Pages

29.10.15

မြန်မာ့ကျောက်စိမ်း ကုမ္ပဏီလုပ်ငန်းစု တစ်ခုအား မူးယစ်ရာဇာ ဝေဆူးကျန်က ထိန်းချုပ်ထားဟု Global Witness အစီရင်ခံစာတွင် ဖော်ပြ

အမေရိကန် အစိုးရက ဆုငွေထုတ်ခြင်း ခံထားရသည့် မူးယစ်ရာဇာ ဝေဆူးကျန်သည် လက်ရှိ မြန်မာ့ကျောက်စိမ်း လုပ်ငန်းတွင် လွှမ်းမိုးထားသည့် ဖားကန့် ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းစု တစ်ခုကို ထိန်းချုပ်ထားသူ ဖြစ်သည်ဟု ခိုင်လုံသည့်အထောက် အထားများရှိကြောင်း Global Witness အဖွဲ့၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

“၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်/ပါတီ (USWA/P)အား ကာလကြာရှည်စွာ ဘဏ္ဍာရေး ထောက်ပံ့ပေးနေသူဟု ဖော်ပြထားသည့် မူးယစ်ရာဇာ ဝေဆူးကျန်ကို အမေရိကန် အစိုးရ ဆုငွေ ဒေါ်လာ ၂သန်း ထုတ်ကာ အလိုရှိကြောင်း ကြေညာထားပြီး ဝေဆူးကျန် ဦးစီးသော ကုမ္ပဏီများနှင့် တခြား USWA/P အဆက်အနွယ် ပုဂ္ဂိုလ်များသည် ၁၉၉၀ ခုနှစ်များ ကတည်းက ကျောက်စိမ်းလုပ်ငန်းတွင် နာမည်ကြီး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ဖော်ပြထားပြီး အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကြောင့် အပြောင်းအလဲတချို့ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဝေဆူးကျန်၏ ကျောက်စိမ်း လုပ်ငန်းအတွက် လျို့ဝှက်လုပ်ဆောင် ပေးနေသော ကုမ္ပဏီ ၅ခု ရှိကြောင်း Global Witness ၏ စုံစမ်းမှုများအရ အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီများက ၂၀၁၃ခုနှစ်နှင့် ၂၀၁၄ခုနှစ် အစိုးရ ကျောက်မျက်ရတနာ အရောင်းပြပွဲများတွင် အခွန်မဆောင်မီ တန်ဖိုးဒေါ်လာ သန်း ၁၀၀ ရောင်းချခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
ကျောက်စိမ်း အရောင်းအ၀ယ် ကဏ္ဍတွင် ဘီလီယံပေါင်းများစွာ ငွေကြေးများ ရရှိနေကြပြီး ထိုသို့ လွှမ်းမိုးချုပ်ကိုင်နေမှုများ၊ ပါဝင်နေမှုများက မြန်မာနိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက် နေသူများအတွက် သတိထားသင့်သည့် အချက်ဖြစ်ပြီး နိုင်ငံရေးအရ စိုးရိမ်စရာကိစ္စ ဖြစ်သည်သာမက ကျောက်စိမ်းကဏ္ဍ လျှို့ဝှက်မှုနှင့် အလွဲသုံးစားမှုများ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာပြီဖြစ်သည့် အချိန်တွင် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သဘောထား တင်းမာသူများသည် ဂိုဏ်းဂဏကွဲ အကြမ်းဖက်များနှင့် ညစ်ပတ်သည့် လှည့်စားမှုများ ဖြစ်စေရန် ရံပုံငွေ ထုတ်ပေးလာနိုင်သည်ကို စိုးရိမ်သူများ ရှိနေပြီး မြန်မာနိုင်ငံသားများ အနေဖြင့် ထိုသို့ ကျောက်စိမ်းမှ ရရှိနေသော ၀င်ငွေများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို အမြန်ဆုံး သိရှိရန် လိုအပ်သည် ဟု Global Witness၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Credit To >>> Tomorrow News

No comments:

Post a Comment