ကရင်ပြည်နယ် မြ၀တီနယ်စပ်မြို့တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးလုံးဖြင့် ရောင်းဝယ်သုံးစွဲမှု ပြုလုပ်နေကြသော်လည်း ထိုင်းကုန်ပစ္စည်းများ ၀ယ်ယူရာတွင် ဘတ်ငွေဖြင့်သာ ၀ယ်ယူရသည့်အတွက် မြန်မာကုန်သည် အများစုမှာ တစ်ပတ်အတွင်း သိန်းဆယ်နှင့်ချီ၍ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
နယ်စပ်မှကုန်သွယ်ရာတွင် ကုမ္ပဏီကြီးများ အနေဖြင့် ငွေဈေးကြောင့် ထိခိုက်မှုနည်းသော်လည်း တစ်နိုင်တစ်ပိုင် ရောင်းဝယ်ကူးသန်းသည့် ကုန်သည်များမှာ ပြည်တွင်းဈေးကွက်၌ ရောင်းချပြီး နယ်စပ်သို့ ပြန်လာလျှင် ကုန်စည်ဒိုင်သို့ မရောက်မီ အရှုံးပေါ်နေကြောင်း သိရသည်။
“အစ်ကိုတို့က ထိုင်းကုန်စည်တွေကို ရန်ကုန်ပို့တာဆိုတော့ အနည်းဆုံး အသွားအပြန် သုံးလေးရက်ကြာတာလေ။ ခုလိုဘတ်ဈေး အတက်မြန်တဲ့အတွက် ရောင်းချခဲ့တဲ့ဈေးဟာ ဒီမှာဝယ်ရမယ့် ဈေးနှုန်းကို လိုက်မမီတော့ဘူး။ ဒီဒဏ်ကို ကုန်သည်တွေ ခံစားရတဲ့နောက်မှာတော့ စားသုံးသူတွေကို ပိုပြီးထိခိုက်စေပါတယ်” ဟု မြ၀တီမြို့မှ နယ်စပ်ကုန်သည် တစ်ဦးက ပြောကြားသည်။
ထိုင်းဘတ်ငွေဈေးသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့် ၂၀၀၅ ခုနှစ်က မြန်မာကျပ်ငွေ တစ်သိန်းလျှင် ဘတ်၂၅၀၀ ဖြစ်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ဘတ် ၄၀၀၀ အထိ ဈေးပြန်ကျခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် တရိပ်ရိပ် မြင့်တက်လာခဲ့ကာ ယခုနစ် အောက်တိုဘာ ၄ ရက်တွင် ကျပ်ငွေတစ်သိန်းလျှင် ဘတ်၂၇၅၀၊ (ဘတ် ၁၀၀=၃၆၃၆ ကျပ်) အထိ ဘတ်ငွေ မြင့်တက်လျက် ရှိသည်။
“ညီမတို့ဆိုင်ကတော့ လက်လီဈေးကွက်ကို အဓိကထား ရောင်းချပါတယ်။ ကျပ်ငွေနဲ့ပဲ ရောင်းတာဆိုတော့ ပစ္စည်းဈေးက ယခင်လကထက် တစ်မည်ကို ကျပ်တစ်ထောင်ဝန်းကျင် ဈေးတက်သွားပါတယ်။ ကုန်ဈေးနှုန်း တက်တိုင်း အရောင်းအ၀ယ်အေးတာ ပုံမှန်ပါပဲ” ဟု ဘုရင့်နောင်ဈေးအနီးက ထိုင်းကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် မခိုင်က ပြောကြားသည်။
ထိုင်းကုန်ပစ္စည်းများအား လက်လီလက်ကား ရောင်းချဖြန့်ချိသည့် ကုန်စည်ဒိုင်များမှာ ထိုင်းဘတ်ငွေဖြင့်သာ ရောင်းချကြပြီး မြန်မာကျပ်ငွေဖြင့် ၀ယ်ယူသူတိုင်း ယခင်ထက် ကျပ်ငွေ အလိုက်ပေးနေရသည်ဟု ဆိုသည်။
“ထိုင်းဘတ်ငွေနဲ့ ၀ယ်ရင်တော့ ဈေးအပြောင်းအလဲ မရှိပါဘူး။ ဆိုင်ကယ်တစ်စီး ယခင်က ဘတ် ၄၅၀၀၀ ဆိုရင် ခုလည်း ဒီလောက်ပါပဲ။ ဒါပေမဲ့ မြန်မာငွေသာ လက်ဝယ်ရှိတော့ တစ်စီးကို ယခင်ထက် ကျပ်ငါးသောင်းခန့် ပိုပြီးဖြည်စွက်ပေးရတာပေါ့” ဟု ဆိုင်ကယ်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးက ပြောကြားသည်။
ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်များအား ပြည်တွင်းဈေးကွက်သို့ တင်ပို့မှု မြင့်တက်လျက်ရှိသော်လည်း ဆိုင်ကယ်တစ်စီးလျှင် ယခင်လကထက် ကျပ် ၅၀၀၀၀ နှင့် တစ်သိန်းဝန်းကျင် မြင့်တက်နေခြင်းကြောင့် မြ၀တီဈေးကွက်တွင် အရောင်းအ၀ယ် မရှိသလောက် ငြိမ်နေကြောင်း ဆိုင်ကယ် Show Room ဖွင့်လှစ်ရောင်းချနေသူ ကိုရွှေညာက ပြောကြားသည်။
မြ၀တီနယ်စပ်မြို့ ငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၂၈၀၊ ထိုင်းဘတ် ၁၀၀ လျှင် ၃၆၃၆ ကျပ်တို့ ဖြင့် အရောင်းအ၀ယ် ဖြစ်လျက်ရှိသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment