Pages

24.5.16

ပြည်ပတင်ပို့ရန် ကန့်သတ်ထားသည့် ပို့ကုန်များထဲမှ သုံးမျိုးကို ဦးစွာဖြေလျှော့တင်ပို့ခွင့်ပြုမည်


ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း ၁၂ မျိုးထဲမှ ပန်းနှင်းဆီ(မုန်ညင်း၊ မုန်ညင်းဆီ)၊ နေကြာနှင့် နေကြာဆီ(ဆီကြိတ်ဖတ်အားလုံး) စသည့်သုံးမျိုးကို ဦးစွာဖြေလျှော့တင်ပို့ခွင့်ပေးမည်ဖြစ်ပြီး ရက်အတိအကျကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုန်ပစ္စည်းများအပြင် ကျန်ကုန်ပစ္စည်းများထဲမှ အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာ များနှင့် ညှိနှိုင်း၍ ဆက်လက်ဖြေလျှော့မည်ဖြစ်ကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။
“ပို့ကုန် သွင်းကုန်တွေဟာ အခွန်အကောက်သက်သာစွာနဲ့ အာဆီယံအတွင်းမှာ ကုန်သွယ်မှုပြုရမယ့်အခါကျတော့ ကုန်သွယ်မှုတွေ တိုးမြင့်လာမှာ သေချာပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အိန္ဒိယ-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုသည်။
ထို့ပြင် လိုင်စင်သက်တမ်းတိုးပြီးတင်သွင်းမည့် ယာဉ်ယန္တရားများကို မြ၀တီကုန်သွယ်ရေးဇုန်၊ မူဆယ် ၁၀၅ မိုင်ဇုန်နှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပြည်ပမှတင်သွင်းခွင့်ပြုသည့် လုပ်ငန်းသုံးယာဉ်များနှင့်ပတ်သက်၍ ယခင်ကကုမ္ပဏီတစ်ခုကို တစ်နှစ်အတွင်း ၁၀ စီးတင်သွင်းခွင့်ပြုရာမှ လိုင်စင်တစ်စောင်ကို တစ်နှစ်လျှင် လုပ်ငန်းသုံးယာဉ်ယန္တရား ၁၀ စီးနှုန်းဖြင့် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ပြင်ဆင်ဖြေလျှော့တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
Credit To >>>The Voice Weekly

No comments:

Post a Comment