ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်တွင် လူကူးခုံးကျော်တံတား ခုနစ်စင်း တည်ဆောက်ရန် လျာထားပြီး ကမ်းနားလမ်းသစ်နှင့် ကမ်းနားလမ်းဟောင်း(စဥ့်အိုးတန်း သင်္ဘောဆိပ် ၀င်ထွက်ပေါက်အနီး) ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀၊ ကမ်းနားလမ်းသစ်နှင့် ကမ်းနားလမ်းဟောင်း (ဗိုလ်တထောင်စေတီတော် ၀င်ထွက်ပေါက်အနီး) ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀၊ ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး) ဆောက်လုပ်ရန် သန်း ၁၀၀၀၊ ပြည်လမ်း(မဟာမြိုင်နှင့် အထက-၂ စမ်းချောင်းရှေ့) ဆောက်လုပ်ရန် သန်း ၁၀၀၀၊ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း၊ နာနတ်တောလမ်းနှင့် လှည်းတန်းလမ်းဆုံတွင် ဆောက်လုပ်ရန် သန်း ၁၇၀၀၊ ပြည်လမ်း (ပညာရေးတက္ကသိုလ်ရှေ့) တွင် ဆောက်လုပ်ရန် သန်း ၁၀၀၀ နှင့် ပြည်လမ်း ရှစ်မိုင်ခုံးကျော်တံတား အဆင်းတွင် ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀ တောင်းခံထားခြင်း ဖြစ်သည်။
“လူကူးခုံးကျော်တံတား တစ်စင်းကို သန်း ၁၀၀၀ တင်ထားတယ်။ အချို့တံတားတွေဆိုရင် မလိုအပ်ဘူးလို့ မလုပ်ပါနဲ့လို့ ပြောထားတယ်။ ဥပမာ- ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး) မှာ လူကူးခုံးကျော်ဆောက်ဖို့ မလိုအပ်ပါဘူး”ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။
ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က လူကူးခုံးကျော်တံတား တစ်စင်းလျှင် ကျပ်သန်း ၂၀၀ သာ တောင်းခံခဲ့ခြင်းကြောင့် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ တောင်းခံထားခြင်းကြောင့် တောင်းခံငွေများစွာ ကွာခြားနေပြီး မည်သည့်ပုံစံမျိုးဖြင့် တည်ဆောက်မည်ဆိုသည်ကို ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ၈ ရက် တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းထုတ်ခဲ့ကြသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ မေးခွန်းထုတ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ တောင်းခံထားမှုမှာ ဆောက်လုပ်မည့်နေရာ၊ တံတား၊ ဒီဇိုင်းပုံစံပေါ် မူတည်၍ ကုန်ကျနိုင်သည့် ခန့်မှန်းလျာထားမှု ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းခဲ့သည်။
“လူကူးခုံးကျော်တံတားတွေနဲ့ ပတ်သက်ပြီး လူကူးခုံးကျော်တံတားများအား ကျပ် သန်း ၂၀၀ လျာထားခဲ့ရာမှာ စက်လှေကား၊ အမိုးအကာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ အမှန်ဆောင်ရွက်ရာမှာ ပြည်သူလူထု၏ တောင်းဆိုချက်အရ စက်လှေကား၊ အမိုးအကာ ထည့်သွင်း ဆောင်ရွက်ရသည့်အတွက် အမှန်ကုန်ကျငွေ ကျပ်သန်း ၄၀၀ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လျာထားတဲ့ တံတားတွေနဲ့ ပတ်သက်ပြီး နေရာရယ်၊ တံတား အရှည်၊ အမြင့်နဲ့ တံတားရဲ့ဒီဇိုင်းပုံစံ ထုတ်လုပ်ပေါ်မူတည်၍ ကုန်ကျနိုင်တဲ့ ခန့်မှန်းလျာထားမှုဖြစ်ကြောင်း အသေးစိတ်စာရင်းမှာ တင်ပြထားပြီး ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်တဲ့အခါ ကော်မတီတွေရယ်၊ ကျွန်တော်တို့ Third Party ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ် စစ်ဆေးပြီးမှ အမှန်တကယ် ကုန်ကျငွေကို သုံးစွဲမှာဖြစ်ပါတယ်”ဟု ပြန်လည် ရှင်းလင်းခဲ့သည်။
Credit To >>> Eleven Media Group
No comments:
Post a Comment