မလေးရှားနိုင်ငံ Camp များအတွင်းမှ ပြစ်ဒဏ်ကျခံ
နေရသော မြန်မာနိုင်ငံသား
၁၇၀ သည် သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့၏
အကူအညီဖြင့် နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ခန့်တွင် စင်းလုံးငှား လေယာဉ်ဖြင့်
ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသော
သူများမှာ ယခင်အခေါက်ကဲ့သို့ မလေးရှားနိုင်ငံ အတွင်းတွင်
နေထိုင်အလုပ်လုပ်ကိုင် နေသူများ မဟုတ်ဘဲ မလေးရှားနိုင်ငံ ထောင်များအတွင်း
အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ နေရသူများ ဖြစ်ကြောင်း သီတဂူ
အထောက်အကူပြုအဖွဲ့ (မလေးရှား)မှ သိရသည်။
''အခုရောက်လာတဲ့ သူတွေက ထောင်တွေထဲက ဒုက္ခသည်တွေချည်းပါ။ အပြင်ကလူတွေ
မပါဘူး။ Camp ထဲက လူတွေချည်းကိုပဲ သွားရွေးပြီး ပြန်ခေါ်လာတာပါ။ သူတို့ကို
အိမ်တိုင်ရာရောက် လိုက်မပို့ ပေးနိုင်ပေမယ့် မြန်မာ့မြေကို ရောက်အောင်
ပြန်ခေါ်လာတယ်။ နောက်ပြီး တစ်ယောက်ကို ငွေကျပ်နှစ်သောင်းစီ
လှူဒါန်းပေးလိုက်ပါတယ်''ဟု သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)မှ
အတွင်းရေးမှူး ဒေါက်တာမြတ်သူက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
ပြောကြားခဲ့သည်။
ပြန်လည် ရောက်ရှိလာသူများမှာ အမျိုးသား ၁၆၃ ဦး၊
အမျိုးသမီးခုနစ်ဦး စုစုပေါင်း ၁၇၀ ဦးဖြစ်ပြီး ၎င်းတို့ထဲတွင် လူမမာသုံးဦး
ပါဝင်ကြောင်း ဒေါက်တာမြတ်သူ၏ ပြောကြားချက်အရ သိရသည်။
မလေးရှားနိုင်ငံ Camp တစ်ခုတွင် ပြစ်ဒဏ်ကျခံခဲ့ရသော မအိအိသန့်က
''သွားတုန်းကတော့ ထိုင်းကိုပွဲစားနဲ့ သွားတာပါ။ ဒါပေမယ့် ပွဲစားကထိုင်းကို
မပို့ဘဲ မလေးရှားကို ပို့လိုက်တော့ ကျွန်မတို့ ရှစ်ယောက်တစ်ဖွဲ့လုံး
အဖမ်းခံရတယ်။ အဲဒီရက်တွေမှာ မြန်မာပြည်ကို ပြန်ချင်လို့ နေ့တိုင်းဆုတောင်း
မိတယ်'' ဟု ပြောကြားသည်။
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လာလိုသည့် Camp များအတွင်းမှ မြန်မာနိုင်ငံသားများနှင့်
ငွေကြေးမတတ်နိုင် သူများကို စင်းလုံးငှား လေယာဉ်ဖြင့် ပြည်တွင်းသို့
ပြန်လည်ပို့ဆောင် ပေးခဲ့သည်မှာ စုစုပေါင်း ခုနစ်ကြိမ်ခန့်
ရှိပြီဖြစ်ကြောင်း သိရသည်။
''သက်တမ်း ကုန်သွားပေမယ့် အဆင်မပြေလို့
သက်တမ်းထပ် မတိုးနိုင်လို့ ဒီအတိုင်းနေပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ
ဝင်ဖမ်းလို့ ထောင်ထဲရောက်ခဲ့ပါတယ်။ မလေးမှာ ခြောက်နှစ်လောက် အလုပ်လုပ်
ခဲ့ပေမယ့် နောက်ဆုံးတော့ Camp ထဲမှာ အဖမ်းခံခဲ့ရတာပဲ အဖက်တင်တယ်'' ဟု
မန္တလေးမြို့သို့ပြန်မည့် ကိုအောင်သိန်းက ပြောကြားသည်။ အစိုးရ မဟုတ်သော
အဖွဲ့အအစည်းများ၏ အကူအညီဖြင့် ဒုက္ခရောက်သူ မြန်မာနိုင်ငံသား ၁၃၀၀ ခန့်
ပြည်တွင်းသို့ အခမဲ့ပြန်လည် ရောက်ရှိခဲ့ကြောင်း MAI လေကြောင်းလိုင်းမှ
သိရသည်။
No comments:
Post a Comment