Pages

10.1.14

အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ

ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဗင်နီဇွဲလား နိုင်ငံတွင် နိုင်ငံကိုယ်စားပြု အလှမယ်ဟောင်း အသတ်ခံရမှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

အသက်(၂၉)နှစ်ရှိ မော်နီကာတွင် (၅)နှစ်အရွယ် သမီးလေး ကျန်နေခဲ့သည်။ အပန်းဖြေ ခရီးမှ မြို့တော်သို့အပြန် အဝေးပြေးလမ်းပေါ်တွင် မော်နီကာ အသတ်ခံရခြင်းက ဗင်နီဇွဲလား နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းချက်ကို ထင်ရှားစွာ ပေါ်လွင်သွားစေခဲ့သည်။

ယခင်ကတည်းက အဝေးပြေးလမ်းပေါ်တွင် လူသတ်၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်နေရာ မော်နီကာ သေဆုံးသည့် အခါတွင်မူ ပြည်သူအများ၏ ဒေါသတကြီး အုံကြွ ဆန္ဒပြလာခြင်း ဖြစ်သည်။ သမ္မတ နစ်ကိုလက်စ် မာဒူရိုသည် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ချက်ချင်း ခေါ်ယူခဲ့ရသည်။ ပြဇာတ် မင်းသမီး တစ်ဦးအဖြစ်လည်း လူသိများသော မော်နီကာအတွက် တရားမျှတမှုကို ရှာဖွေပေးရန် ကာရာကက်စ်မြို့တော် လမ်းမများပေါ်တွင် ရာနှင့်ချီသော ဆန္ဒပြသူများက စုရုံးတောင်းဆိုခဲ့ကြသည်။ မော်နီကာ၏ ဖြစ်ရပ်သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး လူသတ်မှုတစ်ခုသဖွယ်လည်း ဖြစ်လာသည်။

ဗင်နီဇွဲလားသည် ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှု အပိုင်းတွင် အားနည်းချက်များစွာ ရှိနေသည်။ ဗင်နီဇွဲလား၌ ဖြစ်ပွားသော လူသတ်မှု (၁၀)မှုတွင် (၉)မှုသည် လက်သည်မပေါ်ဘဲ အစပျောက်သွားလေ့ရှိသည်။ ရဲတပ်ဖွဲ့သည် မော်နီကာ အသတ်ခံရမှုတွင် မသင်္ကာသူ (၅)ဦးကို ထိန်းသိမ်းထားပြီး ယင်းတို့အနက် အချို့သည် အသက်(၁၈)နှစ်အောက် အရွယ်သာ ရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment