နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်အကူအညီဖြင့်စတင် မည့် လူထုအခြေပြုစီမံကိန်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာသန်းလေးရာချေးယူခွင့် ရရန် သမ္မတ၏တင်ပြလာမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်းသတင်း ရရှိသည်။
ကမ္ဘာ့ဘဏ်မှချေးယူမည့် အမေရိကန်ဒေါ်လာသန်းလေးရာ သည် အတိုးမဲ့ချေးငွေဖြစ်ကာ ဆိုင်းငံ့ကာလ ခြောက်နှစ်နှင့်ပြန်ဆပ်ကာလ ၃၂ နှစ်ဖြစ်ပြီး ထောက်ခံမဲ ၄၉၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၁၂ မဲ ရှိသော ကြောင့် ထောက်ခံသူများသဖြင့် ငွေချေးယူခွင့်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့သည်။
မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကူအညီအထောက်အပံ့များ ရပ်ဆိုင်းခဲ့ပြီးနောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာ သန်းလေးရာချေးယူခွင့်ရရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။သမ္မတ၏သဝဏ်လွှာတွင် ကျေးလက်နေပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာရေးရည်ရွယ်ကြောင်းပါရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြောသည်။
ချေးငွေနှင့်ပတ်သက်၍ မေလ ၁၂ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကျော်ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုပြီး မြို့နယ်များ၌ ကျေးလက်နေပြည်သူလူထု၏အကျိုးအတွက် ဆောင်ရွက်ပေးမည်မှာ ကောင်းမွန်သော်လည်း ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် အနီးကပ်စောင့်ကြည့်လေ့လာမှုများ တိတိကျကျ လုပ်ဆောင်ရန်လိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ကျေးလက်ဒေသနေပြည်သူ များ၏ဘဝတိုးတက်ရေးဆောင် ရွက်မည့် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်လိုအပ်ချက်များ လည်းရှိနေပြီး စီမံကိန်းကိုထိထိ ရောက်ရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် တိကျသည့်လုပ်ငန်းလမ်းညွှန်မှုမျိုးရေးဆွဲထားသင့်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြည်ထောင်စုလွှတ်တော်သို့ ဆွေးနွေးတင်ပြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက စီမံကိန်းဆောင်ရွက်ရာတွင် အောက်ခြေအဆင့်များ၌အလွဲသုံးစားမှုများ မဖြစ်အောင်အထူးကြပ်မတ်မှုများပြုလုပ်သင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
Credit to>>>7Day Daily
No comments:
Post a Comment