”၊
“သဘာဝဓာတ်ငွေ့ စက်ရုံ ရရှိရေး”၊ “ပြည်သူ သဘောမတူသည့် စီမံကိန်း အလိုမရှိ”
စသည့် ဆိုင်းဘုတ်များအပြင် “သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်တဲ့ သူဟာ
တိုင်းပြည်ကို ပျက်စီးအောင် လုပ်တဲ့သူ ဖြစ်တယ်” ဟူသည့် သမ္မတဦးသိန်းစိန်၏
မိန့်ခွန်းပါ ဗီနိုင်း ပိုစတာကြီးများ စသည်တို့ကို ကိုင်ဆောင်ပြီး
ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြသူများထံမှ သိရသည်။
“ဒီမိုကရေစီခေတ်မှာ
ဒီမိုကရေစီ နည်းလမ်းအရ ဆန္ဒထုတ်ဖော်တာ ဖြစ်လို့ ဘာမှ မှတ်ချက်ပေးစရာ
မရှိပါဘူး” ဟု လော့လော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရန် လူအင်အား
ခုနစ်ရာအတွက် စာတင်ထားသော်လည်း လူဦးရေ နှစ်ရာသာ ခွင့်ပြုချက်
ပေးခဲ့ကြောင်း၊ သမုတ်ကျေးရွာ အုပ်စုတွင် ကျေးရွာ ၅ ရွာ ရှိပြီး
ယင်းကျေးရွာများမှ ဒေသခံများက ဆန္ဒပြရန် ပါဝင်လိုသော်လည်း သမုတ်ကျေးရွာ
တစ်ရွာတည်းကိုသာ ခွင့်ပြုချက်ပေးခဲ့ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
လော့လော့ ကျေးရွာရှိ ၅၀ မဂ္ဂါဝပ် ကျောက်မီးသွေး စက်ရုံကို သန်းဖြိုးသူ
ကုမ္ပဏီက တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက်
သဲဖို့ခြင်း လုပ်ငန်းကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၅
နှစ်လယ်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း အထက်ပါ
တာဝန်ရှိသူက ပြောကြားသည်။
သန်းဖြိုးသူ ကုမ္ပဏီသည် ကော့သောင်း
မြို့တွင်လည်း ၈ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပြီး စက်ရုံအနီးရှိ နေထိုင်သည့်
ဒေသခံများ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရလျက် ရှိသည်။
သမုတ်ကျေးရွာတွင် အိမ်ခြေ ရှစ်ရာကျော်၊ လူဦးရေ လေးထောင်ကျော်ခန့် ရှိသည်။
တနင်္သာရီတိုင်း ကဲ့သို့သော စိုစွတ်သော ဒေသတွင် ကျောက်မီးသွေး စက်ရုံ
ဆောက်ခြင်းဖြင့် ယင်းမှ ထွက်ရှိသော အညစ်အကြေးများ ရေတွင်ပျော်ဝင်ပြီး
မြေထု၊ ရေထုပျက်စီးကာ အက်စစ်မိုးများ ရွာသွန်းလာနိုင်ကြောင်း ဒေသတွင်း
ကျောက်မီးသွေး စက်ရုံ၏ ဆိုးကျိုးများကို လှည့်လည် ဟောပြောနေသော မြိတ်ခရိုင်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။
စက်ရုံနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ
ထိခိုက်နိုင်ခြေ စစ်တမ်းကို အစိုးရ မဟုတ်သော အဖွဲ့တစ်ခုက ကောက်ယူပြီးဟု
ပြောဆိုနေသော်လည်း ယခုအချိန်ထိ ပြည်သူလူထုထံ တင်ပြခြင်း မရှိသေးကြောင်း
ဦးအောင်နိုင်ဦးက ဆိုသည်။
တနင်္သာရီ ကမ်းလွန်မှ ထွက်ရှိသော သဘာဝ
ဓာတ်ငွေ့များကို အခြားဒေသများသို့ ရောင်းချနေသော်လည်း ဒေသအတွင်း
လျှပ်စစ်မီး လုံးဝမရရှိကြောင်း ၎င်းကပြောကြားသည်။
“အဲဒါအပြင်ကို
ဒီမှာကျောက်မီး သွေးစက်ရုံ လာဆောက်သေးတယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူး။
ဂက်စ်ရောင်းထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းလဲ မသိဘူး” ဟု
ဦးအောင်နိုင်ဦးက ဆိုသည်။
ကော့သောင်းတွင် ကျောက်မီးသွေးသုံး
ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက တစ်ယူနစ်ကျပ် နှစ်ရာဖြင့် ရောင်းချမည်ဟု
သတိပြုခဲ့သော်လည်း အမှန်တကယ် ရောင်းချချိန်တွင် တစ်ယူနစ်ကျပ် ၃၇၀ ဖြင့်
ရောင်းချခဲ့သည်။
မြိတ် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီးချိန်တွင်
တစ်ယူနစ်ကျပ် ၂၀၀ ဖြင့် ပေးမည်ဟု ပြောဆိုသော်လည်း ဒေသခံများက ယုံကြည်မှု
မရှိတော့ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
ကော့သောင်း ကျောက်မီးသွေး စက်ရုံကိုလည်း သန်းဖြိုးသူ ကုမ္ပဏီကပင် တည်ဆောက်ခဲ့သည်။
တနင်္သာရီတိုင်း အတွင်းရှိ အဓိက မြို့များဖြစ်သော ထားဝယ်၊ မြိတ်နှင့်
ကော့သောင်းမြို့များတွင် လျှပ်စစ်တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ အကြား ပေးဆောင်
အသုံးပြုနေရသည်။
(Dawei Watch)
The Voice Weekly
No comments:
Post a Comment