ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ
အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။
လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။
မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့
ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့်
မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက
ဆိုသည်။
“ဘောလုံးပွဲရှိတဲ့ ရက်တွေဆို မကြာခဏ ပျက်တတ်တယ်။
အခုမိုးတွင်းကြီးတောင်မှ မိုးရွာရင်လည်း ပျက်တယ်။ မလာရင်လည်း ပျက်ချင်
ထပျက်တာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ဆုံစည်းရာ လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင်
ဦးထူးက ဆိုသည်။
ရန်ကုန်မြို့ အပါအဝင် မြို့တော်တော်များများတွင်
လက်ဖက်ရည်ဆိုင် အများစုသည် နိုင်ငံတကာ ဘောလုံးပွဲများ၊ နေ့စဉ်ထွက်
မြန်မာဇာတ်ကားများသာမက တစ်နေကုန် ထုတ်လွှင့်ပေးနေသော Skynet၊ 5 Movies နှင့်
Myawady Digital တို့မှ ရုပ်ရှင်ကားများကိုလည်း တစ်နေကုန် ဖွင့်လှစ်
ပြသကြလေ့ ရှိသည်။ ထို့ကြောင့် မီးမလာပါက သူတို့၏ ဝင်ငွေ ထိခိုက်လေ့ရှိသည်။
“ကျွန်တော်တို့ ဆီမှာကတော့ လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ့်ဆိုင်လူဝင်အောင်
ဘောလုံးပွဲလည်း ပြတယ်။ မြန်မာကားလည်း ပြရတယ်။ တစ်နေကုန်လည်း Skynet တို့၊ 5
Movies တို့ကနေလာတဲ့ ရုပ်ရှင်တွေလည်း ပြနေရတယ်။ မီးမလာရင် အဆင်မပြေဘူး။
ဆီဖိုးနဲ့တင်သေပြီ” ဟု ကိုထူးက ဆိုသည်။
လက်ရှိရန်ကုန်
လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိနေသော်လည်း စီးပွားရေး
လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက
စက်မှုမြို့တော်ကြီး ဖြစ်သော ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား
ပမာဏ ၈၂၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား
ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောကြားသည်။
“ထုတ်လုပ်နေတာ။ သုံးစွဲမှုပမာဏလည်း ခန့်မှန်းခြေ အဲဒီပမာဏလောက်ပါပဲ” ဟု
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက
ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို မိုးရာသီတွင် လုံလောက်စွာ ပေးနိုင်သော်လည်း နွေရာသီတွင်မူ အခက်အခဲများ ရှိနေသေးကြောင်း ၎င်းကဆိုသည်။
လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် ဓာတ်အားဆုံးရှုံးမှု နည်းပါးစေရန်
ရန်ကုန်မြို့ရှိ ခရိုင်အလိုက် တတ်နိုင်သရွေ့ ပြုပြင်မှုများ ဆောင်ရွက်နေပြီး
တောင်ပိုင်းခရိုင်တွင် နေရာအတော်များများ မီတာများလဲလှယ် တပ်ဆင်ပြီးဖြစ်ကာ
ယခင်ကထက် ဓာတ်အား ဆုံးရှုံးမှု နည်းပါးလာကြောင်း ဦးရန်လင်းက ဆိုသည်။
သို့သော်လည်း ယခုနှစ် မိုးရာသီတွင်ပင် မကြာခဏ လျှပ်စစ်ဓာတ်အား
ပြတ်တောက်မှုများ ကြုံတွေခဲ့ရကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးထူးက
ဆိုသည်။
ဘာကြောင့်မလာသလဲ
လက်ရှိ ရန်ကုန်မြို့တော်အား
ဖြန့်ဝေနေသော လျှပ်စစ်ဓာတ်အား ပမာဏမှာ မိုးရာသီ ဖြစ်သောကြောင့်
လုံလောက်မှုရှိပြီး တစ်ခါတစ်ရံ မီးပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းမှာ
ဓာတ်အားလိုင်း ချို့ယွင်းမှုများကြောင့်သာ ဖြစ်ပြီး ရပ်ကွက်အလိုက် ခဏတာ
ပြတ်တောက်ခြင်းမျိုးသာ ရှိတော့ ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မီးပြတ်တယ် ဆိုတာကလည်း
မိုးတွင်းကာလမှာ လိုင်းတွေက သစ်ပင်နဲ့ ငြိတာတို့ဘာတို့ ရုံးပိတ်ရက်မှာ
သစ်ပင်ခုတ်ရတာတို့ကို ပြင်ဆင်တာပေါ့လေ။ တချို့ကာလလေးတွေမှာ ရပ်ကွက်ကို
မီးပိတ်ပြီး အလုပ်လုပ်ရ တာလေးတွေ ရှိတယ်” ဟု ဦးရန်လင်းက ဆိုသည်။
စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အများစု တည်ရှိပြီး အဓိက
စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားပမာဏ
အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်ကို အားကိုးနေရဆဲဟု
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံကိန်းဌာနမှ
အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း
ရေအားလျှပ်စစ် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအများစုမှာ တည်ဆောက်ဆဲ
ဖြစ်နေကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေအားလျှပ်စစ်ကိုသာ အားကိုးနေရ
သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရာတွင်
အခက်အခဲများ ရှိနေကြောင်းလည်း ၎င်းကဆိုသည်။
“ဂက်စ်တာဘိုင်တွေကနေ
ပြီးခဲ့တဲ့နှစ် နွေကဆိုရင် ၄၅၀ မဂ္ဂါဝပ်လောက် ထုတ်ပေးနိုင်တယ်။ အဲဒီလောက်
ထုတ်ပေးနိုင်တာတောင်မှ မီလုမီရုံလေးပဲ ရှိတယ်” ဟု ဦးအောင်မျိုးဝင်းက
ပြောကြားသည်။
တစ်နိုင်ငံလုံး
မြို့ကြီးများရှိ
ပြည်သူများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဝေဖန်မှုများ ရှိနေသော်လည်း
တကယ်တမ်းတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၀
ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရှိသေးကြောင်း
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
နှစ် ၃၀ စီမံကိန်းအဖြစ် ရေးဆွဲထားသော အမျိုးသား စွမ်းအင် စီမံကိန်းအရ
အဆိုပါ စီမံကိန်း ပြီးဆုံးမည့် ၂၀၃၀-၃၁ ခုနှစ်တွင်ပင်လျှင်
မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသာ
လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့လည်း
လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးပဲ။ လူ၊ အရင်းအနှီး၊
နည်းပညာ၊ အချိန်စတာတွေ အကုန်ရှိရမှာ ပြီးရင် ပတ်ဝန်းကျင် ထိခိုက်မှု
မရှိအောင်လည်း လုပ်ရ တယ်။ အကုန်အဆင်ပြေအောင် လိုက်လုပ်နေရတာ။ ဒါကြောင့်လည်း
ပြည်ပက ကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်နေတာ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။
နှစ် ၃၀ အမျိုးသားစွမ်းအင် စီမံကိန်းအရ အဆိုပါ စီမံကိန်း ပြီးဆုံးမည့်
၂၀၃၀-၃၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် နှစ်သောင်းကျော် တပ်ဆင်
ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် မဂ္ဂါဝပ်
ငါးထောင်ကျော် တပ်ဆင်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထား သည်။
အချို့ဒေသများတွင် ပုဂ္ဂလိကက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော်လည်း လျှပ်စစ်
တစ်ယူနစ် ဈေးနှုန်းမှာ ကျပ် ၆၀၀ နီးနီး အထိရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သဘာဝဓာတ်ငွေ့ ထွက်ရှိရာ ရခိုင်နှင့်
တနင်္သာရီဒေသများတွင် ထိုသို့အများဆုံး ကြုံနေရသဖြင့် ဒေသခံများ ဝေဖန်လျက်
ရှိသည်။
ရခိုင်တွင် သဘာဝဓာတ်ငွေ့ ခွဲဝေ သုံးစွဲခွင့်ရရေး လက်မှတ်
ကောက်ယူလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကလည်း ဒေသတွင်းထွက်
ရဲတံခွန် စီမံကိန်းမှ ရရှိသော ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းတိုင်းမှ
ခံစားခွင့်ရရေး တင်ပြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စက်မှုဇုန်များ၏ လျှပ်စစ်မီး မျှော်လင့်ချက်
လက်ရှိအချိန်တွင် အိမ်ထောင်စုများ သာမက လျှပ်စစ်ဓာတ်အားပမာဏ အများအပြား
သုံးစွဲသော စက်မှုဇုန်များ အတွက်လည်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိရန်
စီစဉ်နေပြီး စက်မှုဇုန် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများကို ပုဂ္ဂလိက
ကုမ္ပဏီများ လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ်
ဦးရန်လင်းက ဆိုသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန် ၁၅ ခု ရှိပြီး
ရန်ကုန် စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် နှစ်ခုကို ပုဂ္ဂလိက
ဓာတ်အားရရှိရန် စီစဉ်ထားပြီး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း လုပ်ကိုင်လိုသည့်
ကုမ္ပဏီများနှင့် စက်မှုဇုန် ကော်မတီများ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း
၎င်းကဆိုသည်။
“စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကတော့
ဒီဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမယ့ှ်ု Industry ပေါ်မှာ မူတည်တယ်။
အထည်ချုပ်လောက်၊ ကား တပ်ဆင်တာ လောက်ဆိုရင် ပါဝါသိပ်မလိုဘူး။ ဆောက်မယ့်
စက်ရုံတွေက ဘိလပ်မြေ စက်ရုံတွေ၊ Chemical Complex တွေ ဖြစ်နေရင် သူတို့က
ပါဝါအများကြီး လိုသွားပြီ။ လက်ရှိ သိရသလောက်တော့ အဲဒီလိုဟာမျိုးကြီးတွေ
မလာသေးဘူး။ ပုံမှန် ရိုးရိုးစက်ရုံတွေ လောက်ဆိုရင် စက်မှုဇုန်တစ်ခုကို
မဂ္ဂါဝပ် ၃၀၀၊ ၄၀၀ လောက်ပဲ လိုပါလိမ့်မယ်” ဟု Barons Machinery &
Engineering မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
လျှပ်စစ်ဓာတ်အား ရရှိမှုသည် စက်မှုဇုန်များအတွက် အသက်ပင် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် လက်တွန့်နေပြီး မြန်မာ့စီးပွားရေးတွင်
ထိခိုက်မှုများ ရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း စာတမ်းပေါင်းများစွာက
ဖော်ပြခဲ့ကြသည်။ စက်ရုံအများစု လိုအပ်သော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ
မပေး နိုင်ခဲ့သောကြောင့် ပြီးခဲ့သော နှစ်များအတွင်း စက်ရုံများ
ဒုက္ခရောက်ခဲ့ရသည်။
“ဖိလစ်ပိုင်မှာ အထည်ချုပ်စက်ရုံ ဖွင့်ဖူးတယ်။
ဟိုမှာက ဒီမှာထက် ကုန်ကျစရိတ် သက်သာတယ်။ လျှပ်စစ်ဓာတ်အား မှန်မှန်မရရင်တော့
ဒီကထုတ်ကုန်တွေက ဈေးကြီးနေဦးမှာပဲ။ လျှပ်စစ်အတွက် အပိုကုန်ကျစရိတ်တွေ
ရှိနေတော့ တခြားဟာတွေမှာ ကုန်ကျစရိတ်တွေ လျှော့ချရတယ်။ အဲဒီတော့
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့” ဟု ရွှေပေါက်ကံ စက်မှုဇုန်မှ
နိုင်ငံခြားသား အထည်ချုပ်စက်ရုံ ပိုင်ရှင်တစ်ဦးက မှတ်ချက်ပေးသည်။
အစိုးရက တိကျသော မူဝါဒတစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီး
ရေရှည်တွင် လက်ရှိအတိုင်း သွားပါက အားလုံး နစ်နာနိုင်ကြောင်း ၎င်းကဆိုသည်။
“ပြဿနာက အစိုးရက ဘာကိုဦးစားပေးမလဲ ဆိုတာပဲ။ ရှိတဲ့ပါဝါက နည်းနည်းလေး၊
လူတွေကို ဦးစားပေးမလား စက်မှုဇုန်တွေကို ပေးမလားဆိုတာ Political Decision
နဲ့ ဆိုင်မယ် ထင်ပါတယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
အရှေ့တောင်အာရှတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှု ထိပ်တန်း နိုင်ငံများတွင်
ပါဝင်သော်လည်း လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံး နိုင်ငံဖြစ်သော မြန်မာမှာ
ယင်းအတွက် လမ်းကမှိန်ဆဲ ဖြစ်သည်။
ဒီနွေရော မီးမှန်မှာလား
နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချမှုကို ရေရှည်
အကျိုးစီးပွားအတွက် သေချာစနစ်တကျ စဉ်းစား ဆောင်ရွက်လေ့ ရှိသည်။
လျှပ်စစ်ဓာတ်အား မည်မျှ ရရှိအောင် ဆောင်ရွက်နိုင်သည် ဟူသည်မှာ တိုင်းပြည်၏
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် တိုက်ရိုက် သက်ဆိုင်နေ သကဲ့သို့
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မှုခင်းများနှင့်ပါ သက်ဆိုင်နေသည်။
“လျှပ်စစ်ဓာတ်အားကို ပြည်သူကို ရောင်းလိုက်တယ်။ ပြည်သူဆီက ပိုက်ဆံ
ပြန်ရလိုက်တယ် ဆိုတာလောက် စဉ်းစားရင်တော့ မရဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့
လျှပ်စစ်ပိုရတဲ့အတွက် ဝင်လာတဲ့ Industry တွေ အဲဒါတွေကနေ သုံးတဲ့အခါမှာ
ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်။ လူတွေကို အလုပ်ခန့်မယ်။
တစ်ဦးချင်းဝင်ငွေ တိုးမယ်။ ဒါတွေက တစ်ဆင့်ခံ အကျိုးအမြတ်တွေ။ အဲဒီလို
အဆင့်ဆင့် စဉ်းစားရမယ်” ဟု ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍသို့ အလျင်အမြန်
လွဲအပ်သင့်နေပြီး အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ပြည်တွင်းရှိ
လျှပ်စစ်လုပ်ငန်းနှင့် နီးစပ်သူများက အကြံပြုကြ သည်။
နိုင်ငံတကာမှာကဲ့သို့ အစိုးရက Transmission ပိုင်းမှလွဲ၍ အခြားကဏ္ဍများကို
ပုဂ္ဂလိကသို့ လွဲပြောင်း၍ အပြိုင်အဆိုင် လုပ်ကိုင်စေခြင်းဖြင့်
ဝန်ဆောင်ခကိုပါ လျော့ကျစေရန် ဆောင်ရွက်သင့်ကြောင်း ဒေါ်အိဖြူစင်ဌေးက ဆိုသည်။
သို့သော် ယခုနှစ် နွေရာသီတွင် ယခင်နှစ် နွေရာသီများထက်
လျှပ်စစ်ဓာတ်အားပိုမို တိုးတက်ရရှိမည် ဖြစ်ကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တညီတညွတ်တည်း ပြောကြားကြ
သည်။
သို့သော်လည်း ရေအားလျှပ်စစ်မှ အဓိက ထုတ်လုပ်နေရခြင်း
ဖြစ်သောကြောင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရမည်ဟု
ကတိမပေးနိုင်သေးကြာင်း ဦးအောင်မျိုးဝင်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် တစ်နိုင်ငံလုံးရှိ
ပြည်သူများ ကဲ့သို့ပင် ဦးထူးတို့ ကဲ့သို့သော ရပ်ကွက်က လေးများအတွင်းက
လက်ဖက်ရည်ဆိုင် ပိုင်ရှင်များကလည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရန်
မျှော်လင့်နေသည်။
“နေ့ခင်းနေ့လည် မီးမလာတာ ပြဿနာ သိပ်မရှိဘူးဗျ။
ညပိုင်းလေးလာရင် တော်ပြီ။ ဒီအချိန်မှာပဲ ပိုက်ဆံလေးရှာရတာ။ မီးမလာရင်
ဆီဖိုးက သိပ်ကုန်တာဗျ” ဟု ဦးထူးက ဆိုသည်။
နိုင်ငံတကာ
ဘောလုံးပွဲများ ကျင်းပလေ့ရှိသော စနေနှင့် တနင်္ဂနွေရက်များသည်
လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များအတွက် လူဝင်အများဆုံး
အချိန်ဖြစ်နေသောကြောင့် သူ့ဆိုင်ကိုယ့်ဆိုင် အပြိုင်ကြဲနေရသော စီးပွားရေး
သဘောအရ မီးမလာသောအခါ မီးစက်ဖြင့် လုပ်ငန်း လုပ်ကိုင်ကြရပြန်သည်။
“နွေသာဆိုရင် ကျွန်တော်တို့ တော်တော် ဒုက္ခရောက်တယ်။ ဒါကလည်း ဒီတစ်နှစ်ထဲမှ
မဟုတ်တာ နှစ်တိုင်း ဖြစ်နေခဲ့တာပဲ။ ဒီနှစ်တော့ အရင်နှစ်တွေကထက်
ပိုအဆင်ပြေမလား မျှော်လင့်မိတယ်” ဟု ဦးထူးက ဆိုလိုက်သည်။
(ရဲဇွန်အောင်)
The Voice Weekly
No comments:
Post a Comment