အငြင်းပွားဖွယ် မြစ်ဆုံဆည်ဖြစ်ရပ် အပြီးတွင် အန္တရာယ်ကြီးသည့် စီမံကိန်းများ လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုမှုများ ပိုမိုလုပ်ဆောင်လျက် ရှိသည်။
၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရသစ် တာဝန်ယူလိုက်ပြီး စာရွက်ပေါ်တွင် မဖော်ပြထားသော်လည်း အစိုးရအဖွဲ့ကို လက်တွေ့ဦးဆောင်နေသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အစိုးရသစ် လက်အောက်ရှိ ဝန်ကြီးဌာနသစ်၏ ဦးစားပေး အစီအစဉ်များနှင့် သဘောထားများကိုလည်း တရုတ်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် စီးပွားရေး လုပ်ငန်းများက စောင့်ကြည့်လျက်ရှိသည်။
လက်ရှိအချိန်ထိမူ တာဝန်ယူမှုသာ ရှိပါက မည်သည့်နေရာမှ လာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါစေ လိုလားသ ည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလျက် ရှိသည်။ ထို့အတူ အကျင့်ပျက်မှုနှင့် ပတ်သက်လျှင် ရှင်းလင်းသည့် ညွှန်ကြားချက်များကို ၎င်း၏အဖွဲ့ထံသို့ ဒေါ်စုက ထုတ်ပြန်ထားပြီး လက်ဆောင် လက်ခံရယူရေးနှင့် ပတ်သက်သည့် စည်းမျဉ်းများကိုလည်း တင်းကျပ်ထားသည်။ သစ်ခုတ်လှဲမှု ယာယီဆိုင်းငံ့ခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ထူထောင်ခြင်း၊ ဖားကန့်ကျောက်စိမ်းတွင်းများနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသရှိ ရွှေတွင်းများထံသို့ သွားရောက်ခြင်းများကို ကြည့်ပါက သတ္တုတူးဖော်ရေး လုပ်ငန်းမှ ပေါ်ထွက်လာမည့် ထိခိုက်မှုများ လျှော့ချရေးကို အစိုးရအဖွဲ့သစ် ဦးစားပေးကြောင်း သိသာနိုင်သည်။
ယင်းကဲ့သို့သော ထိခိုက်ပျက်စီးမှု ပေါ်ပေါက်စေနိုင်သည့် လုပ်ငန်းများစွာနှင့် တရုတ်စီးပွားရေးသမားများ ပါဝင်ပတ်သက်နေပြီး နယ်စပ်ဒေသ တစ်လျှောက်ရှိ မြန်မာလက်နက်ကိုင် အုပ်စုများနှင့်လည်း ပူးပေါင်းလုပ်ကိုင်လျက် ရှိသည်။ အဆိုပါ စီးပွားရေးသမားများမှာ တရုတ်နိုင်ငံ၏ ကိုယ်စားပြုသူများ မဟုတ်သော်လည်း ယင်းမှန်ဘီလူးမှ တစ်ဆင့် တရုတ်စီးပွားရေး လုပ်ငန်းပုံစံမှာ မည်ကဲ့သို့ ဖြစ်သည်ဟု မြန်မာပြည်သူများက ရှုမြင်နေကြသည်။
တစ်ဖန် တရုတ်နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ၏ အရေးကြီးသော လက်တွဲဖော် ဖြစ်သည်ဟု အသိအမှတ် ပြုနေရသေးသည်။ အခြေခံအဆောက်အဦလုပ်ငန်း၊ ထောက်ပံ့ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံ တာဝန်ယူမှုရှိရှိ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အရေးပါသည်။
မြန်မာ-တရုတ် ဆက်ဆံရေးနှင့် သတင်းစာရှင်းလင်းပွဲတိုင်းတွင် နေရာယူထားသည်မှာ ဧရာဝတီမြစ်ပေါ်တွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် မြစ်ဆုံဆည် စီမံကိန်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့သည်။ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် မတိုင်ခင် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြီးအကျယ် တွန်းအားပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့်လည်း ဦးသိန်းစိန် ခေါင်းဆောင်သည့် အရပ်သားအစိုးရသည် ယခင်ဆယ်စုနှစ်များစွာက အာဏာရှင် အုပ်ချုပ်မှုပုံစံဖြင့် ကွဲပြားလိမ့်မည်ဟု မြန်မာပြည်သူများက ယုံကြည်ခဲ့ကြသည်။
ကံဆိုးစွာပင် ယင်းဆုံးဖြတ်ချက်သည် ငါးနှစ်ကြာပြီးနောက် ပြဿနာများကို ဒေါ်အောင်ဆန်းစုကြည်ပေါ် ပုံကျလာစေတော့သည်။ မကြာသေးခင်က သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ် မတိုင်ခင်တွင် မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်သုံးသပ်ရန် ကော်မရှင်သစ်တစ်ရပ် ဖွဲ့စည်းမည်ဟု သူမက ထုတ်ပြန်လိုက်သည်။ ကော်မရှင်၏ တာဝန်မှာ စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာများသည် အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်း၊ ပြည်တွင်းဥပဒေရေ သယံဇာတ၊ ရေကြောင်းသွားလာမှုနှင့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှု အပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအပေါ် အကောင်းအဆိုး သက်ရောက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စီးပွားရေးရာ အလားအလာ၊ မြန်မာနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အပြန်အလှန် အကျိုးပြုနိုင်မှုအပေါ် အဆိုပြုရန် စသည်တို့ ပါဝင်သည်။ အဆိုပါ ကော်မရှင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
သို့သော်လည်း ယင်းကဲ့သို့သော များပြားလှသည့် တာဝန်များကို အချိန်သုံးလအတွင်း ကော်မရှင် မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်မှာ ခက်ခဲသည့်မေးခွန်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု သုံးသပ်ချက် (EIA) လုပ်ဆောင်ပါက ပိုမိုကောင်းမွန်မည် ဖြစ်သည်။ သို့သော် EIA လုပ်ဆောင်မည် ဆိုပါက နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်ပြီး အများပြည်သူရှေ့တွင်လည်း ချပြငြင်းခုံရဦးမည် ဖြစ်သည်။ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် မြစ်ဆုံစီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရာတွင် ယင်းကဲ့သို့သော အချက်များကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။
၂၀၁၂ ခုနှစ်တွင်မူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တည်ထောင်လိုက်ကာ သဘာဝ ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ယင်းမှတစ်ဖန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ရေး လုပ်ထုံးလုပ်နည်းများကို အတည်ပြုလိုက်သည်။ ဒေသခံ ပြည်သူများ၏ အခွင့်အရေး၊ ပြန်လည်နေရာချထားမှု စသည့် နယ်ပယ်များတွင် အမျိုးသားအဆင့် ဥပဒေများ ကင်းမဲ့နေချိန်၌ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC နှင့် အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) စသည်တို့မှ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းများကို ကိုးကားအသုံးပြုရန် လိုအပ်ကြောင်း အထက်ဖော်ပြပါ လုပ်ထုံးလုပ်ငန်းများတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် တရုတ် CPI လုပ်ငန်းက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် EIA ကို ၂၀၀၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဆန္ဒပြမှုများ ပေါ်ထွက်လာပြီးနောက်မှသာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်း EIA တွင် ‘အခြားသောနည်းလမ်း လေ့လာသုံးသပ်မှု’ ကင်းမဲ့ခြင်း၊ မြစ်ကြေပိုင်း ထိရောက်နိုင်မှုကို သင့်တင့်လျောက်ပတ်စွာ သုံးသပ်မှု ကင်းမဲ့ခြင်း၊ ဆည်ခုနစ်ခု၏ စုပေါင်းသက်ရောက်နိုင်မှု အကဲဖြတ်ချက် မရှိခြင်း၊ လူမှုရေးရာ သက်ရောက်နိုင်မှု အကဲဖြတ်မှု ကင်းမဲ့ခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။
EIA အသစ်တွင် မြစ်အောက်ပိုင်းနှင့် အထက်ပိုင်း ရေစီးကြောင်း ပြောင်းလဲနိုင်ခြေကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည် ဆိုပါက အပြောင်းအလဲ လုပ်ဆာင်ရန် လိုအပ်မည် ဖြစ်သည်။ ဆည်တည်ဆောက်ရေး ဆန့်ကျင်နေမှုများကို ထည့်သွင်းမစဉ်းစားလျှင်ပင် စီးပွားရေးရာ အလားအလာများမှာ ထိခိုက်ခံရမည် ဖြစ်သည်။
မြစ်ဆုံကော်မရှင်သည် EIA အသစ်အတွက် ဖြတ်လမ်း အသုံးပြုသွားနိုင်သည်။ အဆုံးတွင်မူ ဆန့်ကျင်မှုများနှင့် မသေချာမှုများ များစွာ ပေါ်ပေါက်နေခြင်းကြောင့် ကန်ထရိုက် သဘောတူညီချက်နှင့်အညီ လျော်ကြေးငွေပေးရန် ညှိနှိုင်းပြီး စီမံကိန်းကို စနစ်တကျ ရပ်ဆိုင်းသွားရေးသည်သာ နိဂုံးချုပ်အဖြေအဖြစ် ပေါ်ထွက်လာနိုင်သည်။
ဆည်မှ သင်ခန်းစာများ
မြစ်ဆုံစီမံကိန်းသည် သီးခြားအထူးပြု ဝိသေသများရှိသည့် စီမံကိန်း ဖြစ်သော်လည်း ယင်းမှ ရရှိလာသည့် သင်ခန်းစာများသည် အခြားသော ရင်းမြှုပ်နှံသူများ အတွက်လည်း ဆီလျော်သည့် သင်ခန်းစာများ ဖြစ်သည်။ အထူးသဖြင့် ဆည်စီမံကိန်း၊ သတ္တုတွင်းနှင့် လမ်းတည်ဆောက်ရေး စသော အန္တရာယ်များသည့် လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အနောက်တိုင်း လုပ်ငန်းများထက် ပိုမိုစိတ်အားထက်သန်သည့် တရုတ်နိုင်ငံ အဆိုပါ သင်ခန်းစာများကို လေ့လာသင့်သည်။
ပထမ သင်ခန်းစာမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ၌ ဥပဒေရေးရာ မူဘောင်ရှိနေပြီ ဆိုသည့်အချက် ဖြစ်သည်။ ညံ့ဖျင်းစွာ ဖော်ပြထားကာ ညံ့ဖျင်းစွာ နားလည်ထားပြီး ညံ့ဖျင်းစွာ လက်တွေ့ကျင့်သုံးကာ အကောင်အထည် ဖော်ထားသော်လည်း ယင်းကဲ့သို့သော မူဘောင်ရှိသဖြင့် ဥပဒေကြောင်းအရ လိုက်နာရန် တာဝန်ရှိလာပြီ ဖြစ်သည်။ တစ်ဖန် မြန်မာဥပဒေ မရှိသည့် နယ်ပယ်များတွင် ကမ္ဘာ့ဘဏ်နှင့် IFC စံချိန်စံညွန်းများကို ကိုးကားရန် မူဘောင်က ရည်ညွှန်းထားသဖြင့် မြန်မာဥပဒေများသည် လက်ရှိကာလတွင် ရှင်းရှင်းလင်းလင်း မရှိလျှင်ပင် မည်သည့် အဓိက ရင်းနှီးမြှုပ်နှံမှုမဆို ယင်း စံနှုန်းများနှင့်အညီ လုပ်ကိုင်ရန် အကြံပေးခြင်း ခံရနိုင်သည်။
ဒုတိယ သင်ခန်းစာမှာ ပြည်သူ့အသံကို ကြားနိုင်၊ နားထောင်နိုင်နေပြီ ဖြစ်သည်။ ယင်းကဲ့သို့မျိုး ၂၀၁၁ ခုနှစ် မတိုင်ခင်တွင် မဖြစ်နိုင်ပေ။ ပြည်သူ့အသံမှာလည်း ပါဝါရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အသံကို ထိတွေ့နားထောင်ရန် လိုအပ်ပြီး ရိုးသားပွင့်လင်းရန်လည်း လိုအပ်ပြီ ဖြစ်သည်။
တတိယ သင်ခန်းစာမှာ ပြဿနာ အရင်းအမြစ်မှာ ညံ့ဖျင်းစွာ သုံးသပ် အကောင်အထည် ဖော်ထားသည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကိုသာ ပြစ်တင်ခံရမည် ဖြစ်သည်။ EIA လုပ်ထုံးလုပ်နည်းသစ်အရ မဟာဗျူဟာ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု (SEA) ကို အစိုးရအဖွဲ့က လုပ်ဆောင်သွားနိုင်သည်။ SEA အသုံးပြုမည် ဆိုပါက စီမံကိန်းတစ်ခုလုံး သို့မဟုတ် မူဝါဒ တစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်မည် ဖြစ်ပြီး ကုမ္ပဏီတစ်ခု၊ တည်ဆောက်ရေး တစ်ခုတည်း၏ သက်ရောက်မှုကို ကျော်လွန်သုံးသပ်မည် ဖြစ်ကာ အများပြည်သူ ငြင်းခုံမှုများကိုလည်း ခွင့်ပြုပေးမည် ဖြစ်သည်။ လက်ရှိကာလ အထိမူ မြန်မာနိုင်ငံတွင် SEA ကျင့်သုံးမှု မရှိသေးပေ။ ထို့အပြင် SEA အသုံးပြုနိုင်ရေး အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ငှားရမ်းနိုင်ရေး အစိုးရအဖွဲ့တွင်လည်း ငွေကြေးလုံလောက်စွာ မရှိနိုင်ပေ။ သို့သော် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များသည် ယင်းကဲ့သို့ လုပ်ဆောင်နိုင်သည်။ CITIC လုပ်ငန်းစုက ဦးဆောင်တည်ဆောက်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ တရုတ်နိုင်ငံကို ဆက်သွယ်ထားသည့်ပိုက်လိုင်း အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်း များစွာတွင် အစိုးရ ဦးဆောင်သည့် SEA များ လုပ်ဆောင်ရန် တောင်းဆိုမှု ပေါ်ပေါက်လာနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပေါ်ထွက်လာနိုင်မည့် အကျိုးဆက်များကို သုံးသပ်သင့်ပြီး စီးပွားရေးဇုန်များတွင် လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် အထူးလမ်းညွှန်ချက်များ ချမှတ်သင့်သည်။
သံလွှင်မြစ် (နုမြစ်) ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသည့် ဆည်စီမံကိန်းများသည် SEA သုံးသပ်မှု လုပ်ဆောင်ရေး ကိုယ်စားလှယ်လောင်းများ ဖြစ်လာနိုင်သည်။ ယင်းစီမံကိန်းများသည် ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရကာ ရေရှည်အကျိုးဆက်များနှင့် ပတ်သက်၍လည်း မဲခေါင် ဒေသတွင် စိုးရိမ်မှုများ ပေါ်ထွက်လျက်ရှိသည်။ ထို့အပြင် စီမံကိန်းများမှာ ကနဦး အဆင့်တွင်သာ ရှိသေးပြီး ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသတွင် ရှိနေခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရရှိခင်၊ SEA မလုပ်ဆောင်ခင် အချိန်ထိ ဆိုင်းငံ့ထားသင့်သည်။ ရေရှည်တည်တံ့နိုင်သည့် ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် IFC က မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ပူးပေါင်းလုပ်ဆောင်ရန်လည်း ကုမ္ပဏီများကို ကမ်းလှမ်းလျက်ရှိသည်။
ပွင့်လင်းမြင်သာမှုက အဓိက
အတိတ်ကာလအတွင်း ကင်းမဲ့နေသည်မှာ ရင်းနှီးမြှုပ်နှံသူများတွင် ဆက်သွယ်မှုနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေခြင်း ဖြစ်သည်။ နိုင်ငံရေးလွင်ပြင်မှာ ပြောင်းလဲနေပြီ ဖြစ်သည်။ တက်ကြွထိရောက်သည့် ပြည်သူ့ငြင်းခုံမှုများသည် အစိုးရ မီဒီယာများနှင့် လူမှုမီဒီယာများတွင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ ကုမ္ပဏီများ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီ ဖြစ်သည်။ ၎င်းတို့အနေနှင့် သတင်းအချက်အလက်များကို ထုတ်ပြန်ထားသင့်ပြီး ပေါ်ထွက်လာသည့် သတင်းများကို လက်ဦးမှုရှိရှိဖြင့် တုံ့ပြန်သင့်သည်။ ဒေသခံနှင့် တစ်နိုင်ငံလုံးအဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ရမည် ဖြစ်သည်။ လူသိများအောင် ဖော်ပြထားသည့် လှူဒါန်းမှုများဖြင့် ထောက်ခံမှုရအောင် ဝယ်ယူရေးမှာ အဖြေမဟုတ်ပေ။ ဒေသခံ ပြည်သူများသည် ၎င်းတို့၏ အခွင့်အရေးကို လေးစားလိုက်နာရန်သာ လိုလားပြီး လှူဒါန်းမှု ပစ္စည်းများကို လိုလားနေခြင်း မဟုတ်ပေ။
ပွင့်လင်းမြင်သာရေး၊ ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်လျှင် ဥပဒေဆိုင်ရာ လိုအပ်ချက်များသည် အနိမ့်ဆုံး အဆင့်တွင် သာရှိနေသေးသည်။ EIA လုပ်ငန်းစဉ်သစ်ကြောင့် သတင်းအချက်အလက်များ ထုတ်ပြန်ရန်နှင့် ပြည်သူများနှင့် တိုင်ပင်ရန် လိုအပ်လာမည် ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီများ အနေနှင့် ဥပဒေအရ မလိုအပ်သည်ဖြစ်စေ မကျေနပ်မှုများကို ဖြေရှင်းရေး အစီအစဉ်တစ်ရပ် ချမှတ်ထားပြီး သက်ဆိုင်ရာ ဒေသခံများ၏ မကျေနပ်ချက်များ ကုမ္ပဏီသို့ တိုက်ရိုက်လာရောက် ပြောကြားနိုင်ရေး လမ်းဖွင့်ပေးသင့်သည်။ ယင်းအစီအစဉ်ကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်ချက်နှင့်အညီ ချမှတ်သင့်သည်။
ဘေးအန္တရာယ် ရှောင်ရှားနိုင်ရေးအတွက် ကုမ္ပဏီများ လုပ်ဆောင်ရမည့် အချက်မှာ ကြိုတင်သတိရှိရန် ဖြစ်သည်။ စစ်တပ်နှင့် ဆက်နွှယ်မှုရှိသည့် လုပ်ငန်းများနှင့် ပတ်သက်မိပါက ပြဿနာသစ်များပေါ် ထွက်လာနိုင်သည်။ ထို့အပြင် မြေသိမ်းမှုနှင့် ဆက်နွှယ်နေသည့် နေရာများတွင် လုပ်ကိုင်မိပါကလည်း လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ ပေါ်ပေါက်လာနိုင်သည်။
မြန်မာနိုင်ငံတွင်း ဥပဒေနှင့်အညီ လုပ်ကိုင်ရေးမှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ဥပဒေသစ်များ၊ ရှေ့နောက်မညီသည့် ဥပဒေများသည် မြန်မာနိုင်ငံတွင်း ရုတ်တရက် ပေါ်ထွက်လာပြီး မြန်မာဘာသာဖြင့်သာ ရေးသားထားသေးသည်။ ဥပဒေ ပြဋ္ဌာန်းရာတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေးအတွက် တာဝန်ယူမှုရှိသော စီးပွားရေး ဆိုင်ရာ မြန်မာစင်တာက တိုက်တွန်းလျက်ရှိသည်။ ထို့အတူ ဥပဒေသစ်များတွင် ကုမ္ပဏီများ၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိသည်။ ယခုကဲ့သို့ မရေရာ မသေချာသည့် အသွင်ကူးပြောင်းမှု ကာလတွင် ကုမ္ပဏီများသာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအတိုင်း ပွင့်လင်းမြင်သာစွာ လုပ်ငန်းလုပ်ကိုင်ပါက ဥပဒေကြောင်းအရ ကိုက်ညီမှု ရရှိမည် ဖြစ်သလို ရင်းနှီးမြှုပ်နှံသူများထံမှ မြန်မာပြည်သူများ မျှော်လင့်၊ လိုလားနေသည့် အရာများကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
Credit To >>> The Voice Weekly
26.9.16
မြန်မာနိုင်ငံတွင်း ပိုမိုတင်းကျပ်သည့် ဥပဒေများနှင့် ရင်ဆိုင်လာရသည့် တရုတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment