မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီး
ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပွားနေသော နိုင်ငံရေး အကျဉ်းသားဟောင်း များကို
အခမဲ့ ဆေးကုသခွင့် ရရှိရန်အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက
ကူညီမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က
ပြောကြားသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ
စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက
နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် အကျဉ်းသားများကို ထောက်ပံ့ငွေ
ပေးအပ်ပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး
အကျဉ်းသားဟောင်းများ အနေနှင့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက
ပြုလုပ်ပေးသော နိုင်ငံရေး အကျဉ်းသားဟောင်းအဖြစ် အသိအမှတ် ပြုကြောင်း
ထောက်ခံချက်ဖြင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green
Cross ပုဂ္ဂလိက ဆေးရုံတွင် သွားရောက် ဆေးကုသမှု ခံယူနိုင်ကြောင်း အဆိုပါ
ဖောင်ဒေးရှင်းထံမှ သိရှိရသည်။
“လက်ရှိ အချိန်အထိတော့ နိုင်ငံရေး
အကျဉ်းသားဟောင်း ၃၀၀ ကျော်ကို အခမဲ့ ကျန်းမာရေး ထောက်ပံ့မှု
ပေးနိုင်ခဲ့ပါတယ်။ ဒီကျန်းမာရေး ထောက်ပံ့မှုကို နိုင်ကျဉ်းဟောင်းနဲ့ သူ့ရဲ့
အိမ်ထောင်ဖက်က ခံစားခွင့် ရနိုင်ပါတယ်” ဟု အဆိုပါ ဖောင်ဒေးရှင်းမှ
အတွင်းရေးမှူး ဦးကျော်အောင်က ရှင်းပြသည်။
ဟံသာဝတီ ဦးဝင်းတင်
ဖောင်ဒေးရှင်းသည် နိုင်ငံရေး အကျဉ်းသား ၃၄၇ ဦးကို နှစ်လတစ်ကြိမ်
ထောက်ပံ့ငွေ ပေးအပ်လျက်ရှိပြီး နိုင်ငံရေး အကျဉ်းသားများနှင့်
အကျဉ်းသားဟောင်းများ၏ သားသမီး ၈၄၈ ဦးကို ပညာသင်စရိတ်များ ထောက်ပံ့လျက်
ရှိသည်။
The Voice Weekly
No comments:
Post a Comment