10.2.14

ဒုတိယ ဆရာစံအရေးတော်ပုံ ဖြစ်လာတော့မှာလား၊ မဖြစ်မနေ ဖြေရှင်းရမယ့် လယ်သမားပြဿနာတွေ


မြန်မာနိုင်ငံ အနှံ့အပြား၌ ၁၉၈၈ မတိုင်မီကာလနှင့် ၁၉၈၈ နောက်ပိုင်းတွင် လယ်ယာမြေ သိမ်းဆည်းမှုများ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်း ရယူခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဆိုပါ လယ်ယာမြေ သိမ်းဆည်းမှုများကို ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ ဖြေရှင်းလျက်ရှိသော်လည်း နစ်နာခဲ့ရသည့် တောင်သူလယ်သမားများအတွက် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းနှင့် အချို့ဒေသများတွင် တောင်သူလယ်သမားအပေါ် အုပ်ချုပ်ရေးအာဏာပိုင်များ၏ အကြမ်းဖက်ကိုင်တွယ် ဖြေရှင်းမှုကြောင့် တစ်ချိန်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ဖူးသည့် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံမျိုး ပေါ်ပေါက်လာစေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။


၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါ မြန်မာလယ်သမား အများစုမှာ လယ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာ့သမိုင်း၌ ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကြောင့် စပါးဈေးကျဆင်းပြီး တောင်သူများ ဆင်းရဲကျပ်တည်းလာချိန်တွင် အင်္ဂလိပ်အစိုးရ အနေဖြင့် ကောက်ခံမြဲဖြစ်သော မြေခွန်နှင့်လူခွန်ကို ဆက်လက်ကောက်ခံခဲ့သည်။ တောင်သူလယ်သမားများ အနေဖြင့် တစ်ဖက်တွင်လည်း ချစ်တီးကုလားများ၏ အကြွေးကြောင့် လယ်ဆုံးမြေဆုံး ဖြစ်နေချိန်တွင် လယ်ခွန်တော်နှင့် မြေခွန်တော်များ လျှော့ချရန်နှင့် ဆိုင်းငံ့ထားရန် တင်ပြမှုကို ဘုရင်ခံ ဆာဂျေအေမောင်ကြီးက ပယ်ချခဲ့သည့်အပြင် သီးစားခနှင့် အခွန်တော်များကို မရရသည့်နည်းဖြင့် အကြမ်းဖက်ကောက်ခံခြင်းကြောင့် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရ အနေဖြင့် ဆရာစံဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံအား သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များအား ဖမ်းဆီးကွပ်မျက်ခဲ့ခြင်းကြောင့် အရေးတော်ပုံကြီး ချုပ်ငြိမ်းသွားခဲ့သော်လည်း ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံမှာ တစ်မျိုးသားလုံး လွတ်လပ်ရေးကြိုးပမ်းမှုအတွက် လမ်းစဖြစ်စေခဲ့သည်။

လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ နောက်ပိုင်းတွင် အစိုးရအဆက်ဆက် အနေဖြင့် တောင်သူလယ်သမားများ၏ဘ၀ မြင့်တက်လာစေရန် ကြိုးပမ်းခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ အာဏာသိမ်းယူမှုအပြီးတွင် စီးပွားရေးမူဝါဒ အမှားများကြောင့် တိုင်းပြည်မှာ ဆင်းရဲတွင်းနက်သထက် နက်လာခဲ့သည်။ ၎င်းအပြင် အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ကာ တောင်သူလယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများကို စီမံကိန်းအမျိုးမျိုး အကြောင်းပြကာ သိမ်းယူခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် မဆလအစိုးရ ပြုတ်ကျပြီး နိုင်ငံတော်၏အာဏာကို တပ်မတော်က ရယူခဲ့သည့် နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံအနှံ့ စီမံကိန်းအမျိုးမျိုးကို အကြောင်းပြုကာ လယ်သိမ်းယာသိမ်းမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရသည်။ တောင်သူလယ်သမားများ အနေဖြင့် သိမ်းဆည်းခံရသော လယ်ယာမြေများအတွက် ကာလပေါက်ဈေးဖြင့် လျော်ကြေးမရရှိခဲ့သလို အချို့မှာ လျော်ကြေးလုံးဝ မရရှိသူများပင် ရှိခဲ့သည်။

ပွင့်လင်းမြင်သာစွာ အကျေအလည် ညှိနှိုင်းမှု မရှိခဲ့ခြင်းများ၊ ကြက်ဆူစိုက်ပျိုးရေး အကြောင်းပြ သိမ်းဆည်းခဲ့ပြီး စီမံကိန်းပျက်ပြယ်သည့်အခါ မြေယာများအား စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်းများ၊ မြေသိမ်းအမှုတွဲများရှိ မြေသိမ်းခံပြည်သူများ၏ ထိုးမြဲလက်မှတ်မှာ အစစ်အမှန် မဟုတ်ခြင်းများ အပါအ၀င် စုံစမ်းစစ်ဆေးခြင်းနှင့် စုံစမ်းတွေ့ရှိချက် ၁၂ ချက်ပါဝင်သည့် . . . . .

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအစိုးရ တက်လာခဲ့ပြီးနောက် ပြည်သူလူထုကိုယ်စားပြု လွှတ်တော်ပေါ်လာသည့် အခါတွင် တောင်သူလယ်သမားများ အနေဖြင့် လွှတ်တော်မှ ဖွဲ့စည်းထားသည့် ရေးရာကော်မတီများသို့ တိုင်ကြားမှုများ ရှိခဲ့သလို နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်တိုင်ကြားခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်က ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က “လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေးအတွက် တရားမျှတစွာ ဖြေရှင်းပေးရန်” အဆိုကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဦးတင်ထွတ်၏ ဆွေးနွေးမှုတွင် လယ်ယာမြေများအား
(၁) မြို့ပြများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊
(၂) စက်မှုဇုန်များ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊
(၃) တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊
(၄) နိုင်ငံတော်စီမံကိန်းဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊
(၅) နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊
(၆) စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ပါရှိသွားခြင်း စသည့်အချက်ခြောက်ချက်ဖြင့် ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

ဦးတင်ထွတ်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင်ဉာဏ်က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး ပြောကြားသော “ဒီလောက်ဖြစ်ပျက်နေတဲ့ လယ်သမားပြဿနာတွေကို အမြန်မဖြေရှင်းပေးနိုင်ဘူးဆိုရင် ၂၀၁၃ ခုနှစ်မှာ လယ်သမားအုံကြွမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်” ဟူသည့် ပြောကြားချက်ကို တင်ပြကာ ထောက်ခံဆွေးနွေးခဲ့သည်။

၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၂) ဖြင့် ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၇၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်အနေဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် မတ် ၁ ရက်တွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာအပိုင်း (၁) ကို တင်သွင်းခဲ့သည်။

လယ်ယာမြေများအား သိမ်းဆည်းရာတွင် အမိန့်၊ ညွှန်ကြားချက်နှင့် မကိုက်ညီသော သိမ်းယူမှုများ၊ လိုအပ်သည်ထက် ပိုမိုသိမ်းယူမှုများ၊ တပ်ဝင်းနှင့် သက်ဆိုင်ခြင်းမရှိသော ဝေးကွာသည့်နေရာများတွင် သိမ်းယူခြင်းများ၊ ပိုမိုသိမ်းဆည်းထားသည့် စိုက်ပျိုးမြေများတွင် မူလလုပ်ပိုင်ခွင့်ရ တောင်သူနှင့် အခြားတောင်သူများအား သီးစားခယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့ကိုယ်တိုင် စိုက်ပျိုးမှုမရှိခြင်းများ၊ သိမ်းဆည်းစဉ်က ကာလတန်ဖိုးနှင့်ညီသော မြေလျော်ကြေးပေးလျော်မှု မရှိခဲ့ခြင်းများ၊ ပွင့်လင်းမြင်သာစွာ အကျေအလည် ညှိနှိုင်းမှု မရှိခဲ့ခြင်းများ၊ ကြက်ဆူစိုက်ပျိုးရေး အကြောင်းပြ သိမ်းဆည်းခဲ့ပြီး စီမံကိန်းပျက်ပြယ်သည့်အခါ မြေယာများအား စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်းများ၊ မြေသိမ်းအမှုတွဲများရှိ မြေသိမ်းခံပြည်သူများ၏ ထိုးမြဲလက်မှတ်မှာ အစစ်အမှန် မဟုတ်ခြင်းများ အပါအ၀င် စုံစမ်းစစ်ဆေးခြင်းနှင့် စုံစမ်းတွေ့ရှိချက် ၁၂ ချက်ပါဝင်သည့် အကြောင်းအရာ ၁၅ ခု ပါဝင်သော အစီရင်ခံစာအပိုင်း (၁) ကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်သည် ၂၀၁၃ ခုနှစ် မတ် ၁၈ ရက်တွင် အစီရင်ခံစာ အပိုင်း (၂) ကို ထပ်မံတင်သွင်းခဲ့ပြီး လယ်ယာမြေသိမ်းဆည်းခံရခြင်း အကြောင်းရင်း ခြောက်ရပ်အနက်မှ မြို့ပြများတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းများအတွက် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၆၃ စောင်အတွက် သိမ်းဆည်းခံရမြေ ၁၀၉၆၃၄ ဒသမ ၁၅ ဧကရှိကြောင်း တင်ပြခဲ့သည်။

စုံစမ်းတွေ့ရှိချက်များအရ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ထားမှု မရှိခြင်း၊ မြေကြီးမြေပုံဇယားများ ကွဲလွဲမှုရှိခြင်း၊ ၁၉၈၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂၄ နှစ်ကြာသည့်တိုင်အောင် စီမံကိန်း၊ စီမံချက်များကို ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ လျော်ကြေးငွေသည် တစ်ဧကလျှင် အများဆုံး(၂၀၀၀၀ိ/-ကျပ်နှစ်သောင်း) သာဖြစ်၍ သိမ်းဆည်းစဉ် ကာလတန်ဖိုးနှင့် ညီညွတ်မှု၊ တရားမျှတမှု မရှိခြင်း အပါအ၀င် စုံစမ်းတွေ့ရှိချက် ၁၆ ချက်ကို လွှတ်တော်သို့ တင်ပြခဲ့သည်။

ကော်မရှင်အနေဖြင့် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပိုင်ခွင့်မရှိ၍ အဆုံးအဖြတ်ပေးခြင်း မပြုကြောင်း၊ ရာဖြတ်အဖွဲ့ကဲ့သို့ လျော်ကြေး၊ နစ်နာကြေးကိုလည်း တန်ဖိုးဖြတ်ပေးခြင်း မရှိကြောင်း၊ ထို့ပြင် ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်၏ လမ်းညွှန်ချက်အရ မပြီးပြတ်သော ကိစ္စများကို ပြန်လည်စုံစမ်းစစ်ဆေးခြင်း မပြုကြောင်း၊ ကုမ္ပဏီလုပ်ငန်းရှင်နှင့် တောင်သူလယ်သမားများ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီချက် အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီး နစ်နာကြေးများပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောင်ရွက်ပြီးစီးသော လယ်ယာမြေကိစ္စများအဖြစ် အစီရင်ခံစာ အပိုင်း (၂)တွင် တင်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရပြီး နိုင်ငံတော်စီမံကိန်းဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ပါရှိသွားခြင်းတို့နှင့် စပ်လျဉ်းပြီး တွေ့ရှိခဲ့ရသည်များကို တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ကြီးမှူးပြီး လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူလယ်သမားများအတွက် ထိုက်တန်သောလျော်ကြေးငွေ၊ မှန်ကန်သော ဖြေရှင်းမှုများ ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ခွဲကျော်လာပြီ ဖြစ်သော်လည်း အမှန်တကယ် နစ်နာခဲ့ကြသည် ပြည်သူများအနေဖြင့် အကျိုးခံစားခွင့် မရသေးကြောင်း ပြောဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က “လက်ရှိဖြစ်ပေါ်နေတဲ့ မြေသိမ်းတဲ့ကိစ္စမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် ပြန်မဖြေရှင်းပေးတာ အဓိကပြဿနာ ဖြစ်နေတယ်။ ပြန်ပေးတယ်ဆိုတာတွေက လက်တွေ့မှာ ပြန်မရဘူး။ အစိုးရအနေနဲ့ လျော်ကြေးပေးမယ်ဆိုရင်လည်း ဒေသအလိုက် ကာလပေါက်ဈေးသတ်မှတ်ပြီး ဆောင်ရွက်သင့်တယ်။ ပြန်ပေးဖို့သတ်မှတ်ထားတဲ့ မြေတွေကို မူလပိုင်ရှင်တွေလက်ဝယ် ရောက်ရှိအောင် အစိုးရအနေနဲ့ စနစ်တကျ ဆောင်ရွက်သင့်တယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က လယ်ယာမြေများကို အစိုးရက ပြန်ပေးရာတွင် ပေးကားပေး၏ မရဘဲ စာရွက်ပေါ်၌သာရပြီး လယ်သမားများမှာ ကျူးကျော်မှုဖြင့် တရားစွဲခံနေရကြောင်း ပြောကြားသည်။

“လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် အဓိကက သူတို့စုံစမ်းဖော်ထုတ်တဲ့ ၀န်ကြီးဌာနတွေ၊ တပ်သိမ်းမြေတွေဆိုတာ ပေါ်လာပေမယ့် အဲဒီလူတွေကိုခေါ်ပြီး ပြန်ပေးရမယ်လို့ပြောနိုင်တဲ့ပါဝါ သူတို့မှာမရှိဘူး။ လွှတ်တော်ပိုင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရပိုင်းနဲ့ စစ်တပ်ကို မထိန်းကျောင်းနိုင်ပြန်ဘူး။ Check & Balance မမျှတာပါ။ တောင်သူလယ်သမားတွေကိုယ်တိုင် သူတို့ရဲ့ အခွင့်ရေးတွေ သူတို့ဘ၀တွေကို မှန်မှန်ကန်ကန် ကုစားမပေးနိုင်ဘူးလို့ မြင်လာရင်တောင် သူလယ်သမားထု တစ်ရပ်လုံး ပါဝင်လာနိုင်မယ့် အထွေထွေသပိတ်လိုမျိုး ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပဲခူးတိုင်းအနောက်ခြမ်း လယ်ယာမြေအသိမ်းခံ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးမင်းမင်းကဆိုသည်။

“ပြန်ပေးတာက ပါးစပ်နဲ့ပြန်ပေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တကယ်တော့ လျော်ကြေးပေးတယ် ဆိုတာလည်း ပြည်သူ့ဘဏ္ဍာထဲက ပေးရတာပါ။ အကောင်းဆုံးကတော့ မြေပြန်ပေးတာပါပဲ” ဟု ကန့်ဘလူမြို့နယ် ခအုံးတာကျေးရွာမှ ကိုမောင်စိုးကဆိုသည်။

ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်၏ တင်ပြချက်အရ လယ်ယာမြေများ သိမ်းဆည်းခံရသည့် အကြောင်းရင်း ခြောက်ခုရှိသည်ဆိုသော်လည်း သိမ်းဆည်းသူမှာ အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များသာ ဖြစ်ကြပြီး အချို့လယ်ယာများသည် အဆိုပါ ဌာနများမှတစ်ဆင့် ခရိုနီများ လက်အတွင်းသို့ လွှဲပြောင်းရောက်ရှိသွားခြင်းကြောင့် သိမ်းဆည်းခံတောင်သူများ၏ မကျေနပ်မှုမှာ ပိုမိုကြီးထွားသွားစေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်မှ ကြီးမှူးပြီး လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူလယ်သမားများအတွက် ထိုက်တန်သောလျော်ကြေးငွေ၊ မှန်ကန်သော ဖြေရှင်းမှုများ ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ခွဲကျော်လာပြီ ဖြစ်သော်လည်း အမှန်တကယ် နစ်နာခဲ့ကြသည် ပြည်သူများအနေဖြင့် အကျိုးခံစားခွင့် မရသေး . . . . .

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “အစိုးရရဲ့ လယ်ယာမြေဖြေရှင်းမှုဆိုင်ရာ အစီရင်ခံစာ (၁) (၂) (၃) အရ နေပြည်တော်ကောင်စီနယ်မြေတွင် မြေယာအမှုပေါင်း ၁၁၁ ခုအား ဖြေရှင်းပြီးဟု ပါရှိနေကြောင်း၊ မိမိမဲဆန္ဒနယ်ဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် တစ်ခုတည်း၌ပင် အမှုတွဲပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ ၎င်းတို့အား အစိုးရက ရှင်းလင်းပြီးစီးခြင်းလည်း မရှိသေးကြောင်း၊ မိမိတို့အနေဖြင့် အစိုးရမှ မည်ကဲ့သို့ ဖြေရှင်းလိုက်သည်ကို သိထားခြင်းလည်း မရှိကြောင်း၊ အစိုးရမှ လယ်ယာမြေကိစ္စများ ဖြေရှင်းပေးနေသည်ဆိုခြင်းကို ကန့်ကွက်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဥပဒေမဲ့မြေသိမ်းသည့် ကုမ္ပဏီများ၏ တောင်းဆိုမှုကြောင့် သက်ဆိုင်ရာ ရဲစခန်းက လယ်သမားများအား အမှုဖွင့် အရေးယူမှုများ ရှိနေကြောင်း၊ တရားရုံးတွင် ကာလကြာရှည်စွာ အမှုရင်ဆိုင်နေရသည့် လယ်သမားများရှိကြောင်း၊ ထို့ကြောင့် လယ်သမားများသည် အလုပ်အကိုင်များ ပျက်ပြားပြီး ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ပြောကြားသည်။

မကြာသေးမီ ကာလကပင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်အတွင်း၌ လယ်ယာမြေအမှုနှင့် ပတ်သက်ပြီး ၂၀၁၃ နိုဝင်ဘာလအတွင်း၌ လယ်သမား ၂၁၅ ဦး၊ ဒီဇင်ဘာလအတွင်း ၄၅ ဦးနှင့် ၉၀ ဦးကျော် ထောင်ဒဏ်များချမှတ် ခံခဲ့ရမှုများ ရှိနေသည်။

လယ်ယာမြေ အသိမ်းခံရမှုများနှင့် ပတ်သက်၍ ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး သဲကုန်းမြို့နယ် အောက်ကုန်းကျေးရွာမှ ကိုလင်းထိုက်ကလည်း “ကျွန်တော်တစ်ယောက်တည်း ဘိုးဘွားပိုင်လယ်မြေ ၁၀ ဧက အသိမ်းခံရတယ်။ အနီးနားပတ်ဝန်းကျင် ရွာတွေမှာလည်း တစ်ယောက်တည်း ၁၅ ဧက၊ ဧက ၂၀ လောက် ပါသွားတာတွေ ရှိပါတယ်။ စုံစမ်းစစ်ရေးကော်မရှင်က လာကြည့်တယ်။ စိစစ်ဆဲလို့ပဲပြောတယ်။ သူတို့လုပ်နေတာက ပွင့်လင်းမြင်သာမှု လုံးဝမရှိပါဘူး။ တောင်သူလယ်သမားကို တိုက်ရိုက်မတွေ့ဘူး။ စီစဉ်ပေးတဲ့ လူတွေနဲ့ပဲ တွေ့သွားတယ်။ တစ်နိုင်ငံလုံးက လယ်ယာမြေတွေကို ပြန်မပေးတာ များလာရင်တော့ ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံလို ဖြစ်လာစရာ အကြောင်းရှိတယ်” ဟု ပြောကြားသည်။

“နိုင်ငံတော်အနေနဲ့ စီမံကိန်းတွေ အကောင်အထည် မဖော်နိုင်ဘူးဆိုရင် မူလပိုင်ရှင်တွေကို ပြန်ပြီးပေးစေချင်ပါတယ်။ ခြံပဲဖြစ်ဖြစ် လယ်ပဲဖြစ်ဖြစ်ပေါ့။ အခု မြေယာတွေသိမ်းထားတဲ့ ပုံစံက နိုင်ငံအတွက်လည်း အကျိုးမရှိ ပြည်သူအတွက်လည်း အကျိုးမရှိတဲ့ အခြေနေတွေ အများကြီး တွေ့နေရတယ်” ဟု ပဲခူးမြို့မှ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးညိုလင်းမောင်ကဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက “ကျွန်တော့်မဲဆန္ဒနယ်မြေထဲက မင်းဘူး၊ စကုနယ်စပ်မှာရှိတဲ့ ဧကပေါင်း ၃၅၀ လောက်ကို မင်းဘူးမြို့ ခြေမြန်တပ်ရင်း ၈၈ ကသိမ်းပြီး လုပ်နေတာ ကြာပါပြီ။ ဧက ၃၅၀ ကျော် ၄၀၀ နီးနီးကို ပြန်ပေးတယ် ဆိုတာကလည်း စာရွက်ပေါ်မှာပဲ ကြားသိရပါတယ်။ တကယ်အသိမ်းခံရတဲ့ လယ်သမားတွေအနေနဲ့လည်း ပြန်ပြီးရဲရဲဝံ့ဝံ့ မတောင်းရဲကြပါဘူး။ အခုထိကို သူတို့မှာ လုပ်ပိုင်ခွင့် မရကြသေးပါဘူး” ဟု ပြောကြားသည်။

ကော်မရှင်၏ တင်ပြချက်တွင် ပါဝင်သော မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဒေသခံများနှင့် အကျေအလည် ဆွေးနွေးမှု မရှိခဲ့ခြင်းကြောင့် မြေယာပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အများက သုံးသပ်ကြသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အကြီးဆုံး မြေယာအငြင်းပွားမှုဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း နေထိုင်သူ မသွဲ့သွဲ့ဝင်းက “ဒေသခံတွေရဲ့ သဘောထားကို ဆွေးနွေးမှုမရှိဘူး။ ဒေသခံတွေကို လျစ်လျူရှုပြီး လုပ်ချင်ရာလုပ်နေတယ်။ အာဏာကို အလွန်အကျွံ သုံးနေတယ်” ဟု ပြောဆိုပါသည်။

မြန်မာနိုင်ငံ၏ အဓိက အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သော လယ်ယာမြေများကို သိမ်းယူခြင်းကြောင့် တောင်သူမိသားစုများ၏ ဘ၀မှာ တဖြည်းဖြည်း ဆင်းရဲသထက် ဆင်းရဲလာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအ၀၀တွင် အခက်အခဲများနှင့် ရုန်းကန်နေကြရကြောင်း၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကာလများတွင်လည်း သိသာသည့် ပြောင်းလဲမှု မရှိသေးကြောင်းနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ယာမြေလုပ်ငန်းခွင်ကို စွန့်လွှတ်မှုများ လာလျက်ရှိသည်။

ဗြိတိသျှအစိုးရ လက်ထက်က ပေါ်ပေါက်ခဲ့သော ဆရာစံ အရေးတော်ပုံတွင် လယ်သမားများကို ပြည်သူများရှေ့တွင် ရက်ရက်စက်စက် သတ်ဖြတ်အပြစ်ပေးမှုများ ပြုလုပ်ပြခဲ့သည်။ ထိုကဲ့သို့ ရက်စက်စွာ ဖြိုခွင်းခဲ့ခြင်း၊ လယ်သမားများအနေဖြင့် ပညာမရှိခြင်း၊ ပြန်လည်ခုခံ တားဆီးရန် လက်နက်မရှိခြင်း၊ မြို့နေလူတန်းစားများ၏ ထောက်ပံ့ကူညီမှု အားနည်းခဲ့ခြင်းတို့ကြောင့် အရေးတော်ပုံ အောင်မြင်ခဲ့ခြင်းမရှိဘဲ ပြိုကွဲသွားခဲ့ရသည်။ သို့သော်လည်း ဆရာစံအရေးတော်ပုံ၏ နောက်ဆက်တွဲ ဂယက်များအဖြစ် ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်သော သပိတ်တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိစေရန်အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

လက်ရှိအချိန်တွင်လည်း လယ်သမား လူတန်းစားများ အနေဖြင့် လယ်ယာမြေပြဿနာနှင့် ရင်ဆိုင်နေရခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ထွက်နှုန်းကျဆင်းခြင်း၊ သီးနှံဈေးကွက်အား လူတစ်စုမှ ထိန်းချုပ်ထားခြင်း၊ မြေယာပြဿနာအပေါ် ဖြေရှင်းရာတွင် စနစ်တကျ မရှိသည့်အပြင် ဒေသအာဏာပိုင်များအနေဖြင့် ပူးပေါင်းကူညီ ဖြေရှင်းပေးမှု အားနည်းခြင်း၊ မြို့စွန်များသို့ ပြောင်းရွှေ့နေထိုင်သည့် အခါတွင်လည်း ကျူးကျော်ဟုသတ်မှတ်ခံရကာ ဖိနှိပ်ခံရခြင်း စသည်တို့ကြောင့် လယ်သမားလူတန်းစားတစ်ရပ်လုံး ပါဝင်လာမည့် တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာနိုင်သည်ကို တာဝန်ရှိသူများအနေဖြင့် သတိပြုရန် လိုအပ်နေပြီဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ယာမြေကျူးကျော်မှုကြောင့် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များ ပဋိပက္ခဖြစ်နေသည်ကို ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment