၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေး ကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန်
ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက
မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း
စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။
“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ
ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင်
စတော့ဈေးကွက်တောင်ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။
ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ
အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ
တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၊
မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ
နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး
ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။
စီးပွားရေးမြို့တော်
ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ
ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင်
ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင်
ဖော်ပြမှုများ ရှိနေသည်။
“အားကောင်းမောင်းသန် စတော့ဈေးကွက်
ဖြစ်လာဖို့ဆိုရင် လက်ရှိဖွံ့ဖြိုးဆဲ နိုင်ငံတွေထက် ကြီးနေတဲ့
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ကျသွားအောင် လုပ်ဖို့လိုတယ်။
ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်ဖို့လိုတယ်။
ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာအောင် လုပ်ဖို့လိုသလို အခွန်စနစ်
ပီပြင်အောင်လုပ်ဖို့လည်း လိုပါတယ်။ သီအိုရီအရ ဆိုရင်တော့ စတော့ဈေးကွက်နဲ့
အိမ်ခြံမြေဈေးနှုန်းက တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်” ဟု စီးပွားရေးပညာရှင်
ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ
ငါးနှစ်တာကာလအတွင်း ၀င်ငွေဖော်ပြရန်မလိုဘဲ အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ
လျှော့ချထားခဲ့ခြင်းကြောင့် ငွေကြေးခ၀ါချလိုသူများ၊ အခွန်ရှောင်လိုသူများ၊
ဝင်ငွေရလမ်း မဖော်ပြလိုသူများက အိမ်ခြံမြေဈေးကွက်ထဲသို့ အလုံးအရင်းနှင့်
ဝင်ရောက်မြှုပ်နှံခဲ့ကြသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အိမ်ခြံမြေ
အခွန်များကို ၃၇ ရာခိုင်နှုန်းအတိုင်း ထားရှိသွားမည်ဟု ကြေညာချက်ထုတ်ခဲ့သလို
အောက်တိုဘာမှစတင်ကာ ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ တစ်ပေပတ်လည်
နှုန်းထားများကို သတ်မှတ်ကောက်ခံခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာ
အခွန်ဆုံးရှုံးမှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။
ထိုသို့မြေဈေးသတ်မှတ်မှု၊ အခွန် ၃၇ ရာခိုင်နှုန်း ပေးဆောင်စေမှုတို့ကို
ပြုလုပ်သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ ကျဆင်းသွားခြင်း မရှိကြောင်း
ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ စတော့အိတ်ချိန်းတွင် ပြည်သူအများ ယုံကြည်မှုရရှိစေရန်မှာ
အစိုးရအနေဖြင့် ခိုင်မာသည့် အခြေခံအဆောက်အအုံများကို
ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဥပဒေများ၊
အဖွဲ့အစည်းများ ခိုင်မာအသက်ဝင်စေရန် ဆောင်ရွက်ရမည်ဟု စတော့အိတ်ချိန်း
ပေါ်ပေါက်စေရေးအတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဂျပန်ပညာရှင်များ
အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။
Eleven Media Group
No comments:
Post a Comment