14.3.16

ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်စေရန် တပ်မတော်၏ နိုင်ငံရေးတွင် သြဇာလွှမ်းမိုးမှု၊ အာဏာ ချုပ်ကိုင်ထားမှုကို လျှော့ချပြီး ကာ/လုံ၏ ဖွဲ့စည်းပုံ၊ ပါဝင်ခွင့်၊ အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ပြောင်းလဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း စာတမ်း တစ်စောင်၌ ဖော်ပြ


မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်စေရန် တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်မှု၊ သြဇာ လွှမ်းမိုးမှု၊ အာဏာ ချုပ်ကိုင်ထားမှုများကို လျှော့ချ၍ တပ်မတော်အပေါ် အရပ်ဘက် ထိန်းချုပ်မှု ကျကျနန တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကာ ဒီမိုကရေစီ စံနှုန်းနှင့် မလျော်ညီသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကိုလည်း ဖွဲ့စည်းပုံ၊ ပါဝင်ခွင့်၊ အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ပြောင်းလဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့က ပြုစုသည့် ‘အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ဒီမိုကရေစီနည်းကျ အရပ်ဘက်၊ စစ်ဘက် လေ့လာရေး ရှုထောင့်မှ လေ့လာကြည့်ခြင်း’ မူဝါဒရေးရာ စာတမ်းငယ်တွင် ဖော်ပြချက်အရ သိရသည်။

ဒီမိုကရေစီ စနစ်တွင် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး၏ အဓိက အကျဆုံးသော အနှစ်သာရမှာ ‘စစ်တပ်အပေါ် အရပ်ဘက်က ထိန်းချုပ်ထားနိုင်ခြင်း’ ဖြစ်ပြီး စစ်တပ်မှာ အရပ်ဘက်၏ ထိန်းချုပ်မှုအောက်တွင် မရှိလျှင် ဒီမိုကရေစီစနစ် မအောင်မြင်နိုင်ဟု ပညာရှင်များက ထောက်ပြသည်။ စစ်တပ် ဆိုသည်မှာ နိုင်ငံတော်၏ ယန္တရား တစ်ခုသာ ဖြစ်သည့်အတွက် ပြည်သူ့ကိုယ်စားလှယ်များ (အရပ်ဘက် နိုင်ငံရေးသမားများ) ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသင့်သည်ဟု မူဝါဒ စာတမ်းတွင် ဖော်ပြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် ထွက်ပေါ်လာခဲ့သည့် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတို့အနက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းမှာ လွှတ်တော်သို့ တရားဝင် တင်သွင်းခဲ့မှု မရှိဘဲ အဆိုပါ ဥပဒေကို စတင်ခဲ့သူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကလည်း ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တင်သွင်းမည် မဟုတ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် မတင်သွင်းခဲ့သော်လည်း အဆိုပါ ဥပဒေမှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တင်သွင်းလာနိုင်သည့်အတွက် ကာ/လုံ မှာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်နိုင်လာသည့်အတွက် လက်ရှိ မူဝါဒ စာတမ်းငယ်ကို လေ့လာထုတ်ပြန်ခြင်း ဖြစ်သည်ဟု စာတမ်းတွင် ဖော်ပြသည်။

အမျိုးသား လုံခြုံရေးဟု ဆိုရာတွင် တိတိကျကျ အဓိပ္ပာယ် သတ်မှတ်ထားနိုင်ခြင်း မရှိချေ။ ယနေ့ ကမ္ဘာတွင် အမျိုးသား လုံခြုံရေး ဆိုသည်နှင့် စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုသာ မကဘဲ နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်လာနေသည့်အတွက် စစ်ရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုမှာ အမျိုးသား လုံခြုံရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်နေပြီး ခြိမ်းခြောက်မှု အားလုံးကို လုံခြုံမှု မရှိကြောင်း စာတမ်းက ဆိုသည်။

အခြားသော နိုင်ငံများတွင် အမျိုးသား လုံခြုံရေးဟု ဆိုရာတွင် နိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ စစ်ရေးဆိုင်ရာ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေးနှင့် စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ လုံခြုံရေးမှ ဆိုင်ဘာလုံခြုံရေးအထိ သတ်မှတ်ထားသည်။ နိုင်ငံ အများစုတွင် ကာ/လုံ ကဲ့သို့သော ပြည်သူများက ရွေးကောက်ထားခြင်း မရှိသည့် အဖွဲ့အစည်းများက တိုင်းပြည် အာဏာကို ထိန်းချုပ်ထားပြီး တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့၏ အာဏာ တည်မြဲရေးအတွက် လုပ်ဆောင်ပေးနေသည်ဟု စာတမ်းက ဆိုသည်။

ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်နေသည့် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများတွင် အမျိုးသား လုံခြုံရေးနှင့် သက်ဆိုင်သည်များကို မဟာဗျူဟာကျကျ လုပ်ကိုင်လေ့ရှိပြီး အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်က လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အကူအညီပေးခြင်း၊ လုပ်ငန်းဆိုင်ရာများ ထမ်းဆောင်ခြင်းများကိုသာ လုပ်ဆောင်နိုင်သည်။ ထိုအဖွဲ့အစည်းများတွင် စစ်ဘက်ဆိုင်ရာ အကြီးအကဲများမှာ အဖွဲ့ဝင်အဖြစ် ပါဝင်လေ့ ရှိသော်လည်း ၀င်ရောက်ဆုံးဖြတ်ခွင့် မရှိဘဲ အကြံဉာဏ်သာ ပေးနိုင်သည်ဟု စစ်တမ်းက ထောက်ပြသည်။

အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့၏ အမျိုးသား လုံခြုံရေးကောင်စီ နှစ်ခု၏ ဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် စစ်တပ်အပေါ် အရပ်ဘက်၏ ထိန်းချုပ်မှုအား ခိုင်ခိုင်မာမာ တည်ဆောက်ထားသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ပြည်သူက ရွေးချယ်၍ ပြည်သူကို တိုက်ရိုက် တာဝန်ခံသည့် အရပ်ဘက် နိုင်ငံရေးသမားများကသာ အမျိုးသား လုံခြုံရေး ကောင်စီတွင် အဓိက အခန်းကဏ္ဍမှ ရှိနေကာ စစ်တပ် အနေနှင့် လိုအပ်မှသာ အရပ်ဘက် နိုင်ငံရေးသမားများကို မိမိတို့ ကျွမ်းကျင်မှုအလိုက် အကြံဉာဏ်ပေးရသည့် တာဝန်ကို ထမ်းဆောင်ရသည်ဟု စာတမ်းတွင် ဖော်ပြသည်။

ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းခဲ့သည့် အင်ဒိုနီးရှား နိုင်ငံကို လေ့လာမည် ဆိုပါကလည်း အသွင်ကူးပြောင်းစတွင် စစ်တပ်သည် လွှတ်တော်အတွင်း ရာခိုင်နှုန်း ၂၀ ပါဝင်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းနှင့် မလျော်ညီသည့် ‘အမျိုးသား တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ’ ကဲ့သို့ အဖွဲ့အစည်းမျိုးကိုလည်း ဖွဲ့စည်းခဲ့သော်လည်း နိုင်ငံတော် လုံခြုံရေးနှင့် ဆိုင်သည့် အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမူ  သမ္မတကသာ ဆုံးဖြတ်ခွင့် ရရှိ၍ အဆိုပါ အဖွဲ့ကိုလည်း ၂၀၀၄ ခုနှစ်တွင် ဒီမိုကရေစီ စံနှုန်းများနှင့် မလျော်ညီသော အဖွဲ့အစည်းများ ဖျက်သိမ်းရာတွင် အပြီးသတ် ဖျက်သိမ်းနိုင်ခဲ့သည်ဟု စာတမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ဆောင်ခဲ့ဖူးသည့် ပါလီမန် ဒီမိုကရေစီခေတ်တွင် ၀န်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရသည့် အမျိုးသား ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အရပ်သားဝန်ကြီး မဟုတ်သူ စစ်ဦးစီးချုပ်မှာ အကြံပေး အဖွဲ့ဝင် အဖြစ်သာ ပါဝင်ခွင့် ရှိခဲ့ကာ ပြည်တွင်းစစ် ရှိနေခဲ့သော်လည်း စစ်တပ်အပေါ် အရပ်ဘက်၏ ထိန်းချုပ်မှုကို အတိုင်းအတာ တစ်ခုအထိ တည်ဆောက်နိုင်ခဲ့ပြီး ဒီမိုကရေစီ စနစ်ကို ကောင်းစွာ ထင်ဟပ်ပြနိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမှု မရှိသည့်အတွက် များစွာ ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ကာ/လုံ ကို နိုင်ငံတော် သမ္မတက ဦးဆောင်သော်လည်း စစ်တပ်၏ ပါဝင်မှုမှာ အဖွဲ့ဝင် ၁၁ ဦးအနက် စစ်တပ်ကို ကိုယ်စားပြုသူများက ခြောက်ဦးအထိ ပါဝင်နေပြီး ကာ/လုံ၏ ဖွဲ့စည်းပုံ၌ပင် အရပ်ဘက် ထိန်းချုပ်မှု ကင်းမဲ့နေပြီး စစ်တပ်၏ လွှမ်းမိုးမှု ကြီးစိုးနေမှုကို ခိုင်ခိုင်မာမာ တွေ့ရှိရသည်ဟု စာတမ်းက ဆိုသည်။

ထို့ပြင် စစ်တပ်၏ လုပ်ပိုင်ခွင့်များကို လေ့လာကြည့်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၀ အရ တရားဝင် အာဏာသိမ်းခွင့် ရရှိထားသည့် အနေအထား ဖြစ်နေပြီး ထိုသို့ အာဏာသိမ်းရာတွင် ကာ/လုံ ၏ အခန်းကဏ္ဍမှာ အရေးပါနေသည်။ ထို့ပြင် ပုဒ်မ ၄၂၁/ခ၊ ပုဒ်မ ၄၂၂၊ ပုဒ်မ ၄၂၅ နှင့် ပုဒ်မ ၄၂၆ တို့၏ ဆိုလိုရင်းများမှာ ရှုပ်ထွေးနေသည်။ ကာလုံနှင့် ပတ်သက်သည့် အခြေခံ ဥပဒေပါ အချက်များကို ကြည့်လျှင် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာမှာ ဒီမိုကရေစီ စနစ်တွင် ဖွဲ့စည်းထားသည့် အမျိုးသား လုံခြုံရေး ကောင်စီများ၏ လုပ်ပိုင်ခွင့်ထက် များစွာ မြင့်မားနေပြီး ဒီမိုကရေစီ စနစ်နှင့် ဆန့်ကျင်သည့် အခွင့်အာဏာ များစွာကိုလည်း ရယူထားသဖြင့် ဒီမိုကရေစီ စနစ်ကို ခြိမ်းခြောက်နိုင်သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ရှုမြင်ကြပြီး စစ်တပ်၏ အခွင့်အာဏာကို ပုံစံ တစ်မျိုးဖြင့် အသက်သွင်းပေးနေသည့် အဖွဲ့အစည်းအဖြစ် ဝေဖန်နေကြောင်း စာတမ်းက ဆိုသည်။

ပုဒ်မ ၄၂၁/ခ၊ ပုဒ်မ ၄၂၂ တွင် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် သက်တမ်းတိုးပေးခြင်း၊ ၎င်းအား ပေးအပ်ထားသည့် တာဝန် ပြီးဆုံးသွားသဖြင့် အာဏာကို လွှဲပြောင်း ပေးအပ်ထားသည့် အမိန့်ကို ရုပ်သိမ်းခြင်း စသည်တို့ကို နိုင်ငံတော် သမ္မတမှ တစ်ဆင့် ဆောင်ရွက်ရန် ဖော်ပြထားပြီး ပုဒ်မ ၄၂၅ နှင့် ပုဒ်မ ၄၂၆ တို့တွင်မူ နိုင်ငံတော်သမ္မတ အမည် မပါဝင်ဘဲ ဖော်ပြထားသဖြင့် ၀ိရောဓိ ဖြစ်စေနိုင်သလို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်လာစေနိုင်သည်ဟု စစ်တမ်းက ဆိုသည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်၏ သက်တမ်း ကုန်ဆုံးသွားသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွှတ်တော်များ မဖွဲ့စည်းမီ အချိန်အထိ ကာ/လုံ သည် နိုင်ငံတော် အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိသည်ဟု ဖော်ပြထားသည့်အတွက် လွှတ်တော်များကို ဖွဲ့စည်းနိုင်မှု ရှိ/မရှိ အခြေအနေ မည်သို့ ဆုံးဖြတ်ရသည်ကို ဖော်ပြထားမှု မရှိသည့်အတွက် ကာ/လုံတွင်သာ အဆိုပါ ဆုံးဖြတ်ခွင့် အာဏာ ရှိနေသည့်သဘော သက်ရောက်နေသည်ဟု စာတမ်းက ဆိုသည်။

ထို့ကြောင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ဒီမိုကရေစီဘောင်သို့ သွင်းနိုင်စေရန် မည်သည့် ကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ အမျိုးသား ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြစ်သည်ကို လေ့လာသုံးသပ်ပြီး အဓိပ္ပာယ် တိတိကျကျ ဖွင့်ဆိုရန်၊ နိုင်ငံတွင် ကျင့်သုံးမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒများ ရေးဆွဲချမှတ်ရန်၊ နိုင်ငံရေးဆိုင်ရာ တရားဝင်မှု ရရှိရန် ရေးဆွဲ ချမှတ်ပြီးသော မဟာဗျူဟာနှင့် မူဝါဒများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရန်၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှု မြင့်တက်လာစေရန် အခြားသော ဒီမိုကရေစီ နိုင်ငံများကဲ့သို့ လွတ်လပ်သော လုံခြုံရေးဆိုင်ရာ အရပ်ဘက် ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများ၊ မီဒီယာများ၏ အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်ပေးရန်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ပတ်သက်သော ဥပဒေများ ပြဋ္ဌာန်းရာတွင် ဒီမိုကရေစီ စံနှုန်းတစ်ရပ်ဖြစ်သော စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ခိုင်မာစေသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်း ပြဋ္ဌာန်းပေးရန်နှင့် အနာဂတ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို အခြေခံဥပဒေ ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် အတူ ပြောင်းလဲ ဖော်ဆောင်သွားရန် စသည့်အချက်များ လုပ်ဆောင်သင့်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment