၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်
ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်
ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ
သတင်းရရှိသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇
ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရုတ်၊ အိန္ဒိယ၊
ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်ခဲ့ပြီး နယ်စပ်စခန်းများမှ
ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၆၁၁ ဒသမ ၇၆၂
သန်းရရှိခဲ့ကြောင်း သိရသည်။
နယ်စပ်စခန်းများမှ
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် ကုန်သွယ်မှုပမာဏ
အများဆုံးဖြစ်ပြီး ထိုင်းနှင့် ဒုတိယအများဆုံးကုန်သွယ်ကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။
နယ်စပ်စခန်းများမှ ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ
လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊
သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများတင်ပို့ခဲ့ပြီး
အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊
ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့
တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာရေးနှစ်အတွက်
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန်
လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်
လျာထားကြောင်း သိရသည်။
မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊
တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊
မောင်တော၊ တမူး၊ ရိဒ် စသည့်နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများမှ
ယင်းကာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၂၃၆ ဒသမ ၃၉၇
သန်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၇၅ ဒသမ ၃၆၅ သန်းဖိုး
တင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏
ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း
တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲလျက်ရှိပြီး
အဆိုပါမဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊
ယင်းဦးစားပေးများကို အထောက်အကူပြုမည့်ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း
သိရသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော
အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန် မြန်မာ
-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့
နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းများတွင်
ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့်
ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန်
စီစဉ်နေကြောင်း သိရသည်။
နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင်
ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက်
တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို
နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင်ထုတ်ပေးနေပြီး
အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း
ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment