မကွေးမြို့ကနေ ၁၈ မိုင်အကွာမှာရှိတဲ့မင်းလှ မြို့အနောက်ဘက်ဒေသက တောင်ကမူတွေရဲ့
ကျောကုန်းပေါ်မှာအစိမ်းရောင်မိုးကာစတွေနဲ့ ကာထားတဲ့ ရွက်ဖျင်တဲတွေ၊ သစ်သား မျောတိုင်တွေကို
သုံးချောင်းဆိုင်ထားတဲ့ ရေနံတူးစင်တွေ၊ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ရေနံစိမ်းခပ်ကျဲကျဲ တချို့တွေကို
နေရာအနှံ့ တွေ့ရမှာပါ။
ဒါက မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေက ရေနံထွက်ရှိမှု လျော့ကျလာပြီး
ရေနံဈေးကျဆင်းမှုကြောင့် ရေနံအပေါ်မှီခိုနေရတဲ့ ဒေသခံတွေရဲ့စီးပွားရေး ကျဆင်းလာတာကို
ညွှန်ပြနေပါတယ်။
ဧရာဝတီမြစ်ဟာ မကွေးတိုင်းမှာ မြောက်ကနေ တောင်ဘက်ကိုဖြတ်သန်းစီးဆင်းနေပြီး ဧရာဝတီမြစ်နဲ့
အနောက်ရိုးမတောင်တန်း တွေကြားက တောင်ကြောတောင်တန်းတွေ တစ်လျှောက်မှာ ရေနံ၊
ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိနေပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ ရေနံလက်ယက် တွင်းတူးဖော်တဲ့လုပ်ငန်းကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်
၂ဝဝ၄ ခုနှစ်လောက်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး စတင်တူးဖော်ခဲ့စဉ်ကစပြီး ၂ဝ၁၅ ခုနှစ်
နှစ်ဆန်းပိုင်းအထိ တစ်နေ့ကို ရေနံစိမ်းပီပါ အလုံးရေ နှစ်ထောင်ကျော် ထွက်ရှိခဲ့ပါတယ်။
လက်ရှိအခြေနေမှာတော့ မင်းလှမြို့နယ်အတွင်းက ရေနံမှော်တွေမှာ တစ်ရက်ကိုပီပါ တစ်ထောင်ခန့်သာ
ထွက်ရှိပြီး ရေနံထွက်ရှိမှုနှုန်း ကျဆင်းလာတယ်လို့ ရေနံလုပ်ငန်းရှင်တွေကဆိုပါတယ်။
ရေနံပေါများစွာ ထွက်ရှိချိန်ကာလတွေမှာ မင်းလှဒေသခံတွေဟာ 'တစ်နေ့ရွှေ တစ်နေ့ငွေ'လို့
ဆိုရလောက်အောင် စီးပွားရေး စံနှုန်းတွေမြင့်တက်လာခဲ့ပြီး ရေနံထွက်တဲ့ ရွာတွေမှာ အိမ်တိုင်းနီးပါး
ကားစီးနိုင်တယ်လို့ ရေနံမကျေးရွာကကိုနိုင်ကပြောပါတယ်။
ရေနံအထွက်နှုန်းကျဆင်းလာတာနဲ့ ရေနံဈေး ကျဆင်းလာမှုတွေကြောင့် ရေနံ လက်ယက်တွင်းတွေအပေါ်
မှီခိုနေကြရတဲ့ မင်းလှမြို့နယ်အတွင်းက လယ်မဲ့ယာမဲ့ ဒေသခံတချို့ဟာ ဖေဖော်ဝါရီလဆန်းပိုင်းက
စတင်ကျင်းပခဲ့တဲ့ မင်းဘူးမြို့နယ်အတွင်းက မန်းရွှေစက်တော်ရာ ဘုရားပွဲတော်မှာ ကြုံရာကျပန်း အလုပ်တွေ
လုပ်ကိုင်ခဲ့ကြရပါတယ်။
''အရင်ကတော့ ရွာမှာရေနံအလုပ်က ကောင်းတော့ အလုပ်ကပေါတယ်။ အခုရေနံ လုပ်တဲ့သူက
ရှားသွားတော့ မန်းရွှေစက်တော်မှာ သွားလုပ်ခဲ့ရတယ်။ ရွာမှာလိုတော့ ငွေကြေးပေါပေါသီသီ
မရပေမဲ့ ဒီလိုပဲ ရှာကြံလုပ်ရတာပေါ့''လို့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ မင်းလှမြို့နယ်
ကန်နီကျေးရွာက မစိုးစိုးက ပြောပါတယ်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်က တည်းခိုဆောင်တစ်ခုမှာ တည်းခိုဆောင်စောင့်တဲ့
အလုပ်ကိုလုပ်ခဲ့တဲ့ မစိုးစိုးက သူ့အနေနဲ့ ဒီလိုလုပ်ငန်းကို အခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။
မစိုးစိုးအသက် ၁ဝ နှစ်ကျော်ခန့်လောက်က စတင်ပြီး သူနေထိုင်ရာ ကျေးရွာအနီးတဝိုက်က
ရေနံမှော်တွေမှာ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းချခဲ့ပြီး ရေနံလုပ်ငန်းရဲ့နေဝင်ချိန်မှာတော့
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။
''ရွာမှာတော့ နောက်နှစ် စိုက်ပျိုးရေး ပြန်လုပ်ကြမယ်ပြောတယ်။ ဘက်မှာတော့ ဘာမှလုပ်စရာမရှိလို့
ရွှေစက်တော်ကို လာတာ။ ဒီမှာက တစ်နေ့ကို စာရိတ်ငြိမ်းနှစ်ထောင်ရတယ်လေ''လို့ ရေနံလုပ်ငန်းရဲ့
နေဝင်ချိန်မှာ သူတို့ရွာရဲ့ မျှော်လင့်ချက်ကို ပြောပါတယ်။
ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း မင်းလှမြို့နယ်မှာတော့ ရေနံလက်ယက်တွင်းတွေကို
အများဆုံး တူးဖော်နေကြပြီး ဒေသတွင်း စီးပွားရေးရဲ့ ၃၅ ရာခိုင်နှုန်းဟာ ရေနံ လက်ယက်တွင်းတွေကို
အမှီပြုနေရတယ်လို့ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (AWDO)ရဲ့
တာဝန်ခံ ဦးသန့်စင်က မှတ်ချက်ပြုပါတယ်။
မင်းလှဒေသခံ အချို့ကတော့ ၅ဝ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ရေနံလုပ်ငန်းကရတဲ့ ဝင်ငွေလျော့နည်းလာမှုကြောင့် ဒေသခံတွေဟာ လယ်ယာမြေလုပ်ငန်းတွေ
ဘက်ကို ပြန်လည်ဦးလှည့်ကြဖို့ ပြင်ဆင်နေကြတယ်လို့ ကဒေါင်းဇောက်ကျေးရွာက ဦးဝင်းညွန့်က
ဆိုပါတယ်။
ရေနံလုပ်ငန်းကို ကျောခိုင်းစွန့်ခွာပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတဲ့
ဒေသခံတွေ အနေနဲ့ ဆန်ခါပေါက်အဖြစ် ကျန်ရှိနေပြီး ရေနံစိမ်းယိုစိမ့်မှု တွေရဲ့ဒဏ်ကို ခံစားခဲ့ရတဲ့
မြေဆီလွှာမှာစိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့
မကွေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသူဌေးက
သုံးသပ်ခဲ့ပါတယ်။
''ဟိုးမြေကြီးအောက်က ရေနံကို အပေါ် ခပ်တင်တယ်။ ရေနံဖိတ်ထားတဲ့ မြေဆီလွှာက စိုက်ဖို့ပျိုးဖို့
မဖြစ်နိုင်သလောက်ပဲ''လို့ ဦးမျိုးသူ ဌေးက ပြောပါတယ်။
မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေက ရေနံထွက်ရှိမှုနည်းလာပြီး ရေနံဈေး
ကျဆင်းလာမှုကြောင့် ရေနံ လုပ်ငန်းကို စွန့်ခွာကြသူတွေထဲက ကျေးရွာဒေသခံတွေအနေနဲ့
လယ်ယာလုပ်ငန်းကို ပြန်လည် အားကိုးလာနိုင်ခြေရှိတယ်လို့ ခန့်မှန်းနိုင်ပေမယ့် မင်းလှမြို့ပေါ်မှာရှိတဲ့
ရေနံတွင်းလုပ်သားအများစုကတော့ အလုပ်လက်မဲ့ ပြဿနာကိုရင်ဆိုင်နေကြရပြီလို့ ယင်းမြို့က
ကိုဝေလင်းက ဆိုပါတယ်။
''မြင်ရသလောက်တော့ မြို့ပေါ်မှာ အလုပ် မရှိတဲ့သူက တစ်ဝက်လောက်ဖြစ်နေတယ်'' လို့
ကိုဝေလင်းက ပြောပါတယ်။
ရေနံလုပ်ငန်းအပေါ်အများစုက မှီခိုနေ ရတဲ့ မင်းလှမြို့နယ်ရဲ့အနာဂတ်မျှော်မှန်းမှုတွေနဲ့ ပတ်သက်ပြီး
မင်းလှမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက
ရေနံလက်ယက်တွင်းတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာတင်ပြဖို့ စီစဉ်နေတယ်လို့
ဆိုပါတယ်။
''ရေနံက ဈေးမကောင်းဘူး၊ ဈေးမကောင်း တော့ ထုတ်လုပ်ရတဲ့ စရိတ်မကိုက်ဘူးပေါ့။ အခုကအထွက်
လျော့နေတယ်ဆိုတော့ ထွက်နေတဲ့အပိုင်းကိုပဲ အကောင်းဆုံးစီမံခန့်ခွဲဖို့ ကြိုးစားသွားမယ်''လို့
အဆိုပါ လွှတ်တော် ကိုယ်စားလှယ်ဦးမောင်ကိုက သုံးသပ်ပါတယ်။
၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး
အမှတ်စဉ် ၂၇/၂ဝ၁၃ ခွင့်ပြုချက်နဲ့ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းမှာရှိတဲ့
မြေဧကပေါင်း ၃,၇၉ဝ မှာ ရေနံလက်ယက်တွင်းတိမ် ရှာဖွေတူးဖော်တဲ့ လုပ်ငန်းလုပ်ကိုင်ဖို့
ကုမ္ပဏီကိုးခုကို တစ်နှစ်တိတိ တူးဖော်ခွင့်ပြုထားပါတယ်။
ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (AWDO) ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ
မင်းလှမြို့နယ်အတွင်း မှာရှိတဲ့ ရေနံလက်ယက်တွင်းလုပ်ကိုင်ကြတဲ့ ဧရိယာဟာ မင်းလှမြို့နယ်ရဲ့
၅ဝ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်အတွင်းရှိ ရာနဲ့ချီတဲ့ ရေနံ မှော်တွေအနက် ထန်းကိုင်းရေနံမှော်၊ ငနောင်မုန်းရေနံမှော်၊
ဒဟတ်ပင်ရေနံမှော်တို့ဟာရေနံတူးဖော်သူအများဆုံးနဲ့ ရေနံထွက်ရှိမှု အများဆုံးရေနံမှော်တွေဖြစ်ကြပြီး
လွန်ခဲ့တဲ့ နှစ်တွေက အဲဒီရေနံမှော်တွေမှာ ရေနံလုပ်ငန်း ကိုလုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားပေါင်း
၅ဝဝ,ဝဝဝ ခန့်ရှိနိုင်တယ်လို့ ဒေသခံအများစုက ခန့်မှန်းကြပါတယ်။
ယခင်ကမင်းလှမြို့ရဲ့ အဓိကစီးပွားရေးဟာ ပဲနှမ်းစိုက်ပျိုးမှုနဲ့ မြို့ရဲ့အနီးအနားက လောင်စာဆီစက်ရုံနဲ့
အခြားသော ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု စက်ရုံအလုပ်ရုံတွေကို မှီခိုအားထားခဲ့ရတာပါ။
လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော်ကာလကစတင်လာတဲ့ ရေနံလက်ယက်တွင်း တူးဖော်တဲ့ လုပ်ငန်းတွေကြောင့်
မြို့ရဲ့ စီးပွားရေးဟာ ရုတ်ချည်းတိုးတက်လာခဲ့ပြီး မကြာသေးမီက ရိုက်ခတ်ခဲ့တဲ့ ရေနံဈေးနှုန်း
ကျဆင်းမှုနဲ့ ရေနံအထွက်နှုန်းလျော့ကျလာမှုတွေကြောင့် မင်းလှမြို့ရဲ့ စီးပွားရေးအကျပ်ရိုက်မှု ဖြစ်စဉ်
စတင်လာခဲ့ခြင်းပါ။
ပဲနှမ်းထွက်တဲ့ယာခင်းတွေကနေ ကမ္ဘာက ရွှေမည်းလို့ တင်စားတဲ့ ရေနံတွေထွက်ရှိနေသလို
ဒေသခံတောင်သူကြီးတွေက ရေနံလက်ယက်တွင်းပိုင်ရှင်တွေအဖြစ် စားရင်းငှားတွေက
ရေနံတွင်းတူး လုပ်သားတွေအဖြစ် ပြောင်းလဲလာခဲ့ပြီး အခုအချိန်မှာတော့ သူတို့တွေထဲက အများစုဟာ
ရေနံလုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူးနေကြပါပြီ။
လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်ကတော့ ရေနံချေး ရောင်ထနေတဲ့ နီညိုရောင်အသားအရေရှိတဲ့ ရေနံမှော်က
ဒေသခံတွေဟာ ဆွဲကြိုးအတုတ် ကြီးတွေ၊ ဟန်းချိန်းကြီးတွေဝတ်ထားပြီး ငွေကို ရေလို
သုံးခဲ့ကြဖူးပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မင်းလှမြို့နယ်ထဲက ရေနံမှော်တွေမှာ
လာရောက်အလုပ်လုပ်ကြပြီး မြို့ရဲ့အနောက်ဘက် တောင်ကြော တစ်လျှောက်မှာ အမိုးပြာပြာ
မိုးထားတဲ့ မိုးကာတဲတွေ၊ ရေနံတူးတဲ့ အင်ဂျင်စက်သံတွေနဲ့ စည်ကားခဲ့ပါတယ်။
''အခုနယ်အဝေးကသူတွေကတော့ ပြန်ကုန်ကြပြီ။ ရှိတဲ့တွင်းလေးတွေကို ဒေသခံတွေပဲ
မှိန်းခပ်နေကြတယ်''လို့ ကျောက်ပုံကျေးရွာက ဦးလှဆန်းကပြောပါတယ်။
ရေနံလုပ်ငန်းကို ကျောခိုင်းပြီး စိုက်ပျိုးရေး ကို ပြန်လည်လုပ်ဖို့ဆိုတာ အများကြီး စဉ်းစားဖို့
လိုနေသေးတယ်လို့ ၄င်းက ဆိုပါတယ်။
''ရေနံကလည်း တူးမိရင် ဆက်တူးချင် မိတယ်။ အခုကဈေးကျနေလို့သာလက်လျှော့ ရမလိုဖြစ်နေတာ''လို့
ကျောက်ပုံကျေးရွာသား ဦးလှဆန်းကပြောပါတယ်။
Credit To >>> The Myanmar Times