အရှေ့ အလယ်ပိုင်းနှင့် အာဖရိကတွင်ရှိသော အမေရိကန် သံရုံးများကို သြဂုတ် ၁ဝ
ရက်အထိ ပိတ်ထား ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများ က
ပြောကြားခဲ့ကြသည်။
တနင်္ဂနွေနေ့တွင် ရရှိခဲ့သော ထောက်လှမ်းရေး အစီရင်ခံစာများ အရ
အယ်လ်ကိုင်ဒါများက အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်အံ့ ဆဲဆဲ အနေ အထားဟု
ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မှတ်ချက်အရ သတိထားနေသည့်
ကြားထဲကပင် ဖြစ်တတ်သောကြောင့် အမေရိကန် သံတမန် ကင်းစခန်း ၁၉ ခုကိုလည်း
ပိတ်ထားရမည်ဟု သိရသည်။
စနေနေ့အထိ ဆိုလျှင် တနင်္ဂနွေနေ့က လုံခြုံရေး
စိုးရိမ်ရ၍ ပိတ်ရန် အမိန့်ပေးထားသော သံရုံး ၁၅ ရုံး အပြင် သံတမန်
ကင်းစခန်း လေးခုလည်း ပါသည်။ ဤကိစ္စသည် ခြိမ်းခြောက်မှု အန္တရာယ် အသစ်ကို
ထောက်ပြနေ ခြင်း မဟုတ်ပါ။ မိမိတို့ သတိထား ကျင့်သုံး နေကျအတိုင်းသာ
ဖြစ်ပါသည်။ မိမိတို့၏ သံရုံး ဝန်ထမ်းများ၊ ဒေသခံ ဝန်ထမ်းများ အပါအဝင်
သံရုံးလာသည့် ဧည့်သည်များကိုပါ ကာကွယ် စောင့်ရှောက်ရန် သင့်လျော်
သောအဆင့်ကို လုပ်ဆောင်ရခြင်းပါဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏
ပြောရေး ဆိုခွင့်ရသူ ဂျင်ပီဆာကီက ကြေညာချက်တွင် ပြောကြား သွားခြင်း
ဖြစ်သည်။ အနည်းဆုံး သံရုံးနှင့် ကောင်စစ်ရုံး ၂၅ ရုံးကို တနင်္ဂနွေနေ့တွင်
ပိတ်ထားရန် အမိန့်ပေးထားပြီး ဖြစ်သည်ဟု ဆို၏။ အကြမ်းဖက် ခြိမ်းခြောက်မှု
အန္တရာယ်ကို တုံ့ပြန်သည့် အနေဖြင့် ကြားဖြတ် ဖမ်းယူချက်အရ အယ်လ်ကိုင်ဒါ
အဆင့်မြင့် စစ်ဆင်ရေး ဆက်သွယ်ချက် အရ အဓိက တိုက်ခိုက်မှု ပြုလုပ်တော့မည်ဟု
ဥပဒေပြု အမတ်များက ဆို၏။ ကွန်ဂရက် လွှတ်တော် အဖွဲ့ဝင်များကို အကျဉ်းချုပ်
ရှင်းပြရာတွင် မကြာသေးမီ နှစ်များက တွေ့ခဲ့ရသော အရေးကြီးဆုံး
ဖြစ်ရပ်များထက် ပို၍ အရေးကြီးကြောင်း ထောက်လှမ်းရေးက အစီရင်ခံခဲ့သည်ဟု
ဆို၏။
အောက်လွှတ်တော် အမိမြေ လုံခြုံရေးရာများ ကော်မတီဥက္ကဋ္ဌ
မိုက်ကယ်ဖက် ကောလ်က စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အမြွှာ
အဆောက်အအုံကြီး နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီး ကတည်းက
တွေ့ဖူး မြင်ဖူးသော ခြိမ်းခြောက်မှု အန္တရာယ်များ အနက်မှ တစ်ခုဖြစ်နိုင်မည်
ထင်ကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်မှုသည် ရာမာဇန် မွတ်စလင်
ဘာသာရေးလ နောက်ဆုံးညနှင့် တိုက်တိုက်ဆိုင်ဆိုင် အကြမ်းဖက် တိုက်ခိုက်မှု
စလုပ်တော့မည့် ဆဲဆဲ အနေအထားတွင် ရှိသည်ဟု ဆိုသည်။ အောက်လွှတ်တော်
ထောက်လှမ်းရေး ကော်မတီ ဒီမိုကရက် ခေါင်းဆောင်အမတ် ဒတ်ခ်ျရပ္ပာယ်ဘာဂါက BBC
သတင်းဌာနကို ပြောကြားရာတွင် ယခုတစ်ပတ် အယ်လ်ကိုင်ဒါများ အကြမ်းဖက်
တိုက်ခိုက်မှု လုပ်လိမ့်မည်ဟု သိရသည်။ သူက ပြောကြားရာတွင် အမေရိကန်
ပြည်ထောင်စု အနေဖြင့် ထိုကိစ္စကို သိထားသည်။ အကြောင်းမှာ အဓိက တိုက်ခိုက်မှု
လုပ်မည့် အကြောင်း ပြောသည့် စကားများကို ကြားဖြတ် ဖမ်းယူရရှိမှုကြောင့်
ဖြစ်သည် ဟု ဆို၏။ ABC သတင်းဌာနက အမည်မဖော်လိုသော အမေရိကန် အရာရှိ တစ်ဦး၏
ပြောကြားချက်ကို တိုက်ရိုက် ကိုးကား၍ ဖော်ပြရာတွင် အယ်လ်ကိုင်ဒါ တို့သည်
လူ့ခန္ဓာကိုယ်အတွင်း ခွဲစိတ်ကုသခြင်း နည်းဖြင့် ဗုံးကို ခန္ဓာကိုယ်တွင်း
ထည့်သွင်းထားပြီး နေရာများ ဖြန့်ခွဲ ချထားနိုင်ကြောင်းနှင့် ယင်းသို့
ခန္ဓာကိုယ် အတွင်း ထည့်သွင်း ဗုံးထောင်ခြင်းဖြင့် လုံခြုံရေးအရ
စစ်ဆေးသည့်အခါ မတွေ့ရှိရစေဘဲ လိုရင်းပစ်မှတ်သို့ သွားရောက် အသေခံ
ဗုံးခွဲနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
စနေနေ့အထိ
တောက်လျှောက် ပိတ်ထားသည့် သံတမန် ကင်းများမှာ အဘူဒါဘီ၊ အမ်မန်၊
ကိုင်ရိုရီးယဒ်၊ ဒါရန်၊ ဂျေးဒါး၊ ဒိုယာ၊ ဒူဘိုင်း၊ ကူဝိတ်၊ ပနားမား၊ မူဆိ၊
ဆာနား၊ ထရီပိုလီ၊ အန်တာနာ နာရီဗို၊ ဘူဂျန်ဘူရာ၊ ဒီဂျီဟူတီ၊ ခါတွန်၊
ကီဂါလီနှင့် ပို့စ်လူးဝစ်တို့ ဖြစ်ကြောင်း သိရသည်။
နောက်ထပ်
ပိတ်မည့် မာဒါဂတတ်စကာ၊ ဘူရန်ဒီး၊ ရဝမ်ဒါနှင့် မော်ရီတေး ရီရှပ်စ်တို့
ဖြစ်ပြီး ပြန်လည် ဖွင့်လှစ် မည့် သံရုံးများမှာ အာဖဂန်နစ္စတန်၊
အယ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မော်ရီတေနီးယား၊ အီရတ်နှင့် အစ္စရေးတို့
ဖြစ်ကြောင်း သိရသည်။
ယီမင်နိုင်ငံ၏ မြို့တော် ဆာနားတွင် အမေရိကန်
ပြည်ထောင်စု၏ သတိပေးချက်အရ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သံရုံးများ
ပိတ်ထားပြီး လုံခြုံရေးများကို အထူး တင်းကျပ် ထားသည်။ အထူးတပ်ဖွဲ့ဝင်များ
လိုက်ပါ လာသော သံချပ်ကာ လူသယ်ယာဉ်များကို အဆောက်အအုံများ အပြင်ဘက်တွင်
အသင့် တပ်ဖြန့်ချထား သည်။ မြို့နေ လူထုက ပြောကြားရာတွင် မောင်းသူမဲ့ ဒရုန်း
တိုက်ခိုက်ရေး လေယာဉ်များ၏ အသံကို ခေါင်းပေါ်မှာ ကြားနေရကြောင်း၊ ဤဒေသတွင်
လူမပါသော ဒရုန်းများဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ အမေရိကန်
ပြည်ထောင်စုသာ ဖြစ်၍ အမေရိကန် လေယာဉ်များ ဖြစ်မည်မှာ သေချာသည်ဟု ဆိုသည်။
အမေရိကန် ပြည်ထောင်စုက အာရေဗျ ကျွန်းဆွယ်ရှိ အယ်လ်ကိုင်ဒါများသည်
ဂျီဟတ်ဝါဒီတို့၏ အတက်ကြွ ဆုံးနှင့် အန္တရာယ် အရှိဆုံး ကွန်ရက် ဌာနခွဲ
ဖြစ်သည်ဟု ယူဆပြီး ယီမင်မှ စစ်သွေးကြွ အဖွဲ့ကို ဒရုန်း လေယာဉ်ဖြင့် စစ်ပွဲ
ဆင်နွှဲနေမှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင် သကဲ့သို့ လုံခြုံရေးများ
ကိုလည်း တိုး၍ ချထားကြောင်း၊ ဂျော်ဒန် အာဏာပိုင် များသည် အမေရိကန်
သံရုံးများ အားလုံးတွင် ဖောက်ခွဲရေး ပစ္စည်း ကိရိယာများကို ပိုက်စိပ်တိုက်
ရှာဖွေခြင်းများ လုပ်ဆောင်သလို လုံခြုံရေးများကိုလည်း တိုး၍ ချထားကြောင်း
ဂျော်ဒန် အာဏာပိုင်များက AFP သတင်း ဌာနကို ပြောကြားခဲ့သည်။ အမေရိကန်
ပြည်ထောင်စုက သံရုံးများ မပိတ်ပစ်မီ ကပင် အကြမ်းဖက် အန္တရာယ်
ခြိမ်းခြောက်နေမှုကို ဝါရှင်တန်က တုံ့ပြန် ဆောင်ရွက်မှုများ ပြုလုပ်
ခဲ့သော်လည်း ယခုကဲ့သို့ သံရုံးများကို ပိတ်ပစ်လောက်အောင် မဖြစ်ခဲ့ဘူး
သေးပေ။ ''ကျူပ်က CIA မှာ ၂၁ နှစ်ကြာအောင် လုပ်ခဲ့ ပါတယ်ဗျာ။ တစ်ခါမှ သံရုံး
၂၂ ရုံးကို တစ်ပြိုင်တည်း ပိတ်ပစ်ရတယ် ဆိုတာမျိုးတော့ မကြား ဖူးပါဘူးဗျာ။
ဒါ သိပ်ကို ထူးခြားပါတယ်'' ဟု ယခင် အလယ်ပိုင်းဒေသ CIA အမှုလိုက်
အရာရှိဟောင်း ရောဘတ်ဘေယာက CNN ကို ပြောပြသည်ဟု ဆို၏။
တစ်ကမ္ဘာလုံးရှိ ရဲတပ်ဖွဲ့ အေဂျင်စီများက အယ်လ်ကိုင်ဒါ တို့သည် နိုင်ငံ
ကိုးခု၏ ဝင်ပေါက်များကို ဖြတ်၍ အထူးသဖြင့် အီရတ်၊ လစ်ဗျားနှင့် ပါကစ္စတန်
တို့မှ ထောင်ဖောက်၍ ရာနှင့်ချီ လွတ်သွားကြသော အကြမ်း ဖက်သမားများနှင့်
အခြား ရာဇဝတ်ပြစ်မှုများ ကျူးလွန်ကြသူများ ရာနှင့်ချီ၍ လွတ်သွားကြခြင်း
များသည် ပြီးခဲ့သည့် တစ်လအတွင်း ဖြစ်ပွားခဲ့ရာ အယ်လ်ကိုင်ဒါတို့ အပေါ်
တိုက်ခိုက်နိုင်ခြေ ရှိကြောင်း ပါရှိသည်။
အမေရိကန် ပြည်ထောင်စုက
တပ်လှန့်ချက် ထုတ်ပြန်ပြီး နာရီပိုင်း အကြာတွင် အသံဖမ်း၍ ပြန်လွှင့်ပေးသည့်
အစ္စလာမ် စစ်သွေးကြွ ဖိုရမ်တွင် ပေါ်လာသည်မှာ အယ်လ်ကိုင်ဒါ အကြီးအကဲ
အေမန်အယ်-ဇာဝါဟီရီ၏ အသံ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကို စွပ်စွဲ
ပြောကြားချက် လွှင့်သွားသည်မှာ အီဂျစ်နိုင်ငံရှိ အစ္စလာမ် သမ္မတ
မိုဟာမက်မော်စီကို ဖြုတ်ချရန် အီဂျစ်စစ်တပ်၊ ဘာသာရေး
ပြင်ပပုဂ္ဂိုလ်များနှင့် ခရစ်ယာန်တို့ ပူးပေါင်း လုပ်ဆောင်ခြင်းကို အမေရိကန်
ပြည်ထောင်စုက ပူးပေါင်း ကြံစည်သည့် လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲ ခဲ့သည်။
ယခင်နှစ် စက်တင်ဘာ ၁၁ ရက်က လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်
ကောင်စစ်ဝန်ရုံးကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကတည်းက ပြည်ပရောက်
သံရုံးများသည် အမေရိကန် နိုင်ငံသား များ၏ လုံခြုံရေးကို အထူးပြုကြရန်
ဝါရှင်တန်က သတိပေး ထားခဲ့ပြီး ဖြစ်သည်။ သံအမတ်ကြီး ခရစ်စတီဗင်နှင့် အခြား
အမေရိကန်လူမျိုး သုံးဦး ဘင်ဂါဇီ ကောင်စစ်ဝန်ရုံး အကြမ်းဖက်မှုတွင် အသတ်
ခံလိုက်ရခြင်း အတွက် အမေရိကန် ပြည်ထောင် စုက အစ္စလာမ် စစ်သွေးကြွများကို
အပြစ် တင်ခဲ့သည်။
သို့ဖြစ်၍ တစ်ကမ္ဘာလုံးတွင် အရှေ့
အလယ်ပိုင်းနှင့် အာဖရိကရှိ အမေရိကန် သံရုံးများကို ချက်ချင်း ပိတ်ပစ်
ရလောက်သည်အထိ ဖြစ်သွားရသော အယ်လ်ကိုင်ဒါတို့၏ လှုပ်ရှားမည့် အကြမ်းဖက်
တိုက်ခိုက်မှုများကို မည်မျှအထိ စိုးရိမ် နေရကြောင်း သိရှိစေရန် ဘာသာပြန်ဆို
ရေးသား လိုက်ပါသည်။ ။
မြ၀တီ
No comments:
Post a Comment