ခေတ်ပြောင်း လာသည်နှင့်အမျှ ပွင့်လင်းမြင်သာမှု ရှိရေးကို ဦးစားပေးတောင်းဆိုလာကြသည်။
သို့သော် ကိစ္စရပ်တိုင်း၌ ပွင့်လင်းမြင်သာမှု ရှိရေး တောင်းဆိုရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဆင်ခြင်စဉ်းစားသင့်သည်။ ''လျှို့ဝှက်အပ်သော အမှုကိစ္စကို ယင်းအမှုကိစ္စ မပြီးမီ မည်သူ့ကို မျှမပြောရ'' ဟု လမ်းညွှန်ထားသည်ကို မဟော်သဓာ ဇာတ်တော်တွင် ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ ထို့အတူ ဝတ်စား ဆင်ယင်ရေးတွင်လည်း ပွင့်လင်းမြင်သာမှု ရှိလွန်းလျှင် သင့်၊ မသင့် ဦးနှောက်ဖြင့် ဆင်ခြင်စဉ်းစား ဆောင်ရွက်သင့်သည်။ ''မြန်မာအမျိုးသမီးမှ ဟုတ်ပါလေ စ'' ဟု မေးရလောက်အောင် ဟီရိ(အရှက်)ကို စွန့်ပယ်ကြသည်။ ''အရှက်ရှိမှ အကြောက်ရှိ သည်''ဖြစ်ရာ ဟီရိ(အရှက်)ကို စွန့်ပယ်လိုက်သည်နှင့် သြတ္တပ္ပ (အကြောက်)ကိုပါ စွန့်ပယ်ပြီး ဖြစ်နေသည်ကို သတိမူသင့်သည်။ ဟီရိသြတ္တပ္ပ တရားနှစ်ပါးသည် လောကပါလ တရားနှစ်ပါး ဖြစ်သည်ဟု မြန်မာတို့ ယုံကြည်လက်ခံထားကြရာ ထိုတရား နှစ်ပါးကို စွန့်ပယ်လိုက်လျှင် လောကပါလတရား (လောကကို စောင့်ရှောက်သောတရား) ပျက်ယွင်း သွားပြီဖြစ်၍ လောက ကြီး ကမောက်ကမနှင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်လာ မည့်အရေးကို မျှော်တွေး၍ အချိန်မီပြင်ဆင် သင့်ကြပေသည်။ ဆရာကြီးဇော်ဂျီက ''လေးစားထိုက်သော အလုပ်မှန်သမျှတွင် ဖြတ်လမ်း မရှိ'' ဟု မိန့်ဆိုခဲ့သည်ကို သိစေချင်သည်။ အမျိုးသားစာပေ တစ်သက်တာဆုရှင်၊ အမျိုးသား စာပေဆုများရှင်၊ စာပေဖြင့် ပြည်သူကို အကျိုးပြုနေသော ဆရာကြီး ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ''လေးစားထိုက်သော အလုပ်မှန်သမျှတွင် ဖြတ်လမ်းမရှိဆိုတဲ့ စကား ဒါ ကျွန်တော်ပြောတဲ့ စကားမဟုတ်ဘူး။ ဆရာဇော်ဂျီ ပြောခဲ့တဲ့စကားပါ။ သိပ်ကြိုက်တယ်။ သိပ်တန်ဖိုးထားတယ်။ ကျောင်းသားဘဝမှာ စာတွေ ဖတ်ရတာများလို့ ငြီးငွေ့စိတ်လေး ဝင်လာ မိတဲ့အခါမျိုး၊ ပင်ပန်းလွန်းတဲ့ အခါမျိုးကျ အဲဒီစကားလေးကို ပြန်တွေးရင်းနဲ့ အားပြန်သွင်းရ တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က လေးစားထိုက်တဲ့အလုပ်။ ဒီတော့ အပင်ပန်းခံရမယ်။ မှန်မှန်နဲ့ ခရီးပေါက်အောင် လျှောက်ရမယ်။ အားလျှော့လို့မဖြစ်ဘူး။ ဖြတ်လမ်းက သွားချင်လို့ မရဘူး။ ကိုယ့်ကို ဘယ်သူကမှ အတင်းအကျပ် ခိုင်းတာမဟုတ်ဘဲ ကိုယ်ကိုယ် တိုင် စိတ်ကြိုက် ရွေးချယ်ခဲ့တဲ့လမ်း ဖြစ်တဲ့အတွက် ကိုယ်ပဲ အပင်ပန်းခံရမယ်။ သက်သာအောင် ဖြတ် လမ်းလိုက်ရင် တကယ်တတ်တဲ့ ပညာရှင် ဖြစ်မှာမဟုတ် ဘူး။ ဒီလို ကိုယ့်စိတ်ကို ဆုံးမပြီး မာန်ပြန်တင်းနိုင်စေတဲ့ အင်အားမျိုးကို အဲဒီ ဆရာဇော်ဂျီရဲ့ အဆို အမိန့်ကလေးက ပေးစွမ်း နိုင်တယ်'' ဟု ဖွင့်ဟရေးသားလျက် လမ်းမှန်ပြခဲ့သည်ကို အတုယူစေချင်သည်။
နိုင်ငံခြားသာသနာပြု ဘာသန္တရပါရဂူ စွယ်စုံ ပညာရှင် မြောင်းမြမြို့ ပဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဥာနိက ကလည်း''ကြီးမြတ်သူဟူသမျှတို့၊ ယူကြသည့်မြတ်နေရာ၊ ရှောင်တခင် ခုချက် ချင်း၊ အလျဉ်းမရပါ၊ များသူတို့ အိပ်နေရာ၊ ညခါပင် သူမနား၊ အမြင့်ကို သူမြင်လို့၊ သူအစဉ် နှစ်ဆတိုးလို့ရယ်၊ ကြိုးကုတ်လေသား'' ဟု ကဗျာသီဖွဲ့သတိပေးခဲ့သည်ကိုလည်း မျှဝေပေးလို သည်။ စင်စစ် မမြင်သင့် မမြင်အပ်သော ခန္ဓာကိုယ် အစိတ်အပိုင်းကို ဖုံးကွယ်လျှို့ဝှက်ခြင်း သည် ယဉ်ကျေးမှုလက္ခဏာပင်။ ရှေးဦးလူသားများသည် မိမွေးတိုင်း ဖမွေးတိုင်းနေခဲ့ကြသည်။ အသိဥာဏ်မြင့်မားပြီး ယဉ်ကျေးမှု တိုးတက်လာသောအခါ မမြင်အပ်သော ခန္ဓာကိုယ်အစိတ် အပိုင်းတို့ကို သစ်ရွက်သစ်ခက်တို့ဖြင့် ဖုံးကွယ်ပြီး အရှက်လုံအောင် ကြံဆောင်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုနှင့် အသိပညာ၊ အတတ်ပညာတိုးတက်ပြီး ဝတ်စားဆင်ယင် မှုများလည်း ပြောင်းလဲလာသည်။ ထို့ကြောင့် ယခုကဲ့သို့ လျှို့ဝှက်အပ်ရမည့် ခန္ဓာကိုယ် အစိတ်အပိုင်းကို သူ့ထက်ငါ အပြိုင် ဖော်လှစ်နေကြခြင်း မှာ ခေတ်ဆန်ခြင်း မဟုတ်ဘဲ အရိုင်းအစိုင်း ခေတ်သို့ နောက်ပြန် ဆွဲနေခြင်းဖြစ်သည်။ ပဋာစာရီသည် မိသားစုနှင့် အတူနေရစဉ် ဝတ်လစ်စလစ် မနေပါ။ လင်၊ သားနှစ်ဦး၊ မိဘနှစ်ပါးနှင့် မောင် တို့အားလုံး သေဆုံးသွားသော အခါ ယူကျုံးမရ အပူလုံးကြွကာ သောကပရိဒေဝမီး တောက်လောင်ပြီး သွက်သွက်ခါအောင် ရူးသွားသဖြင့် ခန္ဓာကိုယ်တွင် အဝတ်အစားပင် မကပ်တော့ပေ။ အဝတ်အစား မကပ်သော်လည်း အသိစိတ် ကင်းမဲ့နေသဖြင့် ရှက်ရမှန်းမသိပေ။ သို့သော် မြတ်ဗုဒ္ဓ၏ ဓမ္မသဘင်အနီး ရောက်သွားသော အခါ မဟာကရုဏာရှင် ဘုရားရှင်က ''ချစ်သမီး ပဋာစာရီ'' ဟု ခေါ်လိုက်ချိန်တွင် အသိ တရား ဝင်လာသဖြင့် ဝတ်လစ်စလစ် ဖြစ်နေသော ခန္ဓာကိုယ်ကို သတိပြုမိသွားပြီး ရှက် ရ ကောင်းမှန်းသိတော့သည်။ အနီးရှိ တရားနာပရိသတ် တစ်ဦးက ပဋာစာရီ အရှက်လုံအောင် ခန္ဓာကိုယ်ပေါ် ခြုံတဘက်ဖြင့် ဖုံးလွှမ်းပေးမှ တရားဖြောင့်ဖြောင့် နာနိုင်ပြီး ကျွတ်တမ်းဝင်ခဲ့သည်။
ထို့ကြောင့် ခန္ဓာကိုယ်အလှအပကို လိုအပ်သည်ထက် လှစ်ဟဖော်ပြခြင်းမှာ တဏှာရာဂ လှုံ့ ဆော်ခြင်း၊ အရှက်ကင်းမဲ့ခြင်း၊ အရိုင်းခေတ်သို့ ပြန်သွားနေခြင်းပင် ဖြစ်သည်။ လူ့အခွင့်အရေး ဟူသော စကားဖြင့် အကာအကွယ် ယူလျှင်လည်း လူမှုအဖွဲ့အစည်းတွင် မိမိတစ်ဦးတည်း နေသည် မဟုတ်ကြောင်း သတိရပြီး မိမိကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်ရန်၊ မလိုလားအပ်သော ဖြစ်ရပ်များကို လက်ယပ်မခေါ်ရန်၊ အတွေးအခေါ် နုနယ်သူများ အတုယူ မမှားစေရန် လူပီသသော အသိဖြင့် ဆင်ခြင်ပြုပြင် သင့်လှပေသည်။''တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်း'' ဟူသည် ကုန်ပစ္စည်းများ ရောင်းချသူကိုသာ ရည်ညွှန်းသတိပေးခြင်း မဟုတ်ပါ။ စီးပွားရှာနေသူ အားလုံးကို ရည်ညွှန်းသတိပေးခြင်း ဖြစ်သည်။ လူ၏ အခြေခံ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးအတွက် လူတိုင်း တစ်နည်းမဟုတ် တစ်နည်းဖြင့် စီးပွား ရှာကြရမြဲဖြစ်ရာ လူတိုင်းအတွက် သတိပေးချက်ဟု ဆိုနိုင်သည်။ ထို့ ကြောင့် ရွှေကျင်သာသနာပိုင် ရွှေဟင်္သာ ဆရာတော်ကြီး၏ သြဝါဒဖြစ်သော ''လူကစ၍ သတ္တဝါတွေမှာ ပထမအရေးကြီးဆုံး ရှိသင့်သောအရာမှာ ကျင့်ဝတ် တရားများဖြစ်သည်။ လူမှာ လူ့ကျင့်ဝတ်၊ နတ်မှာ နတ်ကျင့်ဝတ်၊ တိရစ္ဆာန်တို့မှာလည်း သက်ဆိုင်ရာ တိရစ္ဆာန်ကျင့် ဝတ်ရှိကြရသည်။ လူတို့၌ လူ့ကျင့်ဝတ် ရှိရာတွင် လူမျိုးအလိုက်၊ ဘာသာအလိုက်၊ ကျင့်ဝတ် အသီးသီးရှိသည်။ ဤ ကျင့်ဝတ်တရား တို့က စောင့်စည်း ထိန်းသိမ်း ပေးကြသောကြောင့်သာလျှင် လူတို့သည် လူနှင့်တူကြ၍ ယဉ်ကျေးသိမ်မွေ့ခြင်း ရှိကြပေသည်။ အကယ်၍ လူ့ကျင့် ဝတ်တရားတို့သာလျှင် မရှိကြမူကား လူတို့သည် ရိုင်းစိုင်း၍ လူ့လောကကြီးသည် ကြောက် မက် ဖွယ်ရာ၊ စက်ဆုပ်ဖွယ်ရာ၊ ပွေလီ ရှုပ်ထွေးနေသော လောက ကြီး ဖြစ်နေပေလိမ့်မည်'' ဟူသော သြဝါဒ ကို သတိရလျက် လူ့ကျင့်ဝတ်သီလကို စောင့်ထိန်းလိုက်နာသင့်ပေသည်။ တောအုပ် ကြီး တစ်ခုတွင် တိရစ္ဆာန်များက အလှဆုံး တိရစ္ဆာန်ကို ရွေးချယ်ကြ ရာ ဒေါင်းမြီးကွက် များဖြင့် လှပသော ဒေါင်းမလေးကို အလှဆုံးဟု ရွေးချယ်လိုက်ကြသည်။ ထိုအခါ ဒေါင်းမလေးက အမြီးများကိုဖြန့်လိုက်လျှင် ပိုလှသည် ဟု ကြွားဝါလို၍ ဒေါင်းမြီး ကို ဖြန့်ထောင်ပြီးကရာ ဒေါင်း မြီးဖြင့် ဖုံးထားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို တိရစ္ဆာန်များက တွေ့မြင်ကြပြီးနောက် အရှက်မဲ့သော ဒေါင်းမလေးကို ဝိုင်းဝန်း ရှုတ်ချကဲ့ရဲ့ ကြတော့သည်။ ထို့ကြောင့် အရှက်တရား ကင်းမဲ့ခြင်းကို တိရစ္ဆာန်ပင် လက်မခံ၊ မကြိုက်နှစ်သက်ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။
မြတ်ဗုဒ္ဓက '' အရှက်အကြောက် မရှိလျှင် ဖြူစင်သောတရားမရှိ။ အရှက်အကြောက်ရှိသူတို့၌ မြတ်သောအကျင့် ပြန့်ပွား၍ ကိလေသာမှ ငြိမ်းအေး၏''ဟု ဣတိဝုတ် ပါဠိတော် သုက္ကဓမ္မ သုတ်၌ ဟောကြားတော်မူ ခဲ့သည်ဖြစ်ရာ အရှက်အကြောက် ကိန်းဝပ်သူသည်သာလျှင် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာ ကောင်းကျိုးရနိုင်ပေသည်။ ထို့ကြောင့် ဟီရိသြတ္တပ္ပ တရားနှစ်ပါး၊ အထူးသဖြင့် ''ဟီရိ'' ကို လုံးဝ (လုံးဝ) လျစ်လျူရှု၍ မရပါ။ ဤတွင်''ငါးရာ့ငါးဆယ် နိပါတ်၊ အမှတ် ၅၃၅-သုဓာဘောဇနဇာတ်တော်''ကို သာဓကဆောင်လိုပါ သည်။''အာသာ၊ သဒ္ဓါ၊ သီရိ၊ ဟီရိ'' ဟူသော သိကြားမင်း၏ သမီးတော် လေးပါးသည် အနောဝတတ် ရေအိုင်တွင် ရေကစား ပျော်ပါးကြပြီး ဆေးဒန်းမြင်း သီလာကျောက်ဖျာ ထက်၌ ခေတ္တနားနေကြသည်။ ထိုစဉ် နာရဒရသေ့သည် တာဝတိံသာနတ်ပြည်သို့ ဈာန်တန်ခိုးဖြင့် ပျံကြွသွားပြီးနောက် လမ်းခရီး တစ်ထောက် နတ်ဥယျာဉ်အတွင်း ဆိတ်ကွယ်ရာ၌ ခေတ္တနားနေ သပ္ပာယ်ပြီး နီရဲသော ပင်လယ် ကသစ်ပွင့်ကို ထီးကဲ့သို့ဆောင်းကာ နတ်သမီးများ နားနေရာ ကျောက်ဖျာထိပ် တည့်တည့်မှ သီတင်းသုံးမြဲနေရာ လိုဏ်ဂူသို့ ကောင်းကင်ခရီးဖြင့် ပျံကြွသွားတော်မူသည်။ လေအောက်ယူဇနာ တစ်ရာအထိ မွှေးသော ပင်လယ် ကသစ်ပွင့်ကို ညီအစ်မ လေးဦးက လိုက်တောင်းကြရာ နာရဒရသေ့က အမြတ်ဆုံးသူကို ပေးမည်ဖြစ်ကြောင်း၊ မည်သူ အမြတ်ဆုံး ဖြစ်သည်ကို သိရန် ဖခင်သိကြားမင်းထံ သွားမေးသင့်ကြောင်း အကြံပေး ပြောကြားခဲ့သည်။ ဖခင်သိကြားမင်းက သမီးအရင်းချည်းဖြစ်၍ အမြတ်ဆုံးသူကို ရွေးရခက်သဖြင့် ဟိမဝန္တာရှိ တရားဓမ္မသီလ နှင့် ပြည့်စုံသော ကောသိယရသေ့ထံ စေလွှတ်အဆုံးအဖြတ် ခံယူစေမည်ဖြစ် ကြောင်း၊ ကောသိယရသေ့၏ ဓလေ့မှာ နေ့ညမဆို ရောက်လာသူ လူတကာတို့အနက် အမြတ် ဆုံးသူကို စားဦးပေးလေ့ ရှိသဖြင့် ရသေ့အား မွှေးကြိုင် ချိုဆိမ့်လှစွာသော ဒိဗ္ဗဘောဇန နတ်သုဓာ လှူဒါန်းရန် မာတလိကို စေလွှတ်မည်ဖြစ်ကြောင်းနှင့် ရသေ့ထံမှ စားဦးရသောသူကို ကျန်သုံးဦးက မနာလိုငြူစူခြင်း မပြုရန် ဆုံးမလွှတ်လိုက်သည်။ ကောသိယရသေ့ထံသို့ သီရိက အရှေ့အရပ်၊ အာသာက တောင်အရပ်၊ သဒ္ဓါက အနောက်အရပ်၊ ဟီရိက မြောက်အရပ်မှ တညီတညွတ်တည်း ဝန်းရံခစားကာ နတ်သြဇာကိုပေးရန် တောင်းကြသည်။
ရသေ့က နတ်သမီးတစ်ဦးစီ၏ စိတ်နေသဘောထားကို မေးမြန်း စိစစ်ပြီးနောက် အမည်နှင့် လိုက်ဖက်အောင် အရှက်တရား စောင့်ထိန်းသူ အထွေးဆုံး ဟီရိ နတ်သမီးကို အမြတ်ဆုံး အဖြစ် ရွေးချယ်ကာ စားဦးပေးခဲ့သည်။ ဤသည်ကိုပင် ရှင်မဟာရဋ္ဌသာရက ''မှောင်မိုက်လင်း လင်း၊ ထွန်းဝင်းတညီ၊ ရွှေကြယ်စီသို့၊ သီရိရှေ့မှ၊ တောင်ကအာသာ၊ သဒ္ဓါ အနောက်၊ မြောက် ကား ဟီရိ၊ လိုတူညှိလျက်၊ တရှိတရွယ်၊ နေပြီးဝယ်တည့်၊ တစ်ဆယ့်နှစ်ပါး၊ ကျေးဇူးများသည်၊ သကြားရသာ၊ နတ်သြဇာကို၊ ပေးပါစေကြောင်း၊ ပန်ထွာတောင်းသော်၊ ထွေးနှောင်းဆုံးအား၊ ရသေ့ဖျားလျှင်၊ စကားမေးပြီး၊ ဖြေသီးချိုးချည်၊ အမည်လိုက်ဖက်၊ အရှက်စောင့်ထ၊ မြတ်ချင်း တကြောင့်၊ ကြည်လှအထူး၊ သဒ္ဓါနူး၍၊ စားဦးပေးတုံ လျှင်းသတည်း'' ဟု သံဝရပျို့တွင် ရေးဖွဲ့ ခဲ့သည်။ ဤသို့ဖြင့် ဟီရိ နတ်သမီးသည် စားဦးသာမက ပင်လယ် ကသစ်ပွင့်ကိုလည်း ဆက် လက်ရရှိခဲ့သည်။ ဤသည်ကို ထောက်ကိုး၍ ''ဟီရိဟူသော အရှက်တရားသည် အမြင့်မြတ် ဆုံးဖြစ်ကြောင်း'' သိသာထင်ရှားသည်။ ထို့ကြောင့် ဘိုးဘွားများက ''အရှက်ရှိမှ အကြောက်ရှိ မည်'' ဟူသော ဆိုရိုးစကား ထားခဲ့ကြခြင်းဖြစ်သည်။ ''မကောင်းမှုကို ပြုလုပ်ရန် အရှက်တရား ရှိသောသူမှသာ အကြောက်တရားရှိသည်'' ဟု ဆိုလိုရင်းဖြစ်သည်။ သို့ဖြစ်ရာ ကြံ၊ ပြော၊ ပြု ကံသုံးပါး အမှုကို ဆောင်ရွက်ကြရာ၌ ''ဟီရိ'' ကို ပိုမိုအလေးထားရမည် ဖြစ်သည်။ ထို့ကြောင့် လောကပါလတရားနှစ်ပါး မပျက်ပြားအောင် ဝိုင်းဝန်း စောင့် ထိန်းကြ ရန် တပ်လှန့်နှိုးဆော် သောအနေဖြင့် ဆရာကြီးဇော်ဂျီ၏ အောက်ပါ ကဗျာနှစ်ပုဒ်ကို မျှဝေ ပေးလိုက်ရပေသည်။
ဇော်ဂျီနှင့် ရှိန်းဆာယာ
ရုပ်သေးစင်ပေါ် ဇော်ဂျီနှင့် တောင်ဝှေး။
ခုန်အပျံနှင့်သူ့ဟန်ကို သည်ဖေကြည့် မောမိတယ်လေး။
ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်သည့်တန်ခိုး။
ရှိန်းဆာယာ သည်ဖေကြောက် စိတ်ပျောက်မှာစိုး။
စမ်းကြည့်ဖို့ပဲ
ရှိန်းဆာယာ ပိုမောက် ကိုယ်ပျောက်၍ စိတ်ပျောက်လျှင်။
ဆာယာရှင် ထင်ရာစိုင်း ရိုင်းပျအစဉ်။
လောဘနှင့် မာနယှဉ် ဗိုလ်ကျချင်အမြဲ။
အနိစ္စာ ထိုအသိ သတိခံ ခိုင်သလောက်ဖြင့် ပျောက်စိတ်ကိုရှာလျှင် မိပါလိမ့် စမ်းကြည့်ဖို့ပဲ။
Credit To >>> မြ၀တီ
0 comments:
Post a Comment