မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့များအကြား ၂ နှစ်ကျော် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များတွင်
တပ်မတော်သား အများစုသာ သေကြေ ပျက်စီးရသဖြင့် မြန်မာ့တပ်မတော် တပ်မှူး၊
တပ်သားများ အထက်အမိန့်ကို ချင့်ချိန် လိုက်နာကြရန် PSLF/TNLA က
ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
တအန်းဒေသတွင် တပ်မတော်က
တပ်ရင်း ၅၀ ခန့်အထိ အသုံးပြု ထိုးစစ်ဆင်နေသော်လည်း မည်သည့် TNLA
တပ်စခန်းကိုမျှ သိမ်းပိုက်နိုင်ခြင်း မရှိဘဲ အထက်အမိန့်ကို
မလွန်ဆန်နိုင်ခြင်းကြောင့် တပ်မတော် တပ်မှူးတပ်သား များသာ မလိုအပ်ဘဲ
ထိခိုက် ကျဆုံးမှုများ ဖြစ်နေကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့်
ပန်ကြားချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မည်သည့်
သောင်းကျန်းသူကိုမျှ မတိုက်နိုင်စရာ၊ မတိုက်ရဲစရာ အကြောင်းမရှိဟု
နိုဝင်ဘာလအတွင်း ပြောဆိုခဲ့မှုမှာ ငြိမ်းချမ်းရေးကို ပိုမို ဝေဝါးစေပြီး
ပြည်တွင်းစစ်မီး ပိုမို တောက်လောင်ရေးကိုသာ ဦးတည်နေကြောင်း PSLF/TNLA က
ထုတ်ပြန် ပြောဆိုသည်။
အဆိုပါ ကြေညာချက်တွင် “မြန်မာ့တပ်မတော်
ခေါင်းဆောင်ကြီးများ၏ ထိုမှားယွင်းသော ဆောင်ရွက်ချက်များကို လိုက်နာရန်
သင့်/မသင့် လေးနက် သေချာစွာ စဉ်းစား သုံးသပ် ဆောင်ရွက်ကြပါရန်
မြန်မာ့တပ်မတော် တပ်မှူးတပ်သားများ အားလုံးကို P.S.L.F/T.N.L.A တအန်း
တပ်မတော်က လေးစားစွာ ပန်ကြား နှိုးဆော်အပ်ပါသည်” ဟု ဖော်ပြထားသည်။
သို့သော် တပ်မတော်နှင့် နီးစပ်သူ တစ်ဦးကမူ PSLF/TNLA ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသကဲ့သို့ တပ်မတော်သားများ အထိအခိုက် အကျအဆုံး များပြားသည်
ဆိုခြင်းမှာ မမှန်ကန်ကြောင်း The Voice သို့ ပြောကြားသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေး
ညှိနှိုင်းလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုတွင်
PSLF/TNLA ၊ KIO/KIA တို့နှင့် အပစ်ရပ် စာချုပ် မချုပ်ဆိုနိုင်သေးကြောင်း၊
PSLF/TNLA နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ အမြန်ဆုံး တွေ့ဆုံရန်
ကြိုးပမ်းနေကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး
တစ်ဦးက ပြောဆိုသည်။
အစိုးရနှင့် TNLA တို့၏ ၂ နှစ် ကျော်အကြာ
တိုက်ပွဲများတွင် TNLA တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးပြီး ၂၀ ဦးခန့် ထိခိုက်
ဒဏ်ရာရရှိခဲ့ သော်လည်း မြန်မာ့ တပ်မတော်သား ၃၀၀ ကျော် ကျဆုံးခဲ့ပြီး ၇၀၀
ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment