လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိကျူးကျော်
များကို ဆန္ဒပြနေကြသော ဒေသခံရွာသားများကို ဇန်န၀ါရီ ၃ ရက်နံနက်ပိုင်းက တွေ့ရစဉ်
လှိုင်သာယာ-တွံတေး လမ်းမပေါ်၌
ကျူးကျော်အိမ်များ
ဆောက်လုပ်နေ
ထိုင်သူများကြောင့် မိမိတို့၏ လူမှုဘ၀လုံခြုံရေး
စိုးရိမ်ရသည့်အတွက်ဟုဆိုကာ အဆိုပါ လမ်းမပေါ်ရှိ ကျေးရွာငါးရွာတွင်
မူလနေထိုင်သူ ဒေသခံရွာသားများက ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းက
ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို လှိုင်သာယာ-တွံတေး
လမ်းမပေါ်ရှိ ကျေးရွာငါးရွာဖြစ်သော တမာတကော၊ ခလောက်သိုက်၊ ပဒံရေကျော်၊
တမံကြီး၊ ကံရွာ စသည့်ကျေးရွာများမှ လူဦးရေ ၁၀၀ ခန့်ဖြင့် ဇန်န၀ါရီ ၃ ရက်
နံနက် ၇ နာရီမှ ၈ နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး
ဥပဒေမဲ့ ကျူးကျော်ဆောက်လုပ် နေသူများကို ဥပဒေအရ အမြန်ဆုံး
အရေးယူပေးပါရန်နှင့် မူလနေထိုင်သူ ဒေသခံများ၏ လူမှုဘ၀ လုံခြုံရေးကို
ကာကွယ်ပေးပါရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပန်းလှိုင်တံတား အဆင်းနှင့် လှိုင်သာယာ-တွံတေး လမ်းမပေါ်တွင်
ကျူးကျော်ဆောက်လုပ် နေထိုင်သူများမှာ နေအိမ် ၁၂၀၀ ခန့်
ရှိနေပြီဖြစ်ကြောင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရပြီး
အခိုင်အမာ ဆောက်လုပ်နေထိုင်သော နေအိမ် ၄၀၀ ခန့်နှင့် မြေကွက်တိုင်းတာပြီး
ယာယီစည်းခတ်ကာ ဦးယူထားသောနေအိမ် ၈၀၀ ခန့် ရှိနေပြီဖြစ်သည်။
“သူတို့ထဲမှာ အချိန်မတော်တဲ့ ညဘက်တွေမှာဆိုလည်း ဆိုင်ကယ်တွေ တ၀ူးဝူးနဲ့
ရွာထဲကို ဖြတ်သွားဖြတ်လာလုပ်တဲ့ လူမိုက်အဖွဲ့တွေ ရှိပါတယ်။
အဲဒီလူတွေကြောင့် လူကြီးတွေဆိုရင် ညရေးညတာဆိုလည်း မလုံခြုံဘူး။
ကြောက်နေရတယ်ပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ တဲတွေက တိုးတိုးလာပြီဆိုတော့
ပိုကြောက်ရပါတယ်။ ဒီဘက်က လုံခြုံရေးယူတဲ့ ဒေသခံ ရွာသားတွေနဲ့လည်း ရန်ဖြစ်တာ
တွေကြုံရပါတယ်။ လုံခြုံမှုရှိအောင်နဲ့ ပြဿနာတွေ ထပ်မဖြစ်အောင်
နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းပေးစေ လိုပါတယ်” ဟု ဆန္ဒပြပွဲတွင်
ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။
တွံတေးမြို့နယ်အပိုင်
လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ ကျူးကျော်နေထိုင်သူ အများစုသည်
လှိုင်သာယာမြို့နယ်အတွင်းမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး လက်ရှိအချိန်တွင်
ကျူးကျော်နေထိုင်ရန် ဦးဆောင်သည့် အဖွဲ့အချို့က မြေကွက်များကိုပိုင်းကာ
ကျပ်ရှစ်သောင်းမှ သုံးသိန်းအထိ ဈေးဖြတ်ပြီး ရောင်းချမှုများ ရှိနေကြောင်း
သိရသည်။
“သူတို့ (ကျူးကျော်)တွေထဲမှာ ပိုက်ဆံမရှိတဲ့သူ
ပါချင်လည်းပါမှာပေါ့။ ဒါပေမဲ့ ဦးဆောင်တယ်လို့ ထင်ရတဲ့ လူမိုက်အဖွဲ့တွေက
မြေကွက်တွေပိုင်းပြီး လက်ညှိုးထိုး ရောင်းချနေတာ။ ကိုယ်ပိုင်ကားတွေနဲ့လည်း
လာတာတွေ့ရတယ်။ အဲဒီမှာအခုဆို အိမ်ဆောက်ဖို့ ၀ါး၊ ဓနိရောင်းတဲ့ဆိုင်တွေတောင်
ဖွင့်နေပြီ။ အဲဒီလူတွေက မြေကွက်တွေပြန်ရောင်းပြီး ပြန်သွားတယ်ထင်တယ်” ဟု
တမာတကောကျေးရွာ အုပ်ချုပ်ရေးမှူးက The Daily Eleven သို့ပြောကြားသည်။
ကျူးကျော်နေထိုင်သူ အများစုမှာ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ်သို့ မိသားစုလိုက် ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး
လှိုင်သာယာရှိ အခန်းငှားခ နေထိုင်မှုစရိတ်မှာ တစ်နှစ်ထက်တစ်နှစ်
များပြားလာသောကြောင့် ယခုကဲ့သို့ ကျူးကျော်နေရခြင်းဖြစ်ပြီး
အများစုဖယ်ရှားပါက ၎င်းတို့လည်း ဖယ်ရှားပေးမည်ဖြစ်ကြောင်း စတင်ကျူးကျော်
ဆောက်လုပ်စဉ် ဒီဇင်ဘာလလယ်ပိုင်းက The Daily Eleven သို့ဖြေကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment