Pages

25.1.17

YBS ယာဉ်အချို့ ညနေ ၆ နာရီနောက်ပိုင်း လိုင်းမဆွဲခြင်းနှင့် ခရီးစဉ် အစအဆုံး ပြေးဆွဲခြင်း မရှိသည်များကို အစိုးရအဖွဲ့သို့ တင်ပြမည်ဟုဆို

YBS ယာဉ်အချို့ ညနေ ၆ နာရီနောက်ပိုင်း လိုင်းမဆွဲခြင်းနှင့် ခရီးစဉ်အစအဆုံး ပြေးဆွဲခြင်း မရှိသည်များကို အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

“အဓိကကတော့ ကားတွေအကြမ်းဖျင်း အနေနဲ့ တချို့လိုင်းတွေမှာ ကားအစီးရေ ထပ်တိုးဖို့လိုတယ်။ တော်တော်များများ ပြောတာက ၅ နာရီခွဲ ၆ နာရီမှာ လိုင်းမဆွဲတော့ဘူး။ အဲဒီပြဿနာတစ်ခုရှိတယ်။ အဲဒါကို ဘယ်လိုပေါင်းစပ်ဖြေရှင်းမလဲဆိုတာ တစ်ခုရှိတယ်။ အစိုးရအဖွဲ့နဲ့ တွေ့တဲ့ အခါပြောရမယ်။ ယာဉ်လိုင်းမှာ တာဝန်ရှိတဲ့သူတွေကိုတော့ ပြောထားတယ်။ ညနေပိုင်း တချို့ကားတွေ လိုင်းအစအဆုံး မဆွဲတော့ဘဲ ဖြတ်သွားတာတွေ တွေ့ရတယ်။ အရေးယူမယ်လို့တော့ ပြောတယ်။ ယာဉ်လိုင်းဘက်ကရော၊ အစိုးရဘက်က တာဝန်ရှိသူတွေရော။ ရုံးဆင်းရုံးတက်ချိန်မှာ ကားတွေကို ထပ်ဖြည့်ပေးဖို့။ အထူးသဖြင့် ပလာဇာတို့၊ မင်္ဂလာဈေးတို့၊ မြေနီကုန်းတို့၊ လှည်းတန်းတို့ အဲဒီလိုနေရာတွေမှာ ထားပေးဖို့ပြော ဖြစ်ပါတယ်။ သာကေတမှာက တခြားနေရာက ယာဉ်လိုင်းတွေက ၁၀ လိုင်းလောက် ဖြတ်တယ်။ သက်ဆိုင်ရာနေရာတွေကို သွားတယ်။ အဓိကက အထိုင်ယာဉ်လိုင်းမရှိဘူး ဖြစ်နေတယ်။ သာကေတက လူတွေကျတော့ သူတို့ဆီရောက်တဲ့ အချိန်မှာ ကားကပြည့်နေပြီ။ သာကေတအထိုင် ယာဉ်လိုင်းထားပေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ တခြားနေရာတွေလည်း အခက်အခဲတွေ ရှိမှာပါ။ အချက်အလက်တွေ စုနေတယ်။ စုပြီးရင်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အကြံပြုချက်တွေ တင်ပြမှာ ဖြစ်ပါတယ်” ဟု ဦးရန်အောင်က ပြောကြားသည်။


လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် ဟောင်းနွမ်း၍ ယာဉ်အသစ်များဖြင့် အစားထိုး လဲလှယ်ရမည့် ယာဉ်ရာခိုင်နှုန်း ၂၀ ခန့်ရှိပြီး ယာဉ်အစီးရေ ၁၀၀၀ ခန့် ၀ယ်ယူသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားကြောင်း ဇန်န၀ါရီ ၂၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် YBS စနစ်ဖြင့် ယာဉ်လိုင်းများ ပြေးဆွဲမည့် ကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် YBS ယာဉ်များအား ည ၁၀ နာရီ နောက်ဆုံးထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အချိန်ထပ်တိုးကာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

Credit To >>> Eleven Media Group

No comments:

Post a Comment