ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းသည့် အနေနှင့်
ဆောက်လုပ်လျက် ရှိသည့် ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတား
ဆောက်လုပ်ရေး
စီမံကိန်းသည် နိုဝင်ဘာ ၃၀
ရက်နေ့ညတွင် ပြီးစီးမည် ဖြစ်သော်လည်း တံတားဖွင့်မည့် ရက်ကို
မခန့်မှန်းနိုင်သေးကြောင်း ယင်းခုံးကျော်တံတား စီမံကိန်း ဒါရိုက်တာ
ဦးအေးသော်က ပြောကြားသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား
ဖွင့်လှစ်မည့် အချိန်ကို သိနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) သို့ ဆက်သွယ် မေးမြန်းရာ တံတားကို
တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.,Ltd. စီမံကိန်း ဒါရိုက်တာ
ဦးအေးသော်ကသာ ပြောနိုင်မည် ဖြစ်သည် ဆိုသဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်းက
အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“စီမံကိန်းကတော့ နိုဝင်ဘာလ ၃၀
ရက်နေ့ ညမှာပြီးဖို့ ရှိတယ်။ ဖွင့်မယ့်ရက်ကိုတော့ တိုင်းအစိုးရနဲ့
ညှိနှိုင်းပြီးမှ ပြောနိုင်မယ်။ အခုတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
ရွှေဂုံတိုင်တံတား ဆောက်လုပ်ရေး စီမံကိန်းကြောင့် ပျက်စီးခဲ့သော
လမ်းများကို နိုဝင်ဘာ ၃၀ ရက်နေ့ အပြီး ပြင်ဆင်မည် ဖြစ်သည့် အပြင်
မော်တော်ယာဉ် ဆူညံသံကြောင့် တံတား ပတ်ဝန်းကျင်ရှိ ပြည်သူများ အနှောင့်အယှက်
မဖြစ်စေရန် Excel Tower နှင့် Dagon Tower တို့တွင် အသံထိန်း စနစ်များပါ
တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တံတား
ဆောက်လုပ်ချိန်အတွင်း တံတားဧရိယာ တစ်လျှောက် ကမ္ဘာအေး ဘုရားလမ်းကို
နှစ်လနီးပါးခန့် ပိတ်ထားခဲ့ပြီး ရွှေဂုံတိုင် လမ်းဆုံတစ်ဝိုက်ရှိ
လမ်းများလည်း ပျက်စီးခဲ့ကာ ယာဉ်ပိတ်ဆို့ မှုမှာလည်း ဆိုးဝါးစွာ
ကြုံတွေ့ခဲ့ရကြောင်း လမ်းအသုံးပြုသူများထံမှ သိရသည်။
တံတားအရှည်
၂၀၅၉ ဒသမ ၅၅ ပေနှင့် ယာဉ်သွားလမ်းအကျယ် ၄၅ ဒသမ ၅၉ ပေ၊ ခံနိုင်ဝန် တန် ၆၀
ရှိသော လေးလမ်းသွား ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development
Co.,Ltd. က၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး
ယခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ရာ တံတားဆောက်လုပ်ချိန်
တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။
ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း
ဆောက်လုပ်သည့် မော်တော်ယာဉ်လမ်း ခုံးကျော် တံတားများအနက် လှည်းတန်း
ခုံးကျော်တံတားကို ဧပြီလ အတွင်းက ဖွင့်လှစ်ခဲ့ပြီး ကျန်ဆောက်လုပ်ဆဲ တံတား
ဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားအနက်
ရွှေဂုံတိုင် ခုံးကျော် တံတားသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဟု
ထုတ်ပြန်ထားသည်။
The Voice Weekly
No comments:
Post a Comment