27.8.13

ကျန်းမာရေး အသုံးစရိတ် သင့်မှာဘယ်လောက်ရှိသလဲ

ကျွန်တော်တို့မှာ သက်ရှိများဖြစ်၍ တစ်သက်တာအတွင်း ဘာဆိုဘာမှမဖြစ်ဘဲ ကျန်းမာစွာနေထိုင်သွားနိုင်ခြင်းမရှိတာ သေချာသည်။ အနည်းဆုံး ဖျားခြင်း၊ နာခြင်းနှင့် မကင်း။


လူတစ်ယောက်အတွက် ကျန်းမာရေးမှာ အရေးကြီးသည်။ ကျွန်တော်တို့အတွက် ကျန်းမာရေးစရိတ်မှာလည်း ပို၍အရေးကြီးလှပေသည်။ အထူးကုဆေးရုံ များအပြိုင်
ပြည်ပထွက်ဆေးကုနေကြသူများလည်းရှိ။ ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့်တည်ရှိနေသော လူလတ်တန်းစားနှင့် အောက်အလွှာများကရော ကျန်းမာရေး
စရိတ်မည်မျှထိရှိနေပါသနည်း။

ကျန်းမာရေး အသုံးစရိတ်မှာ လူတစ်ဦးချင်းဝင်ငွေနှင့် ဆိုင်သည်။ သူတို့၏ အဖြေများအပေါ်အခြေခံ၍ တိုင်းပြည်၏ စီးပွားရေးအခြေအနေကို မှန်းဆနိုင်သည်။ အစိုးရသစ်တက်စကာလတွင် အထူးကြွေးကြော်ခဲ့သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် မည်မျှထိထိရောက်မှုရှိနေပြီလဲကို တွက်ဆနိုင်သည်။ထို့ကြောင့် ''ကျန်းမာရေး အသုံးစရိတ်သင့်မှာ ဘယ်လောက်ရှိသလဲ''ဟု ကျွန်တော်တို့ မွေးခွန်းထုတ်လိုက်ပါသည်။

ခင်မောင်ဝင်း
(ဆိုက်ကားသမား)

တစ်နေ့ကို ကျွန်တော်က ပုံမှန်ဝင် ငွေကတော့ သုံးထောင်ငါးရာ၊ လေး ထောင်ပတ်ဝန်းကျင်တော့ ကျန်တာပေါ့ နော်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲဆိုတော့ ဆိုက်ကားသမားကတော့ ကျန်း
မာရေးအတွက် ဖယ်ထားတာမရှိဘူး။ တကယ်လို့ အရေးနဲ့အကြောင်းနဲ့ ဖြစ်လာ ပြီဆိုရင် သူ့ဘာသူပဲ၊ ကိုယ့်မိသားစုအနေ နဲ့ အကူအညီလိုတာပေါ့နော်။ မိသားစု အကူအညီပေးနိုင်တဲ့
လူကလည်း ကူညီ ပေးပေါ့၊ မပေးနိုင်တဲ့ လူကျတော့လည်း တစ်ခါတလေ နည်းနည်းပါးပါးတော့ ဂိတ်က စောင့်ရှောက်ပေးပါတယ်။ ဒါပဲရှိပါတယ်။

ကျွန်တော်တို့လည်း စပ်ဆေးတွေဘာတွေ သောက်ရတာပေါ့။ ကျွန်တော်တို့က အခြေခံလူတန်းစားလည်းဖြစ်တယ်၊ ပညာလည်း သိပ်မတတ်တော့ ကျန်းမာရေးတစ်ခု ခုဖြစ်ခဲ့ရင်ဆိုပြီး
တွေးမထားနိုင်ဘူးလေ။ စားဝတ်နေရေးအရ လောလောဆယ်တော့ ကျွန်တော်တို့လုပ်ရတာပဲ။ လုပ်နေရင် စားရမယ်။ နောက်ကိစ္စကိုတော့ ကျွန်တော်တို့က စဉ်းစားထားတာမရှိဘူး။

တတ်နိုင်သမျှ ဆင်းရဲတဲ့လူအတွက် ဆေးရုံတွေ ဘာတွေက ပိုပြီးတော့ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့နော်။ အခုဆို ဆင်းရဲတဲ့ လူတွေက ဆေးရုံသွားရင်တောင်မှပဲ မျက်နှာငယ်ရတာပါ။

လှလှအေး
(ကြက်ကင်ရောင်းသူ)

တစ်နေ့ ဝင်ငွေက သုံးထောင်လောက်တော့ ရတယ်။ နေမကောင်းရင် ဆေးခန်းပဲသွားတယ်လေ။ ဆေးခန်းကတော့ တစ်ခါတလေလည်း ၁၅ဝဝ၊ တစ် ခါတလေလည်း ၂၅ဝဝ ပေါ့၊ တစ်ခါတ လေလည်း ဆေးစပ်သောက်တယ်။

အမြဲ တမ်းတော့ ဆေးခန်းမသွားဘူး။ ကလေး ကိုတော့ဆေးခန်းပဲသွားပြတယ်။ ကြီးကြီး မားမားရောဂါတွေဖြစ်လာတဲ့အခါ ကု နိုင်တော့လည်း ကုပေါ့၊ မကုနိုင်တော့လည်း ဒီတိုင်းသေရတာပေါ့။ ဒီလိုပဲတွက်ရမှာပေါ့။ အဲဒီလိုပေါ့နော် ကိုယ်ရှာရင်းဖွေရင်း စုဘူးလေးထဲ ငါးမူးတစ်ကျပ်ထည့်။ အဲဒီလိုမျိုးသုံး ရတာပေါ့။

အရေးဟဲ့၊ အကြောင်း ဟဲ့ဆိုရင် ကျန်းမာရေးအတွက်ဆိုပြီး သီးသန့်ဒီအတိုင်းကြီး ဖယ်ထားတာမျိုး မရှိပါဘူး။ ဆေးရုံတွေမှာကတော့ သိပ်လည်းမပေးပါဘူး။ အလကားဆိုတာမရှိပါဘူး။ အကုန်လုံး ပိုက်ဆံနဲ့ လမ်းခင်းနေရတာ။ အစိုးရဆေးရုံဆီက ဘာမှလည်း မျှော်လင့်မနေပါဘူး။ ရမှာလည်း မဟုတ်ပါဘူး။

မမိုးသူ
(ကွမ်းယာရောင်းသူ)

တစ်နေ့ကို ဈေးဖိုးချည်းပဲ တစ်သောင်းလောက်ရ တယ်။ ဈေးရင်းဖို့ တွေဘာတွေကဖယ်ပြီးသားပဲ။ အဲဒီထဲက မှ နေမကောင်းဖြစ်ရင်ဆိုပြီး သတ်သတ်ဖယ်ထား လေ့ကတော့မရှိဘူး။

နေမကောင်းရင် တော့ ဒီတိုင်း ၂ဝဝ၊ ၃ဝဝ လောက်နဲ့ စပ်ဆေးသောက်လိုက်တာပဲ။ သိပ်တော့ မသုံးဖြစ်ဘူး။ ပြီးသွားတာပဲ။ ခုချိန်ထိ တော့ ဆေးခန်းသွားရတာမျိုး မရှိသေး ဘူး။

တကယ်လို့ ရောဂါကြီးကြီးမားမားဖြစ်ရင် ဘယ်လိုကုမလဲဆိုတာမျိုး တွေးထား တာလည်း မရှိပါဘူး။ ဖြစ်လာရင်လည်း အဲဒီ့ကျမှပဲ စဉ်းစားတာပေါ့။ အဲဒီ့လောက် ထိမတွေးဘူးလေ။

ကိုယ်ကွမ်းယာရောင်းတယ်။ ကိုယ့်မိသားစုအဆင်ပြေရင်ပြီးပြီဒါပဲ။ အဲဒီ့လောက်လျှောက်မတွေးဘူး။ နေမကောင်းဘာ ညာဖြစ်ရင်လည်း အိမ်မှာ အစ်မတွေ ရှိတာပေါ့။ အစ်မတွေ သူ့ဘာသာသူ ပိုက်ဆံပေးထားလိုက်မယ်။ အဆင်ပြေသလို သူ့ဘာသာသူကြည့်လုပ်ပေါ့။ တစ်နေ့ကို ပိုက်ဆံတစ်သောင်းရှာပေးလိုက်ရင်ပြီးပြီ။ အဲဒီထဲကမှ သူတို့ဘာသူတို့
ပိုလျှံရင်စုထားပေါ့။ ကျွန်မကတော့ ဒီကနေ ပိုက်ဆံတစ် သောင်း၊ တစ်သောင်းပေးလိုက်တယ်။

အဲဒီ့ထဲက သူဘာသူသူ ချက်စရာရှိချက်၊ သုံးစရာရှိသုံးပေါ့။ မိသားစုက မြောက်ဥက္ကလာမှာ၊ မောင်နှမ မိသားစုက များတယ်လေ။ နောက်ပြီး မြောက်ဥက္ကလာဆိုတော့ ညတိုင်းပြန်လို့မကောင်းလို့ အခုဈေးရောင်းတဲ့လှိုင်က အသိအိမ်မှာပဲ အိပ်တယ်။ ကျန်းမာရေးအတွက်စရိတ်က မိသားစုမှာ သီးသန့်ဆိုပြီး ဖယ်ထားတာမျိုးမရှိသလို ကျွန်မလည်း ဖယ်ထားလေ့တော့မရှိပါဘူး။

အန်တီပွင့်
(ဆံပင်ညှပ်ဆိုင်)

တစ်နေ့ဝင်ငွေက ဆံပင်ညှပ်ဆိုင် အလုပ်ဆိုတော့လည်း ပုံမှန်အတိအကျ ဘယ်လောက်ဆိုတာတော့မရှိဘူး။ တစ် နေ့တစ်နေ့ ပုံမှန်အသုံးစရိတ်ထဲက နည်း နည်းပါးပါးဖယ်ထားလိုက်နဲ့ တစ်ထောင် ဖယ်ထားလိုက်၊ နှစ်ထောင် ဖယ်ထားလိုက် နဲ့ အဲဒီ့လိုမျိုး ဖယ်ဖယ်ထားရတာတော့ ရှိတာပေါ့။ အဲဒီလိုစုထားစုထားရင်းနဲ့ ကျန်းမာရေးအတွက်လည်း ရတယ်။ကလေးတွေ
ကျောင်းစရိတ်အတွက်လည်း ရတယ်ပေါ့။ အဲဒီလိုမျိုးပေါ့ တစ်ခုခုဖြစ်လို့ ရှိရင် သုံးစွဲရအောင်ဖယ်ထားရတာပေါ့။ မဖယ်ထားရင် ဒီဘက်ခေတ်မှာက သူများဆီက ချေးငှားရတာက မလွယ်ဘူးလေ။ ရွှေရှိမှချေးလို့ရတာ။ မဟုတ်ရင် မရဘူးလေ။ အဲဒီလို မျိုးဖယ်ထားမှသာ အန်တီက နေမကောင်းဖြစ်ရင်တော့ နီးစပ်ရာ ဆေးခန်းတွေ၊ ဘာတွေတော့ ပြရတာပေါ့။

အန်တီ တို့ မိသားစုက အခုနေမကောင်းကြီးကြီး မားမား ဖြစ်တာမျိုးတော့မဖြစ်ဘူး။ နှာစေး၊ ချောင်းဆိုးရိုးရိုးပေါ့နော်။ အဲဒီအခါကျရင်တော့ နီးစပ်ရာဆေးခန်းကိုပဲ သွားပြလိုက် တာပါ။ အန်တီ့သားဆို ဟိုတစ်ခါက နေမကောင်းအရမ်းဖြစ်တော့ နှင်းဆီကုန်းမှာ သွားပြရတာလေ။ သုံးရက်လောက်နဲ့ ခုနစ်သောင်း၊ ရှစ်သောင်းလောက် ကုန်သွားတယ်။ အဲဒီလိုမျိုး မစုထားလို့ရှိရင် ဘယ်လိုလုပ်ပြမလဲ။

အသုံးစရိတ်ထဲက ချွေတာသင့်တာ ချွေတာရတာပေါ့။ အစားအစာဆိုရင်လည်း စားသင့်တဲ့ဟာလောက် အာဟာရဖြစ် တာမျိုးစားတာပေါ့။ အန်တီက အဝတ်အစားဆိုလည်း အရမ်းအကောင်းစားမဝယ်ဘူး။

ဖိနပ်ဆိုရင်လည်း အရမ်းဈေးကြီးတာ မဝယ်ဘူး။ အဲဒီအခါကျမှ အပိုဝင်ငွေလေးစုစုပြီး ထားရတာပေါ့။ ဆေးရုံတွေက ဘယ်လိုမျိုးဖြစ်စေချင်လည်းဆိုရင် ဆင်းရဲတဲ့သူတွေ အတွက်ကို ဆေးဖိုးဝါးခမယူဘဲ အလကားကုပေးစေချင်တယ်။ ဆင်းရဲတဲ့လူတွေက အရမ်းဒုက္ခ ရောက်ရတယ်လေ။ အစိုးရအနေနဲ့
အလကားကုပေးနိုင်ရင်တော့ ကောင်း တာပေါ့နော်။

ကိုသန်းလွင်
(ဆိုက်ကားသမား)

တစ်နေ့ဝင်ငွေ အနည်းဆုံး ၆ဝဝဝ ရှိတယ်။ ကျန်းမာရေးစရိတ်တော့ ဖယ် ထားတာတော့မရှိဘူး။ ဒါပေမဲ့ တစ်နေ့ နှစ်ထောင်ဖယ်ထားတယ်။ စုငွေပဲ။ နေ မကောင်းဖြစ်ရင်တော့ စပ်ဆေးသောက် တယ်။ ကြီးကြီးမားမားဖြစ်ရင်တော့ ရှိတဲ့ ပိုက်ဆံနဲ့ တတ်နိုင်သလောက် ဆေးရုံသွား မှာပေါ့။ စုငွေအတွက်ပဲ ဖယ်ထားတာ။ ကျန်းမာရေးအတွက် သပ်သပ်တော့ ဖယ် ထားတာမရှိဘူး။

ကိုယ့်ကျန်းမာရေး နေမ ကောင်းရင်တော့ ခေါင်းကိုက်ရင်တော့ နားလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချရ ပြီဆိုမှလာတယ်။ နေမကောင်းဘူထင်ရင် နားလိုက်တယ်။
အစိုးရက အခမဲ့ဆေးပေး ခန်းတွေ ဖွင့်ပေးတာ ပိုအဆင်ပြေမယ် ထင်တယ်။

ဦးတင်စိုး
(ကွမ်းယာရောင်း)

တစ်နေ့ကို ငါးထောင်လောက် ရတယ်။ ကျန်းမာရေးအတွက် သတ်သတ်ဖယ်ထားတာတော့ မရှိဘူးပေါ့။ ဒီထဲက နေပဲစားတယ်။ ပိုတာကို စုတယ်။ နေ မကောင်းဖြစ်တဲ့အချိန် ဒီထဲက ပိုက်ဆံ လေးနဲ့ပဲကုရတာပေါ့။ စပ်ဆေးသောက် တာကတော့ များတယ်။ ဆေးခန်းကတော့ မသက်သာတဲ့အဆုံးကျမှ သွားတာများ တယ်။ ကြီးကြီးမားမားကတော့ ဖြစ်ရင် ရှိတဲ့ ပိုက်ဆံနဲ့ ကုမယ်ပေါ့။

ကျန်းမာရေး စရိတ်အတွက် ပိုက်ဆံတွေ ဖယ်ထားဖို့ စိတ်လည်းမကူးမိဘူး။ သပ်သပ်လည်း ဖယ်မထားဘူး။ ဒီလိုပဲ စားတဲ့အထဲက ပိုတဲ့ဟာ လေးဖယ်ထားတာပဲရှိတယ်။ အမြဲတမ်းတော့ ကျန်းမာရေးက ဂရုစိုက်နေတာပေါ့။ အစိုးရက ပြည်သူကို အခမဲ့ဆေးခန်းတွေ ဘာတွေတော့ လုပ်ပေးသင့်တာပေါ့။

မချောစု
(ဒင်းဆမ်းရောင်းသူ)

ဈေးရောင်းတာကတော့ တစ်နေ့ကို နှစ်သောင်းလောက်တော့ရတယ်။ အသုံး စရိတ်ဘာညာနဲ့ဆိုရင် ငါးထောင်လောက် တော့ကျန်တယ်။ နေတာက တစ်ဦးတည်း ပဲ။ မိသားစုကလည်း မရှိတဲ့အခါကျတော့ ပိုတဲ့ ပိုက်ဆံကတော့ စုမိဆောင်းမိတာ ပေါ့။ ဖျားတာနာတာကလည်း တစ်ခါမှ မဖြစ်ဖူးသေးဘူး။ နေမကောင်း ဘာညာ ဖြစ်ပြီဆိုလည်း ပိုက်ဆံကတော့ရှိပြီးသား ဆိုတော့ သိပ်တော့ မစိုးရိမ်ရဘူးပေါ့။ ကျန်းမာရေးအတွက် အစိုးရက ပြည်သူ အပေါ် တစ်ခုခုလုပ်ပေးဖို့ရှိရင်တော့ ကောင်းတာပေါ့နော်။ ပြည်သူတွေအတွက် အခမဲ့ ဆေးရုံဆိုတာမျိုးလေးရှိရင်တော့ ကောင်းတာပေါ့နော်။

ဒေါ်သီတာ
(အငြိမ်းစား အလယ်တန်းပြ၊ ရန်ကင်း)

အကြီးတို့က အဲလို ကျန်းမာရေး သတ်သတ်ဆိုဖယ်ထားလို့မှ မရတာ။ အရင်တုန်းက သားသမီးသုံးယောက်နဲ့ဆိုတော့ ကျောင်းစရိတ်၊ အိမ်စရိတ်နဲ့ကုန်တာပဲ။ အခုကတော့ကျန်းမာရေး အတွက်မဟုတ်ပေမယ့်သားငယ် ထောက်ပံ့တဲ့ ပိုက်ဆံရယ်၊ ပင်စင်လခလေးရယ်နဲ့ တူလေးနဲ့နေတယ်။ တူလေး ကျောင်းစရိတ်နဲ့ အိမ်စားစရိတ်ပြီးရင် ပိုတာလေးစုထားတာရှိတယ်။ အဲဒီထဲကတော့ နေမကောင်း ဖျားရင်သုံးရတာပေါ့။ ကြီးကြီးမားမားဖြစ်ရင် ဘယ်လိုတွေ သုံးခဲ့လဲမမှတ်မိပါဘူး။ အခုဆိုရင်တော့ ရွှေစလေး၊
စုဆောင်းထားတာ အကုန်သုံးရမှာပဲ၊ မရှိရင်လည်း ကုသဖို့ ရှာကြည့်ရမှာပဲ မဟုတ်ဘူး လား။ ကိုယ့်အသက်က အရေးကြီးတယ်လေ။ လူဆိုတာ အချိန်တန်ရင်သေမှာပဲ။

ကျန်းမာရေးအတွက် သတ်သတ်တော့ဖယ်ဖို့မလွယ်ဘူး။ အခြေအနေအရပေါ့လေ။ အစိုးရက သူ့ဟာသူတော့ လုပ်နေတာပဲ။ အရင်ကဆိုရင်တော့ ဆေးရုံတွေမှာ အခမဲ့ တွေ
ဘာတွေရသေးတယ်။ အခုလည်း တစ်ခုခုပေါ့။

ခိုင်နွယ်ဦး၊ ဝေမာထွန်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal

0 comments:

Post a Comment