Pages

10.2.14

မြေဆီလွှာပျက်စီးခြင်း လျော့နည်းစေရန် သင်တန်းဖွင့်မည်

စိမ်းရောင်စိုအဖွဲ့(Green Activities) က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် မြေဆီလွှာပျက်စီးခြင်း များ လျော့နည်းသွားစေရန် ကျေးလက်များ၌ အသိပညာပေးသင်တန်းများ ဖွင့်လှစ်၍ တောင်သူများ ကိုယ်တိုင် သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်သုံးစွဲတတ်စေရန် ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ သင်ကြားပေး သွားမည်ဟု ၎င်းအဖွဲ့ထံမှ သိရသည်။

“ကျွန်မတို့အဖွဲ့အနေနဲ့ ကျေးရွာတွေကို ဆင်းပြီး သဘာဝမြေသြဇာသုံးစွဲကြဖို့ ဟောပြောဆွေးနွေးသွား မှာပါ။ ကျေးရွာတွေမှာ မြေဆီလွှာနဲ့ပတ်သက်တာတွေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်ဆိုတာ တွေကို အသိနည်းတယ်။ ဒါတွေကို အဓိကထား ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။

“ဓာတ်မြေသြဇာ စသုံးစဉ်မှာ သီးနှံပိုထွက်လို့ပါပဲ။ သုံးတာကြာလာတာနဲ့အမျှ မြေဆီလွှာခမ်းခြောက်ပြီး သီးနှံတွေ အထွက်လျော့လာတယ်။ ပြီးတော့ ပိုးသတ်ဆေးအများကြီးသုံးရတယ်”ဟု စိမ်းရောင်စိုတံတား ဦးအဖွဲ့မှ သင်တန်းဆရာမ မမြမြလှိုင်က မဇ္ဈိမကို ပြောသည်။

ဓာတ်မြေသြဇာသုံးစွဲစိုက်ပျိုးခြင်းသည် မြေဆီလွှာအပျက်စီးမြန်စေပြီး မြေကျပ်မှုများ ဖြစ်လာသည်ဟု သိ ရသည်။ ထိုသို့ မြေကျပ်လာပါက သီးနှံများစိုက်ပျိုး၍ မဖြစ်ထွန်းတော့ပေ။ မြေကျပ်မှုနှင့် မြေဆီလွှာပျက် စီးမှုများ လျော့နည်းစေရန် သဘာဝမြေသြဇာကိုသာ ပြောင်းသုံးသင့်ပြီး မိရိုးဖလာ ပိုးသတ်ဆေးများသာ ဆက်လက် သုံးစွဲကြလျှင် ဘေးထွက်ဆိုးကျိုးများလည်း လျော့နည်းမည်ဖြစ်သည်ဟု ဆိုသည်။

စိမ်းရောင်စိုအဖွဲ့က အကြံပြုသော သဘာဝမြေသြဇာဖြင့် စမ်းသပ်စိုက်ပျိုးမှုများကို ရေကမိုးကျေးရွာနှင့် မြင်းသည်ကျေးရွာတို့၌ လုပ်ဆောင်နေကြောင်း သိရသည်။

“စမ်းသုံးတဲ့သဘောပါ။ ကျွန်တော်တို့ကတော့ အပင်သန်ပြီး အထွက်တိုးတာပဲ ကြိုက်တယ်”ဟု သဘာဝ မြေသြဇာ စမ်းသပ်သုံးစွဲနေသူ တောင်သူဦးဝင်းဌေးက မဇ္ဈိမကို ပြောသည်။

သဘာဝမြေသြဇာကို နွားချေး၊ မြေဆွေး၊ ဖွဲပြာနှင့် သစ်သီးအချဉ်ဖေါက်ရည် စသည်တို့ကို ပုံးများ အိုးများ ဖြင့် အလုံပိတ်ထားပြီး ခုနစ်ရက်ပြည့်လျှင် သုံးစွဲနိုင်မည် ဖြစ်သည်။ ဓာတ်မြေသြဇာ တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ကျော် ကုန်ကျပြီး သဘာဝမြေသြဇာသုံးစွဲလျှင် ကုန်ကျငွေ ၁,၅၀၀ သာ ရှိသည်။

သဘာဝမြေသြဇာ ထုတ်လုပ်အသုံးပြုမှုသင်တန်းကို တစ်ရွာ ငါးရက်နှုန်းဖြင့် အခမဲ့ဖွင့်ပေးမည်ဖြစ်ပြီး စမ်း သပ်အသုံးပြုလိုပါကလည်း ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment