တစ်ကိုယ်တော်ဆန္ဒပြနေစဉ်၂၀၁၄ ခုနှစ် ဇန်န၀ါရီ
၎ ရက် လွတ်လပ်ရေးနေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရန်၊ ပုဒ်မ
၁၈ ဖျက်သိမ်းပေးရန်နှင့် နေပြည်တော်ကောင်စီ ကို
ရွေးချယ်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန်ဟူသည့် အချက်သုံးချက်ဖြင့်
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ပုဒ်မ ၁၈ ဖြင့်ပင် အရေးယူမည်ဖြစ်ကြောင်း
ပျဉ်းမနားမြို့နယ် ရဲမှူး ဦးသန်းမြင့် က ပြောကြားသည်။
ပျဉ်းမနားမြို့နယ်ရဲမှူးက "ပုဒ်မ ၁၈ နဲ့ အရေးယူမယ်။ ကျွန်တော်တို့
ခွင့်မပြုထားပါဘူး။ တိုင်းကလည်း ခွင့်မပြုဘူး။
အဲဒီလိုခွင့်ပြုထားခြင်းမရှိဘဲနဲ့ လူစည်ကားရာမှာ ဆန္ဒထုတ်ဖော်တယ်။
ကျွန်တော်တို့က လမ်းလျှောက်ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ပဲ အရေးယူမယ်။
ကျွန်တော်တို့ရဲအလုပ်က တားရမယ့်အလုပ်၊ ခွင့်ပြုထားခြင်းမရှိလို့
တားရခြင်းဖြစ်ပါတယ်။ ဒါကနေပြည်တော်မှာ ပထမဆုံးဖြစ်ပါတယ်။
လုပ်ပြီးဖြစ်တဲ့အတွက် အရေးယူမှာပါ"ဟု ပြောကြားသည်။
နေပြည်တော်ကောင်စီမှ တာဝန်ရှိသူတစ်ဦးကလည်း ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး
နေပြည်တော်ကောင်စီရုံးတွင် ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊
လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ခွင့်မပြုခြင်းဖြစ်ကြောင်း၊ ကာယကံရှင်ကလည်း
ဆန္ဒထုတ်ဖော်ခြင်းပြုမည်မဟုတ်ကြောင်း လက်မှတ်ရေးထိုးထားခဲ့ကြောင်း ဆိုသည်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ လိုအပ်နေတာကို
ပြင်ဆင်ဖို့ နှောင့်နှေးနေတဲ့အတွက် ကျွန်တော်တို့ ပျဉ်းမနားက
ဦးသာချိုဆိုတဲ့သူက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။
သူတောင်းဆိုတဲ့အချက်တွေကို ပြည်သူတစ်ယောက်အနေနဲ့ သဘောကျပါတယ်။
ဘာလို့လဲဆိုတော့ သူတောင်းဆိုထားတဲ့အရာတွေက ကျွန်တော်တို့နိုင်ငံအတွက်
အလွန်အရေးကြီးတဲ့ အချက်တွေပါ။ အဲဒါတွေတောင်းဆိုတာ ကျွန်တော်သဘောကျတယ်။
ပြည်သူတစ်ယောက်အနေနဲ့ ထောက်ခံပါတယ်"ဟု ပျဉ်းမနားမြို့မှ ဦးသစ်လွင်က
ထောက်ခံပြောကြားသည်။
ဆန္ဒထုတ်ဖော်သူ ဦးကျော်မိုးဇော်(ခ)ဦးသာချိုက
"လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်ရှိတယ်ဆိုပြီး
ပြောထားပါတယ်။အဲဒီလိုပြောထားပြီးတော့ ပုဒ်မ ၁၈ က ဆက်လက်ပိတ်ပင်ထားတယ်။
ကျွန်တော်တို့အောက်ခြေမှာ ဖြစ်နေတာတွေနဲ့ ကွာဟနေပါတယ်။ အဲဒါတွေသိအောင်
ဆန္ဒထုတ်ဖော်တာပါ။ ခွင့်ပြုပေးဖို့ နှစ်ခါတောင်းခဲ့ပါတယ်။ မြို့နယ်ရဲ့
ငြင်းပယ်မှုကိုပဲခံရပါတယ်။ ပယ်လိုက်တယ်ဗျာ။ ကျွန်တော်ဆန္ဒထုတ်ဖော်တဲ့
အဓိကအကြောင်းကတော့ ပုဒ်မ ၅၉ (စ) ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်
ပိတ်ပင်ထားတဲ့အချက်ပါပဲ။ နေပြည်တော်ကောင်စီကိုလည်း နေပြည်တော်ရဲ့
ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းသင့်ပါတယ်။ ဒါကြောင့်
တောင်းဆိုရခြင်းဖြစ်ပါတယ်"ဟုဆိုသည်။
ဦးကျော်မိုးဇော်(ခ)ဦးသာချိုသည် ၁၉၈၈ ခုနှစ်အရေးအခင်းတွင်
တောခိုကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး၊ လက်ရှိအချိန်တွင် ပျဉ်းမနားမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်
တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရသည်။
Eleven Media Group
No comments:
Post a Comment