Pages

20.2.14

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြမည်


Thursday, February 20, 2014

ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ခြင်း မပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ နောက်ဆုံးပတ်အတွင်း လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။


ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်မည့် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘဝ ထိခိုက်ခြင်းတို့အပြင် ကချင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များပါ ပျောက်ကွယ်သွားမည် ဖြစ်ခြင်းကြောင့် ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အဆိုပါ လမ်းလျှောက်ပွဲတွင် ပါဝင်ရန် စာရင်းပေးသွင်းထားသူမှာ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် ဦးရေ ၅၀ ကျော်ရရှိပြီ ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြ ကန့်ကွက်ခြင်းဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ သိရှိစေမည် ဖြစ်သည့်အပြင် စီမံကိန်း အမြန်ဆုံး ရပ်ဆိုင်းစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆန္ဒပြရာတွင်လည်း ခွင့်ပြုမိန့် တောင်းခံသွားမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီစီမံကိန်းကို ဒေသခံတွေပဲ သဘောမတူတာ မဟုတ်ပါဘူး။ အကုန်လုံးက သဘောမတူတာပါ၊ ဒါကို ဆက်လုပ်နေမယ်ဆိုရင် မြစ်အောက်ပိုင်းကလူတွေ အားလုံးဒုက္ခရောက်သွားမယ်။ အခုတောင် ဒီစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးလိုက်ရတဲ့ ဒေသခံတွေ အကုန်လုံး ဒုက္ခရောက်နေတာပါ” ဟု မြစ်ဆုံတန်ဖဲရွာမှ ပြောင်းရွှေ့ပေးခဲ့ရသူ ဒေါ်ဂျာခေါန်က ဆိုသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို China Power Investment (CPI) နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရသစ် လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment