အောင်တံခွန်(၃)ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် မဖြစ်နိုင်သဖြင့် လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
သူရဦးရွှေမန်းက နေပြည်တော်၌ မတ် ၁၉ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဟံစိန်က အောင်တံခွန်(၃) ရေယာဉ် နစ်မြုပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားသည့် ကိစ္စများကို လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် အောင်တံခွန် (၃) ရေယာဉ်သည် ရာသီဥတုဆိုးရွား လာခြင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အောင်တံခွန် (၃) ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုအပေါ် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ရာသီဥတုမဆိုးပါဘူး။ အဲဒီရာသီဥတု ဆိုးတယ်လို့ ပြောတဲ့အတွက်ကြောင့် ရခိုင် တစ်ပြည်လုံးကပြည်သူတွေ မကျေနပ်ကြဘူး။ ဝန်ကြီးဌာနက ပြောတဲ့ဟာကို။ ရာသီဥတု မဆိုးပါဘူးခင်ဗျ။ သင်္ဘောမကောင်းလို့ သင်္ဘောဝန်ထမ်းတွေ မှားတဲ့အလုပ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့် သေတာပါ။ ရာသီဥတုဆိုးလို့ ဆိုတာမဟုတ်ပါဘူး” ဟု ဆွေးနွေးခဲ့သည်။
“အဲ့ဒီနည်းတူပဲ နှလုံးသားရော ဥနှောက်နဲ့ရော ဆွေးနွေးသွားတဲ့ ဦးဘရှိန်ဟာလည်း အခုနက ဦးသိန်းဆွေ ဆွေးနွေးသလိုပါပဲ ဟုတ်တယ် ရေယာဉ်တွေက နှစ်ပေါင်း ၂ဝ လောက်ရှိနေပြီ မကောင်းတော့ဘူး။ မကောင်းတော့တဲ့အတွက် ဒီဟာတွေကို မသုံးတော့ဘူး ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အများကြီး အခက်အခဲရှိတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ထို့ကြောင့် ၎င်းအခက်အခဲများကို ပြန်လည်စဉ်းစားရာတွင် ရေယာဉ်ကြံ့ခိုင်မှု၊ လုံခြုံမှုများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှသာ ဒေသခံပြည်သူများ အဆင်ပြေနိုင်မည်ဟု သူရဦးရွှေမန်းက ဆိုသည်။
“အောင်တံခွန် နစ်မြုပ်ခြင်းကြောင့် အင်မတန်မှ တန်ကြေးရှိတဲ့ အသက်တွေ ဆုံးရှုံးသွားခဲ့တယ်။ ဒီလိုဆုံးရှုံးတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ဖော်ထုတ်နေတဲ့ ဒီလိုအချိန်အခါမျိုးမှာ အားလုံးတိတိကျကျ မှန်မှန်ကန်ကန် ကိန်းဂဏန်းအချက်အလက်တွေ သတင်းအချက်အလက်တွေ ရဖို့လိုပါတယ်။ ကျွန်တော်တို့နားမလည်ဘူး ဆွေးနွေးသွားတဲ့အခါ ဒီကာလမှာ ရာသီဥတုကြောင့် ကမ်းခြေနီးအောင်ကပ်သွားတယ် ဆိုတဲ့ဟာလည်း မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ ဒီဒေသမှာနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံကြောင့် ဒီလိုပြောနေတာကို ရခိုင်ပြည်သူတွေ မကျေနပ်ဘူး။ အဲဒီ မကျေနပ်ချက်ကို ကျွန်တော်တို့တစ်တွေ အရင်မသိဘူး။ ဆွေးနွေးလိုက်တဲ့အခါမှ သိတယ်။ ပြောမယ်ဆိုရင် ဒီလိမ်ညာပြောဆိုမှုတွေ၊ မမှန်မကန် ပြောဆိုမှုတွေ ပြည်သူတွေမကြိုက်ဘူး။ ရခိုင်တိုင်းရင်းသားပဲဖြစ်ဖြစ် ဘယ်လိုတိုင်းရင်းသားပဲဖြစ်ဖြစ် လိမ်ညာပြောဆိုနေတာတွေကို ဘယ်သူမှမကြိုက်ဘူး” ဟု ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားသည်။
ဆက်လက်ပြီး သူရဦးရွှေမန်းက “အဖြစ်မှန်ဖော်ထုတ်တဲ့ နေရာမှာ အဖြစ်မှန်ရရှိအောင် ဆောင်ရွက်သွားဖို့ ဆိုတဲ့ဟာလည်း ဒီနေ့ဆွေးနွေးတဲ့အခါမှာ ရရှိတဲ့သင်ခန်းစာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ပြီးတာတွေပြီးသွားပြီ သေတာတွေ သေသွားပြီ အင်မတန်မှ တန်ဖိုးရှိတဲ့ အသက်တွေဆုံးရှုံးသွားပြီ။ ဒီအတွက် ကျွန်တော်တို့ ဘာလုပ်မလဲ အပြစ်တွေပြော အပြစ်တွေ မြင်မယ့်အစား သင်ခန်းစာတွေယူပြီးတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ သင်ခန်းစာအပေါ်မှာ မူတည်ပြီးတော့ ရှေ့ကောင်းအောင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ လုပ်တဲ့နေရာမှာ တာဝန်ရှိတဲ့ လူအပိုင်းတွေရှိပါတယ်။ တာဝန်ရှိတဲ့လူတွေက တာဝန်ယူရမယ် တာဝန်ခံပြီးတော့ ဆောင်ရွက်ရမယ်” ဟု ပြောကြားသည်။
အောင်တံခွန်(၃)ရေယာဉ်သည် မတ် ၁၃ ရက် ည ၇ နာရီခွဲအချိန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၆၁ ဦးသေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဟံစိန်က ပြောကြားသည်။
Credit to : Eleven Media Group
20.3.15
အောင်တံခွန် (၃) ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ၀န်ကြီးဌာန၏ ရှင်းလင်းချက်သည် မဖြစ်နိုင်၍ လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment