Pages

10.2.14

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဒေါ်လာ ၂၁၅၅ သန်းကျော် ၀င်ရောက်မြှုပ်နှံထားပြီး စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကျော်မှာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံခြင်းဖြစ်


ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကိုးလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၁၅၅ သန်းကျော် ၀င်ရောက်မြှုပ်နှံရန် ခွင့်ပြုချက်ရယူထားပြီး စုစုပေါင်းပမာဏ၏ ၆၇ ရာခိုင်နှုန်းကျော်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြီးယား၊ ယူအေအီး၊ ဘရူနိုင်းနှင့် လူဇင်ဘတ်နိုင်ငံတို့မှ ၀င်ရောက်မြှုပ်နှံရန် ခွင့်ပြုချက် ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



နိုင်ငံများအလိုက် မြှုပ်နှံမှု ပြုလုပ်ကြရာတွင် စင်ကာပူ၊ ဗြိတိန်၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ရာနှင့်ချီကာ အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ပေါက်လာသည်မှာ ယခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းများအရ ပြည်ပနိုင်ငံပေါင်း ၃၂ နိုင်ငံမှ မြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုချက် ရယူထားသော်လည်း အချို့နိုင်ငံများမှာ လုပ်ငန်းရပ်ဆိုင်းခြင်းနှင့် သက်တမ်းကုန်ဆုံးခြင်း စသည်တို့ကြောင့် ပြန်လည်နုတ်ထွက်မှုများရှိပြီး ပြည်ပနိုင်ငံများ၏ စုစုပေါင်းမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၄၂၇၄ ဒသမ ၂၈၅ သန်း (ဒေါ်လာ ၄၄ ဘီလျံကျော်) ရှိကြောင်း သိရသည်။

ယခင် ဘဏ္ဍာနှစ်များက ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ကြရာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ထုတ်လုပ်သည့် ကဏ္ဍများတွင် အများဆုံး မြှုပ်နှံကြသော်လည်း ယခုဘဏ္ဍာနှစ်တွင်မူ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြှုပ်နှံမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်များ ချထားပေးရာတွင် မြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ရရှိနိုင်မည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြန်လည်ခွင့်ပြုပေးမှုများကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှတစ်ဆင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၁ ခုမှ အလုပ်အကိုင် အခွင့်အလမ်း ၅၀၇၅၁ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်အထိ - ၁၆ .၀၅ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အထိ - ၃၆ .၀၅၄ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ ရက်အထိ - ၄၀ .၆၉၉ ဘီလျံ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ - ၄၄ .၂၇ ဘီလျံ
-
ပြည်ပမှ အများဆုံးဝင်ရောက်မြှုပ်နှံမှု ပြုနေသည့် အထည်ချုပ်လုပ်ငန်းအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment