“နီးတကျက်ကျက် ဝေးတစ်သက်”ဟူသော မြန်မာ
စကားပုံ တစ်ခုရှိ၏။ လူတို့သည် နီးနေသည့်
အခါတွင် အချင်းချင်း အဆင်မပြေဖြစ်ကာ မကြာခဏ ခိုက်ရန်ဖြစ်လျက် တကျက်ကျက်ဖြင့်
မတည့်ဖြစ်ကြသော်လည်း ဝေးနေသည့်
အခါတွင်ကား သံယောဇဉ်တရားဖြင့် အချင်းချင်း စောင့်ရှောက်ကာ အစဉ်ထာဝရ တစ်သက်သာ ချစ်တတ်ကြကြောင်း ဆိုလိုခြင်း ဖြစ်ပေ၏။ မှန်၏။ လူအတော်များများသည် အဝေးပေါင်းကောင်းလှ၏။ ခဏတာကြုံတွေ့ကြသည့် အခိုက်အတန့်တွင် အဆင်ပြေပြေ ရှိလှ၏။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်း သူမသိကြသဖြင့်လည်း ကြီးကြီးမားမား ပြဿနာ မရှိလှပေ။
အတူတကွ အနီးတွင် နေကြသည့်အခါတွင်ကား တစ်လပင် မပြည့်သေး အဆင်မပြေမှုများက စလာခဲ့၏။ အနေနီးသဖြင့် မတူညီသည့် အကျင့်စရိုက်များကို သိခွင့်ရလာ၏။ စရိုက်မတူသည့်အပြင် အလိုက်လည်းမတူ၊ အကြိုက်လည်း မတူကြသဖြင့်လည်း အခိုက်ပင်ဖြစ်သော်ငြား မကြိုက်လိုသည့် သဘောများက တစ်ဦးနှင့်တစ်ဦးကြား အထင်အရှား ဖြစ်လာခဲ့ကြ၏။ သို့ဖြင့် တကျက်ကျက်နှင့် မတည့်အတူ နေကြရသည့် အဖြစ်သို့ ရောက်သွားခဲ့ကြ၏။
သို့ဆိုလျှင် ဤသို့ အချင်းချင်း အဆင်မပြေ တကျက်ကျက် ဖြစ်ကြခြင်းသည် အနေနီးသဖြင့် ဖြစ်ကြခြင်းလော…၊ အနေဝေး သူများသည် အမှန်စင်စစ် တစ်သက်တာ ချစ်နိုင်ကြ၏လော စသဖြင့် တွေးစရာဖြစ်လာ၏။ တစ်ဦးနှင့်တစ်ဦး တစ်သက်တာ ချစ်နိုင်စေရန် ဝေးနေရမည်လော၊ သို့မဟုတ် ဝေးဝေးနေကာ တစ်သက်တာ ချစ်ကြည့်ကြမည်လော စသဖြင့်လည်း စဉ်းစားဖွယ် ဖြစ်ပါ၏။ အချို့က ဤသို့ဖြစ်ခြင်းသည် မည်သူမည်ဝါကြောင့် ဖြစ်သည်၊ မည်သည့်နေရာတွင် ရောက်နေ၍ဖြစ်သည် စသဖြင့် ဆိုတတ်၏။
အမှန်စင်စစ် ထိုသို့ဖြစ်ခြင်းသည် နေရာဒေသ အဝေးအနီးစသည်များကြောင့် မဟုတ်ပေ။ လူတစ်ဦးချင်းတွင် ရှိနေသည့် မကောင်းသည့် အရာများကြောင့်သာ ဖြစ်ပါ၏။ ယျေဘုယျအားဖြင့် လူသည် အတ္တကြီးသူ ဖြစ်၏။ အရာရာတွင် မိမိအတွက်သာ ကြည့်တတ်၏။ ထို့အတူ မာနလည်းကြီး၏။ အရာရာတွင် မိမိသာ အမှန်ဟု တစ်ယူသန်တတ်၏။ ထို့အပြင် ဣဿာ၊ မစ္ဆရိယလည်း အားကြီး၏။ မိမိထက်သာလျှင် မနာလိုဖြစ်ပြီး မိမိနှင့် ပတ်သက်သည်များတွင် ၀န်တိုတတ်၏။ ထိုသို့ အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယတရားများ အားကြီးသဖြင့် လူသည် အချင်းချင်း အပြိုင်အဆိုင် အနိုင်လိုကြ၏။ ပြိုင်လာပြီဆိုလျှင်ကား မှားသည်မှန်သည် မခွဲခြားဘဲ အလွဲသွားတတ်မြဲ ဖြစ်၏။ မိမိပြိုင်လျှင် တစ်ဘက်ကလည်း ပြိုင်လာမည် ဖြစ်သဖြင့် နှစ်ဘက်ပြိုင်ဖြစ်ကာ မရှက်နိုင်ဘဲ အနိုင်ကြဲတတ်ကြ၏။ ဤသို့ဖြင့် လူတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်မရသည့် အဖြစ်သို့ ရောက်ကြရ၏။
အရင်းစစ်လျှင် လူအချင်းချင်း အဆင်မပြေ ဖြစ်ကြခြင်းသည် အနေးနီး၍ မဟုတ်သကဲ့သို့ အနေဝေး၍လည်း မဟုတ်ပေ။ လူတိုင်းလူတိုင်း တစ်ဦးချင်းတွင် ရှိနေကြသည့် အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စသည့် တရားများကြောင့်သာ ဖြစ်ပေ၏။ အထူးသဖြင့် မေတ္တာတရား ခေါင်းပါး၍သာ ဖြစ်ပေ၏။ လူသည် အတ္တ၊ မာနစသည် အားကြီးလာလျှင် အပြိုင်အဆိုင် ပြုတတ်သော်လည်း မေတ္တာတရား ရှိနေသေးလျှင် ထင်သလောက် အဆိုးကြီး မဖြစ်တတ်ပေ။ မေတ္တာတရားပါ ခေါင်းပါးလာလျှင်ကား မေတ္တာမယှဉ်သည့် အတ္တမာန ဒေါသတရားများဖြင့်သာ လူသည် အဆုံးစွန် အဆိုးဆုံးအထိ ပေါက်ကွဲသွားတတ်၏။ မေတ္တာတရားမရှိလျှင် ပြိုင်ဆိုင်မှုကို တွန်းအားပေးတတ်သကဲ့သို့ မေတ္တာတရား ထားနိုင်ကြလျှင် ပြိုင်ဆိုင်မှုများ ကင်းပသွားတတ်၏။ အပြိုင်ကင်းလျှင် အဆင်မပြေမှု ကင်းနိုင်သကဲ့သို့ အဆင်မပြေမှု ကင်းနေလျှင် အတူတွဲကာ မြဲလာကြမည်သာ ဖြစ်ပါ၏။
မစိုးရိမ်ဆရာတော်ကြီး၏ မေတ္တာနှင့် စပ်လျဉ်းသည့် ဆုံးမစကားလေးကို သတိရမိ၏။ ဆရာတော်ကြီးက “တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်။ ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်”ဟု ဆုံးမပေးထား၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ အဖို့ မေတ္တာတရားသည် အထူးလိုအပ်၏။ မေတ္တာ၏ သဘောသည် ချစ်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ညွန်းဆိုသကဲ့သို့ မေတ္တာစစ် မေတ္တာမှန်သည် အကြားမရှိခြင်း၊ အခြားမရှိခြင်း လက္ခဏာကိုဆောင်၏။ မေတ္တာရှိနေလျှင် တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားကို ဆောင်နေကြမည်ဖြစ်ကာ မည်သူမည်ဝါ စသည် ခွဲခြားမှု မရှိသဖြင့် မည်သူနှင့်ဖြစ်စေ ငြင်းခုံခိုက်ရန်ဖြစ်ဖွယ်မရှိ အရာရာတွင် အဆင်ပြေပြေ ရှိနေကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်များ ရှိနေလျှင် အနီးနေသူများနှင့်လည်း အဆင်ပြေသကဲ့သို့ အဝေးနေသူများနှင့်လည်း အဆင်ပြေနေကြမည်သာ ဖြစ်ပါ၏။
မျက်မှောက်ခေတ် လူအတော်များများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုများနှင့် ငြင်းခုံခိုက်ရန်ဖြစ်မှုများ အဖြစ်များ ကြခြင်းသည် မေတ္တာတရား ခေါင်းပါးကြ၍သာ ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာမရှိကြသည့်အခါ ချစ်တာလည်း မရှိကြဘဲ သစ္စာပါ မသိကြသည်အထိ ဖြစ်ကုန်တတ်၏။ အတူနေ အနေနီးသူအချင်းချင်း အကျိုးလိုလားမှု မေတ္တာ ကင်းလာကြသည့်အခါ အဆိုးကိုသာ ဖြစ်စေတတ်ကြ၏။ တစ်ဦးတစ်ယောက်အပေါ်တွင် မေတ္တာမရှိ ဖြစ်လာလျှင်ကား ထိုသူမည်သို့ပင် ကောင်းနေပါစေ အကောင်းမမြင်တတ်ဘဲ ဖြစ်တတ်၏။ အကောင်းမမြင်လျှင် မကောင်းထင်တတ်ပြီး အစောင်းအမြင်ဖြင့် မပေါင်းချင်သည်အထိ ဖြစ်လာတတ်၏။
ထို့အတူ အနေဝေးသူများ အချင်းချင်းလည်း မေတ္တာကင်းခြင်း မဖြစ်ကြရန် လိုအပ်လှ၏။ မေတ္တာဖြင့် နေနေကြလျှင်၊ မေတ္တာပို့ကာ အကျိုးကို လိုးလားနေကြလျှင် ဝေးနေသော်လည်း နီးနေတတ်ကြ၏။ မေတ္တာသည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာလည်း မရှိလှပေ။ စစ်မှန်သည့် မေတ္တာစိတ်ဖြင့် မေတ္တာဓာတ်များ ထားနိုင်ကြမည် ဆိုပါက မေတ္တာဓာတ်ဖြင့် မထွန်းပေါက်နိုင်သည့် အရာ၊ မေတ္တာရောင်ဖြင့် ရောင်ပြန်မဟပ်နိုင်သည့် အရာ မရှိသည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အနေနီးသူများ ဖြစ်စေ၊ အနေဝေးသူများပင် ဖြစ်စေ မေတ္တာဓာတ်ဖြင့် ချစ်ခင်ခြင်းနှင့် အကျိုးလိုလားခြင်းကို တည်ဆောက်ကာ ချမ်းသာမှုကို ရယူကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။
မေတ္တာခြုံလျှင် လုံနိုင်သကဲ့သို့ မေတ္တာအားကြီးလျှင် ရန်သူပင်လျှင် မိတ်ဆွေဖြစ်ကာ နူးညံ့ပျော့ပြောင်းလာတတ်၏။ မေတ္တာစစ် မေတ္တာမှန်သည် ရန်သူမိတ်ဆွေ မခွဲခြားသဖြင့်လည်း စစ်မှန်သည့် စေတနာဖြင့် အသေချာ ပွားနိုင်လျှင် မိမိအပေါ် မလိုမုန်းထားသူကိုပင် အပြုံးအားဖြင့် အနိုင်ယူနိုင်၏။ မေတ္တာခြုံထားသူကို မည်သို့သောသူကပင် အနိုင်ရအောင် မတိုက်ခိုက်နိုင်၊ မလွှမ်းမိုးနိုင်ပေ။ မေတ္တာပန်းကုံး ဆင်မြန်းသုံးနိုင်လျှင် အနီးနေသူများနှင့်လည်း အဆင်ပြေနိုင်သကဲ့သို့ အဝေးရောက်နေသူများနှင့်လည်း အဆင်ပြေနိုင်၏။
စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း မေတ္တာဓာတ်ကို လက်တွေ့ပွားများ အားထုတ်ကြည့်မိသည့် အတွက်အဆင်ပြေသွား သူများအကြောင်း တစ်စေ့တစ်စောင်း ကြားသိရ၏။ ဒကာလေး အချို့သည် မြန်မာပြည်မှ ဘုမသိဘမသိဖြင့် သူများနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာခဲ့၏။ ရောက်ရောက်ချင်းပင် စကားနားမလည်မှု၊ ယဉ်ကျေးမှု မတူညီမှု၊ အကျင့်စရိုက်မတူညီမှု စသည်များကြောင့် အခက်အခဲ အမျိုးမျိုး ကြုံကာဒုက္ခ ရောက်ရကြောင်း အထူးသဖြင့် မိမိထက်အလျှင် စောရောက်နေသည့် ရွှေခံမြန်မာကြောင့်လည်း စိတ်ဖိစီးမှုများ ကြုံရကြောင်း စသဖြင့် လျှောက်လာသဖြင့် စာရေးသူမှ မေတ္တာပွားများကြည့်ရန် အကြံပြုဖြစ်၏။ မေတ္တာပွားသည့်အခါ မိမိကိုယ်ကို အလျင်စပွားပြီး နောက်ကိုယ်စောင့်နတ်၊ အခန်းစောင့်နတ်၊ စက်ရုံအလုပ်ရုံစောင့်နတ် စသည်များကိုလည်း ပွားများကာ မိမိ၏ စက်ရုံသူဋ္ဌေး၊ လုပ်ဖော်ကိုင်ဖတ် စသူများကိုလည်း တစ်ဦးချင်း စိတ်ဖြင့်မြင်အောင်ကြည့်၍ အမှန်ပင် အကျိုးလိုလားသည့် သဘောဖြင့် ပွားများကြည့်ရန်၊ အထူးသဖြင့် မိမိနှင့် ကတောက်ကဆ ဖြစ်နေသည့် ကိုရွှေမြန်မာအားလည်း စစ်မှန်သည့် စေတနာမေတ္တာဖြင့် ဒေါသအာဃာတ မပါသည့်စိတ်ဖြင့် မေတ္တာပွားကြည့်ရန် အကြံပြုဖြစ်၏။ ထိုဒကာလေးများလည်း ယုံယုံကြည်ကြည်ဖြင့် စိတ်ပါလက်ပါ ပွားများကြည့်သည့်အခါ တစ်ပတ်အကြာမှာပင် ထူးထူးခြားခြား အကျိုးတရားများ ရရှိလာကာ အားလုံး၏ချစ်ခင်မှု၊ အရေးပေးမှုများအထိ ဖြစ်ခဲ့ကြောင်း ပြန်လည် လျှောက်ထားလာကြ၏။ ယခုအခါတွင်ကား အဆင်ပြေမှုများဖြင့် ချမ်းသာနေသည်ဟု ဆို၏။
ဒကာတစ်ယောက်ဆိုလျှင်လည်း နှစ်ပေါင်းမြောက်များစွာ ကွဲကွာနေသည့် အဝေးရောက် ပုဂ္ဂိုလ်တစ်ယောက် အကြောင်း သတင်းရလို၊ အဆက်အသွယ် ရလိုသဖြင့် မည်သို့မည်ပုံ ပြုလုပ်သင့်ကြောင်း အကြံတောင်း လျှောက်ထားလာသဖြင့် စာရေးသူမှ ထိုသူအား အာရုံပြကာ မေတ္တာသာ စူးစူးစိုက်စိုက် ပွားများလိုက်ရန် အကြံပြုဖြစ်ခဲ့၏။ ထိုဒကာလေးလည်း စေတနာအမှန်ဖြင့် အာရုံတွင် မြင်အောင်ကြည့်ကာ ပွားများခဲ့၏။ မေတ္တာပို့သမှုကို နေ့စဉ်လုပ်လာ၍ နှစ်ပတ်ခန့်ကြာသည့်အခါ ထူးထူးခြားခြား အဆက်အသွယ် ရလာကာ မေတ္တာ အပို့ခံရသူသည်လည်း တစ်ပတ်လုံးလုံး ထိုဒကာလေးကို သတိတရ ဖြစ်မိနေကြောင်း တစ်ဆင့်စကားဖြင့် ပြန်သိခဲ့ရ၏။ တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည် ဖြစ်စေ မေတ္တာအစွမ်း၏ ထူးခြားမှုကား အထင်အရှားပင် ဖြစ်ပါ၏။
အထက်ပါ ဒကာလေးများ၏ အဖြစ်များကို ပြန်လည်ကြားသိရသည့်အခါ မေတ္တာ၏ အခြားမရှိ၊ အကြားမရှိသည့် သဘောကို ကောင်းစွာခံစားမိခဲ့၏။ မေတ္တာသည် အနီးတွင်လည်း ထူးခြားမှုနှင့် အဆင်ပြေမှုကို ဖြစ်စေသကဲ့သို့ အဝေးတွင်လည်း အခြားမရှိ ကောင်းမြတ်သည့် သက်ရောက်မှုကို ဖြစ်စေခဲ့၏။ လူအချင်းချင်း မေတ္တာထားနိုင်လျှင် လှည့်ပတ်ခြင်းလည်းကင်း၊ အထင်သေးမှုလည်းကင်း၊ ဆင်းရဲမှုလည်း ကင်းနိုင်ကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် အချင်းချင်း အနိုင်ယူလိုမှု၊ နှိပ်စက်လိုမှု ဒေါသကို သက်သာစေနိုင်ကာ အေးငြိမ်းမှုကို ဖြစ်စေသဖြင့် မေတ္တာထားနိုင်သမျှ လောကဆက်ဆံရေးလည်း အဆင်ပြေ ကောင်းမွန်နေကြမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် လူအချင်းချင်း အပြိုင်းကင်းစေရန် မေတ္တာတရား လက်ကိုင်ထားကြပါဟု တိုက်တွန်းကြခြင်း ဖြစ်ပါ၏။
ဆိုလိုသည်မှာ လူအတော်များများ တစ်ဦးနှင့်တစ်ဦးကြား အဆင်မပြေ ဖြစ်ကြရခြင်းသည် အနီးတွင် အတူတကွ ရှိနေကြ၍ မဟုတ်သကဲ့သို့၊ အစဉ်ပြေနေကြခြင်းသည်လည်း အဝေးတွင် ရှိနေကြ၍ မဟုတ်ဘဲ တစ်ဦးချင်းတွင် ရှိနေကြသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစည့် တရားများ အားကြီးလာမှုနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေတတ်သည့် မေတ္တာတရား ခေါင်းပါးလာမှုများကြောင့်သာ ဖြစ်ကြောင်း ဆိုလိုပါ၏။ မေတ္တာတရား မရှိကြလျှင် လူအချင်းချင်း ပြိုင်ဆိုင်လာတတ်ပြီး ပြိုင်ဆိုင်လာလျှင် အနိုင်ရလိုမှုလည်း အားကြီးလာသဖြင့် သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်ကာ ပြိုင်လာခြင်းကြောင့် မညီညွတ်မှုကို ပိုမိုဖြစ်စေတတ်ကြောင်း၊ မေတ္တာတရား ထားနိုင်ကြလျှင်ကား အချင်းချင်း နှိပ်စက်ခြင်းကင်းကာ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် လူတို့သည် နေရသည့်အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အဆင်ပြေပြေ ရှိကြစေရန် အနီးနေသူ ဖြစ်စေ၊ အဝေးရောက်သူ ဖြစ်စေ မည်သူမဆို နားလည်မှုနှင့် မေတ္တာစုကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် စိတ်ထားဖြင့် သူ့တပါးအပေါ် အထင်သေးမှု၊ ညှင်းစဲမှု၊ ဆင်းရဲစေလိုမှုများ မဖြစ်ကြစေဘဲ အကျိုးလိုလားသည့် စိတ်ဖြင့် အနီးတွင်ရှိသူတွင်ဖြစ်စေ အဝေးရောက်နေသူတွင် ဖြစ်စေ မေတ္တာတရား ထားနိုင်အောင်သာ ကြိုးစားကြရန်နှင့် လူအချင်းချင်း ခွဲခြားမှုနှင့် အဝေးအနီး အကြားမရှိမှုကို ဖြစ်စေသည့် မေတ္တာတရားကိုသာ လက်ကိုင်ထားနိုင်ရန် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့ဆောင်ပုဒ်လေးဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါသည်။
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
-အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
-ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
နှလုံးသားအာဟာရ
0 comments:
Post a Comment