အာရှ ဘောလုံး အဖွဲ့ချုပ် (အေအက်ဖ်စီ)သည် နှစ်စဉ် လူမှုရေး ထူးချွန်ဆု (AFC
Dream Asia Award)ကို ချီးမြှင့်လေ့ရှိရာ ၂၀၁၃ ခုနှစ်အတွက် ရွေးချယ်
လိုက်သော ပဏာမ ဆန်ခါတင် (၅)နေရာ
စာရင်းတွင် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် ပါဝင်လာ သည်ဟု သိရှိရသည်။ အဆိုပါ စာရင်းတွင်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အာရှ အင်အားကြီးနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ ဂျော်ဒန် စသည့်နိုင်ငံများ နှင့်အတူ ပါဝင်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဦးဆောင်မှုဖြင့်
နိုင်ငံ၏ ဘောလုံး ဖွံ့ဖြိုး တိုးတက်ရေး နှင့်အတူ ပညာရေး၊ ကျန်းမာရေး နှင့်
လူမှုရေး ကဏ္ဍများတွင်လည်း ဘက်စုံဖွံဖြိုး တိုးတက်မှုများ ရှိလာစေရန် ဆောင်ရွက်
လျက်ရှိနေခြင်း၊ အာရှဘော လုံး မိသားစုအတွင်း လူမှုရေး လုပ်ငန်းများကို
တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လျက်ရှိ နေခြင်းကြောင့် ယခုကဲ့သို့ ပဏာမ
စာရင်းတွင် ပါဝင် လာခြင်းဖြစ်သည်။
အာရှ ဘောလုံး အဖွဲ့ချုပ်၏
လူငယ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်လျက်ရှိသော ဥက္ကဋ္ဌ
ဦးဇော်ဇော်သည် အာရှ ဒေသဘောလုံး ဖွံ့ဖြိုးတိုးတက်မှု အတွက် အသက်(၁၄)
နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲပေါ်ပေါက်လာစေရန် ဦးဆောင်ကြိုးပမ်း
ခဲ့သလို ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)၏ FIFA Football for Health အစီအစဉ်
ကိုလည်း မြန်မာနိုင်ငံ အနေဖြင့် အာရှဒေသတွင် ပထမဆုံး ဆောင်ရွက်ခွင့်
ရရှိနိုင်ရန် အတွက် ကြိုးပမ်းနိုင်ခဲ့သည်။ FIFA Football for Health
အစီအစဉ်သည် မြန်မာ နိုင်ငံသားများ ဘောလုံး အားကစား တိုးတက်ရေးနှင့်
ကျန်းမာရေး အသိမြင့်မားရေးအတွက် အဓိက ရည်ရွယ် ဆောင်ရွက်နေသော အစီအစဉ်
တစ်ခုဖြစ်သည်။
ထို့ပြင် ပြည်တွင်း၌လည်း ဦးဇော်ဇော်
တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင်
ဆင်းရဲ နွမ်းပါးသော ဒေသများတွင် စာသင် ကျောင်းများ ဆောက်လုပ် လှုဒါန်းခြင်း၊
ပညာသင်စရိတ် မတတ်နိုင်သော ကလေးငယ်(၁၅၀၀)ကိုလည်း ပညာသင် စရိတ်များ
ထောက်ပံ့ပေးခြင်း၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် ကလေးငယ် များအားအခမဲ့
ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ အခမဲ့ နှလုံးခွဲစိတ်
ကုသပေးသည့် အစီအစဉ်များ ပြုလုပ်ပေးခြင်း၊ ခြေလေးချောင်း ကလေးငယ်
အားအခမဲ့ခွဲစိတ် ကုသပေးခြင်း၊ အရေးပေါ် လူနာတင်ယာဉ် (EAS) အစီအစဉ်ကို ဆောင်
ရွက်နေခြင်း၊ မလေးရှား နိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာ
နိုင်ငံသားများအား ကူညီခြင်း စသည့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ
နေသည်။ ဆုရွေးချယ်ရေး အဖွဲ့အနေဖြင့် အထက်ပါ ဆောင်ရွက်ချက်များကို
လေ့လာမှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုကဲ့သို့ ပဏာမ(၅)နေရာ စာရင်းတွင်
ထည့်သွင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
အဖွဲ့ဝင်(၄၇)နိုင်ငံ ပါဝင်သော အာရှ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ လူမှုရေး
ထူးချွန်ဆု (AFC Dream Asia Award) ကို ၂၀၁၀ ခုနှစ်တွင် စတင်
ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အာရှ၏ ဘောလုံး အင်အားကြီး နိုင်ငံများ ဖြစ်သော
သြစတြေးလျ နိုင်ငံနှင့် ယူအေအီး ဘောလုံး အဖွဲ့ချုပ်များက ဆုရရှိခဲ့ ဖူးပြီး
ပြီးခဲ့သည့် ၂၀၁၂ခုနှစ် တွင်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည်
ပဏာမ(၅)နေရာ စာရင်းတွင် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးဇော်ဇော်သည် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ကျင်းပမည့် အာရှဘောလုံး
အဖွဲ့ချုပ် တစ်နှစ်တာ ဆုပေးပွဲသို့ တက်ရောက် မည်ဖြစ်သည်။
Ref: MFF
Yangon Media Group
No comments:
Post a Comment