နိုင်ငံရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး (၃၀)ရာခိုင်နှုန်း ပါဝင်
ဆွေးနွေးခွင့်ပြုရန် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊
နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ တောင်းဆိုထားကြောင်း
Women Peace Network နှင့် UN Women အဖွဲ့များထံမှ သတင်းရရှိသည်။
ယခုလ(၁၄)ရက်နေ့က Innyar Lake Hotel တွင် ကျင်းပပြုလုပ်သည့်
မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးကော်မတီ (NCCT)၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများ၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး အလွတ်သဘော
တွေ့ဆုံညှိနှိုင်းပွဲတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“ကျွန်မတို့ ဒီနိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို
လေ့လာလိုက်တဲ့ အခါမှာ နိုင်ငံရေး ဆွေးနွေးပွဲကျရင် အမျိုးသမီးတွေ
လုပ်ကိုင်ဆောင်ရွက်ရမယ့် အပိုင်းတွေပါတယ်။ ကျွန်မတို့အနေနဲ့
နည်းပညာပဲဖြစ်ဖြစ် အကူအညီ ပေးလို့ရတယ်။ အဲဒီအတွက် အမျိုးသားတွေ ကိုယ်တိုင်က
လက်တွဲခေါ်ရမယ်လေ။ ကျွန်မတို့ တင်ပြချက်တွေကိုလည်း သူတို့တွေကတော့ မူအရ
လက်ခံပါတယ်လို့ ပြောပါတယ်”ဟု Women Peace Network ဦးဆောင်သူ ဒေါ်သန္တာဦးက
ပြောသည်။
အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေး အလွတ်သဘော
တွေ့ဆုံ ဆွေးနွေးပွဲသည် ခြောက်ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းခြင်း ဖြစ်ပြီး
အမျိုးသမီးများ ပါဝင်ခွင့် ရရှိရေးအတွက် ယင်းအဖွဲ့အစည်း နှစ်ခုမှာ
ပထမဆုံးအကြိမ် ညှိနှိုင်းပွဲသို့ တက်ရောက်၍ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“ဒီအမျိုးသမီးတွေ (၃၀) ရာခိုင်နှုန်းလည်း လက်ခံတယ်၊
(၅၀) ရာခိုင်နှုန်း ဆိုတာလည်း လက်ခံတယ်။ ဒါပေမဲ့ သူတို့ကို ပါးစပ်နဲ့ပဲ
တောင်းဆိုမနေနဲ့။ လက်တွေ့ကျကျ ဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်တို့
ပြောလိုက်တယ်။ ဒါပေမဲ့ သိပ်တော့ မဖြစ်နိုင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့
ပါတီတွေမှာလည်း အမျိုးသမီးအင်အား နည်းတယ်။ အစိုးရဘက်မှာလည်း အမျိုးသမီး
အင်အားနည်းတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်မှာလည်း အင်အားနည်းတယ်။
အဲဒီအတွက် သိပ်တော့ပါဝင်နိုင်မယ် မထင်ဘူးဗျ”ဟု ဖက်ဒရယ်ပြည် ထောင်စုပါတီမှ
ဒုတိယဥက်္ကဋ္ဌ(၂) ဦးစော သန်းမြင့်က ပြောသည်။
လက်ရှိအချိန်တွင်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA)အား အောက်တိုဘာလ ပထမ
သီတင်းပတ်တွင် လက်မှတ် ရေးထိုးနိုင်ရန် အတွက် အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများက ဆောင်ရွက်လျက် ရှိသည်။ NCA လက်မှတ်
ရေးထိုးပြီးပါက ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်
ရေးဆွဲသွားမည် ဖြစ်ပြီး ရက်ပေါင်း (၉၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ
ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> Messenger News
No comments:
Post a Comment