ကမ္ဘာ့ငွေဈေး၊ ထိုင်းဘတ်ငွေဈေး မြင့်တက်ခြင်းနှင့် ထိုင်းနိုင်ငံအတွင်း တင်သွင်းမည့် လိုင်စင်နှင့် ကိုက်ညီသည့် မော်တော်ယာဉ် ၀ယ်ယူရ ခက်ခဲလာခြင်းကြာင့် မြ၀တီ နယ်စပ်မှ ကားတင်သွင်းမှု ယခင်ထက်သိသာစွာ လျော့ကျလာကြောင် နယ်စပ်သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။
ကားတင်သွင်းမှု မူဝါဒသစ်ကြောင့် ရန်ကုန်နှင့် ပြည်တွင်းဈေးကွက်တွင် ကားဈေး မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံအတွင်း ကားဝယ်ယူရ ခက်ခဲခြင်းနှင့် ၀ယ်လိုအားရှိသည့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် ရေကြီးရေလျှံ ဖြစ်နေခြင်းကြောင့် ယခုလတွင် မြ၀တီနယ်စပ်မှ ကားတင်သွင်းမှု ပိုမိုလျော့နည်းလာခဲ့သည်။
“ကားဝယ်လက် မရှိတာရယ်၊ ထိုင်းဘက်မှာ ကားဝယ်ရ ခက်တာရယ်ကြောင့် တင်သွင်းခွင့်လိုင်စင် ရောင်းမယ်ဆိုရင်တောင် ၀ယ်မယ့်လူ မရှိဘူး။ လိုင်စင်ပါတဲ့ မော်ဒယ် အလိုက် ကားဝယ်ရ ခက်ခဲနေပါတယ်။ တင်သွင်းခွင့်လိုင်စင် သက်တမ်းအဖြစ် လာမယ့် အောက်တိုဘာလထိ တင်သွင်းလို့ ရပေမယ့် ခုကတည်းက ကားအ၀င် မရှိသလောက် ဖြစ်နေပါတယ်” ဟု တရားဝင် ကားတင်သွင်းနေသူ တစ်ဦးက ဆိုသည်။
ထို့အတူ ထိုင်းနိုင်ငံထုတ် Vigo ကားများ အပါအ၀င် လုပ်ငန်းသုံးကားများအား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ လာရောက် ၀ယ်ယူမှု များပြားနေခြင်းကြောင့်လည်း ကား ဈေးမြင့်တက်နေသည်ဟု ၎င်းက ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံများ ၀ယ်လက်မြင့်မားလာသည့် အတွက် ကားတစ်စီးလျှင် ဘတ်သုံးသောင်းအထက် မြင့်တက်လာခဲ့ကာ ထိုင်းဘတ်ငွေဈေးကြောင့်လည်း မြန်မာကျပ်ငွေ ၁၀ သိန်း၊ ၁၅ သိန်းထိ ဈေးမြင့်တက်သွားသည်ဟု ဆိုသည်။
“ပြီးတော့ အိမ်နီးချင်း တခြားနိုင်ငံတွေလည်း ထိုင်းမှာ လုပ်ငန်းသုံးကားတွေကို ဈေးပိုပေးပြီး ၀ယ်နေတယ်။ ထိုင်းဘတ်ငွေလည်း ယခင်နှစ်လက ဘတ်တစ်သိန်းရဖို့ မြန်မာ ကျပ်ငွေ ၃၂၇၀၀၀၀ ခန့်သာ ပေးခဲ့ရပေမယ့် ဒီနေ့ (၂၂- ၈- ၂၀၁၆) မှာ ဘတ်တစ်သိန်းရဖို့ ကျပ် ၃၃၆၇၀၀၀ ပေးပြီး ငွေလဲနေရပြီ။ ကားဈေးကလည်း တစ်စီးဘတ် ၃၀၀၀၀ နီးပါး ဈေးတက်သွားတဲ့အတွက် ဘတ် ၁၀ သိန်းတန်တဲ့ ကားဆိုရင် အရင်ထက် သိန်း ၂၀ ၀န်း ကျင်မြင့်တက်သွားပြီ” ဟု ဆိုသည်။
မြန်မာထိုင်းနယ်စပ် မြ၀တီမြို့တွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးစလုံးဖြင့် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်လျက်ရှိရာ (ဘတ်...၁၀၀ = ကျပ် ၃၄၈၀)(ဘတ်ရောင်းဈေး=၂ ဒသမ ၈၆ဘတ်)(ဘတ်ဝယ်=၂ ဒသမ ၈၇ ဘတ်) တို့ဖြင့် အရောင်းအ၀ယ် ဖြစ်လျက်ရှိကာ ဒေါ်လာဈေးမှာ တစ်ဒေါ်၁၂၀၈ ကျပ်ထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံထုတ်ကားများ ဈေးမြင့်တက်လာခြင်းနှင့်အတူ တင်သွင်းမည့် ကား၏ လိုင်စင်ပါ C.C ကွဲလွဲခြင်း၊ ထိုင်ခုံ C .Tar ကွဲလွဲခြင်း၊ ကားတင်သွင်းသည့် Modal Year ကွဲလွဲခြင်းအတွက် နှစ်နှစ်အထိ အမြင့်နှုန်းဖြင့် အခွန်ဆောင်ခွင့်ရှိပြီး 2014 Modal ထိ တင်သွင်းခွင့်ရှိသော်လည်း မော်တော်ယာဉ် ၀ယ်ယူရခက်ခဲခြင်းက ကားတင်သွင်းမှုကို လျော့ကျစေသည်ဟု ဆိုသည်။ မြ၀တီနယ်စပ်မှ မော်တော်ယာဉ်များနည်းတူ ပြည်တွင်း၌ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၁၉၉၅ မော်ဒယ် လုပ်ငန်းသုံး စက်ယန္တရားများဖြစ်သည့် လမ်းကြိတ်စက်၊ ကရိန်း၊ ဘက်ဟိုးများ၊ လယ်ယာသုံး၊ စပါးခြွေလှေ့စက်များ ပုံမှန်တရားဝင် တင်သွင်းလျက်ရှိသည်ဟု ဆိုသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment