ကျွန်မတို့ မြန်မာ နိုင်ငံတော်တွင် မြန်မာ အမျိုးသမီးများသည် သဘာဝက ပေးထားသော အလှပိုင်ရှင်များ ဖြစ်ကြသည်။
အလှဆိုသည်မှာ ပင်ကိုအလှ ရှိသကဲ့သို့ ပြင်တိုင်း လှသည်လည်း ရှိပေသည်။ အရွယ်၏ အလှအပြင် ဝတ်စား ဆင်ယင်မှုကြောင့် လှတာမျိုးသည် ပို၍ပေါ်လွင်လှပေ သည်။
ရှေးလူကြီးများက ကျွန်မတို့ မြန်မာ အမျိုးသမီးကလေး များ၏ အလှကို အမျိုးမျိုး တင်စားခဲ့တာလည်း ရှိပါသည်။
ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသောအလှ၊ မျဉ်းတစ်ပြေး အလှ၊ ကွမ်းတစ်ယာညက် အလှ၊ ညိုချောအလှ၊ ညိုစိမ့်စိမ့် အလှနှင့် ညိုဖန့်ဖန့် အလှစသည့် အလှကို ဋီကာချဲ့၍ အမျိုးမျိုး တင်စားခဲ့ကြသည်။ ထိုအထဲတွင် ကောင်းခြင်း ငါးဖြာဆိုသည်မှာ- အသားအရေကောင်းခြင်း၊
အရိုးအဆစ် အချိုးကျ၍ ပြေပြစ် ကောင်းမွန်ခြင်း၊
ဆံပင်၏ကောင်းခြင်း၊
အရွယ်၏ ကောင်းခြင်း၊
ရုပ်ဆင်းအင်္ဂါ ကောင်းခြင်းတို့ ဖြစ်သည်။
ကျွန်မတို့ မြန်မာ အမျိုးသမီးများသည် ပင်ကိုအလှအပြင် နေရာဒေသအလိုက် ရိုးရိုးယဉ်ယဉ် လှကြသည်လည်း ရှိသည်။ ထိုအလှသည် ဘယ်ခေတ်၊ ဘယ်အချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မိန်းကလေး၏ သဘာဝအလှ ပေါ်လွင်ပြီး ကျက်သရေ ရှိကြသည်။
ထိုသို့သော အလှထဲတွင် မိခင်မှ မွေးပေးလိုက်သော ဘဝပေး အလှများမှာ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရနိုင်ပါ။
မနေတတ်လို့၊ မသွားတတ်လို့ ပင်ကိုအလှ ပျက်တတ်ရသည်။ မိန်းကလေး တို့၏ အလှသည် ''မပြုမပြင် ပင်ကို အလှယဉ် ဆိုသမျှ ထိပ်ခေါင်တင်''ဆိုသကဲ့သို့ သူ့အရွယ်နှင့်သူ ဝတ်တတ်လျှင် သပ်ရပ် ကြော့ရှင်းပြီး နေခြင်းသည်ပင် ပင်ကိုအလှကို ပေါ်လွင်စေသည်။
ကျွန်မတို့ ငယ်ရွယ်စဉ် ဝတ်စား ဆင်ယင်မှုမှာတော့ ရိုးရိုးယဉ်ယဉ်လေး တွေ့ခဲ့ရသည်။ ကျွန်မတို့အမေ၊ ကျွန်မ တို့အစ်မ ကျွန်မတို့ခေတ်မှာ လက်ရှည် အင်္ကျီရင်ဖုံးနှင့် ထဘီအရှည် ဝတ်ကြသည်။ ထို့နောက် အင်္ကျီလက်တို ဝတ်ပြန်တော့လည်း လက်မောင်း ပခုံးကျ၊ ရင်ဖုံးအင်္ကျီ လည်ထောင်နှင့် ဝတ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ထဘီကို ရှည်ရှည်ဝတ်သည် ဆိုသည်မှာ တရွတ်တိုက် မဟုတ်ဘဲ ခြေမျက်စိ ဖုံးရုံလောက်သာ ဝတ်ကြသည်။ ကျွန်မတို့
ခေတ်မှာ ခြေသလုံးသား မပေါ်ခဲ့ကြပါ။ရှေးခေတ်က ဝတ်စားဆင်ယင် ထုံးဖွဲ့ပုံများအား နိုင်ငံတော်က ခေတ်သုံးခေတ် ဝတ်စားဆင်ယင်ပုံများ ဟူ၍ ဖော်ထုတ် ပြသခဲ့သည်။ ကျွန်မတို့ မြန်မာ အမျိုးသမီးများသည် သူ့နေရာနှင့်သူ အိမ်နေလျှင်တစ်မျိုး၊ လမ်းထွက်လျှင် တစ်မျိုး၊ ပွဲနေပွဲထိုင် တစ်မျိုးဟူ၍ နေရာပေါ် မူတည်ပြီး ဝတ်ကြသည့် အတွက်ကြောင့် အမျိုးဂုဏ်လည်း မပျောက်၊ မြင် တွေ့ရသော သူများမှာလည်း နှစ်သက်ကြသည်။ ထိုသို့သော ဝတ်စားမှုများမှာ မြန်မာ့ ယဉ်ကျေးမှုကို အားပေးရာ ပင် ရောက်ခဲ့သည်။
ယခုအခါ ကျွန်မမြင်တွေ့ရသလောက် ပြန်၍ စဉ်းစားကြည့်လျှင် အထက်တွင် ကျွန်မ တင်ပြခဲ့သော ခေတ်သုံးခေတ်မှ ယခုခေတ် ဝတ်နေသော အင်္ကျီပုံစံပါ ရှေးကနည်းတူ ရှေးမူနှင့်တော့ သိပ်မကွာတော့ပါ။ ဟိုတစ်ချိန်က သီချင်း လေးတစ်ပုဒ်ကဲ့သို့ ''အသစ်ဘယ်လိုကောင်းကောင်း --- အဟောင်းကိုတော့ တလည်လည်ပါကွယ်''ဆိုသကဲ့သို့ ဘယ် လောက်ပဲ ရှေ့ပြေးတယ် ပြောပြော လမ်းဆုံးရင်တော့ နောက် ပြန်လှည့်ရသည့် သဘောပါပဲ။
ယခုခေတ် ဝတ်စား ဆင်ယင်မှုသည် ခေတ်သုံးခေတ်ကို ရောပြီး ဝတ်နေပြီဟု ကျွန်မမြင်မိသည်။ ယင်းသည်ပင် တစ်မိသားစု အတွက်သာမက တိုင်းပြည် ဂုဏ်သိက္ခာ၊ မျိုးရိုးဂုဏ် သိက္ခာကို စောင့်ရှောက်ပြီးသား ဖြစ်နေပါလိမ့်မည်။
ကျွန်မတို့၏ သမီးငယ် ကလေးများမှာ အပျိုဖော်ဝင်စ အရွယ်မှာ မပြုပြင်လည်း လှပြီးသား ဖြစ်နေပေပြီ။ ထပ်ဆင့်၍ ဝတ်စားဆင်ယင်မှု ပြုပြင်လိုက်ပါက အများအတွက် ချစ် စရာကောင်းသော သမီးပျိုလေးများ ဖြစ်နိုင်သည်။ တကယ်တော့ တစ်ခဏ အလှနှင့် တစ်ဘဝ အလှရှိသည်တွင် တစ်ဘဝ အလှကို ပို၍ မက်မောကြရမည်သာ ဖြစ်သည်။
ကျွန်မတို့ မိန်းကလေးများ ဘဝမှာ အရွယ်သုံးမျိုး၏ အလှရှိသည်။ ပထမ အရွယ်တွင် ဖူးပွင့်စအလှ၊ ဒုတိယ အရွယ်တွင် အသိတရားနှင့် ယှဉ်၍ ပြုပြင်တတ်သည့် အရွယ် ဖြစ်၍ ပို၍ပင် လှကြသည်။ တတိယ အရွယ်မှာတော့ ဘဝ၏ အတွေ့အကြုံအရ သတိတရား ပြည့်သည့် အရွယ် ရောက်နေပြီဖြစ်၍ ကျက်သရေ ရှိသော အလှပိုင်ရှင်များ ဖြစ်ကြရသည်။
ဤအရွယ် သုံးမျိုးတွင် သူ့အရွယ်နှင့်သူ လိုက်ဖက်ညီအောင် စိတ်နှင့်ရုပ် အချိန်ကို မှီတွယ်ပြီး ပြုပြင်နိုင်စွမ်းအား ကောင်းခြင်းကြောင့် မိန်းကလေးတို့၏ အလှသည် ပြီးပြည့်စုံ ကြရသည်။ အရေးကြီးဆုံး အချက်မှာ စိတ်လှလျှင် ကိုယ်လည်း လှကြသည်။ စိတ်လှသောကြောင့်လည်း မျက်နှာမှာ ကြည်လင် အေးမြနေကာ လူတိုင်းအတွက် အကောင်းဆုံး အလှ ဖြစ်နေပါတော့သည်။
ထို့ကြောင့် ဘာတွေဘယ်လို ဆန်းတယ်ပြောပြော မြန်မာ အမျိုးသမီးများ၏ သဘာဝ အလှသည် ဂုဏ်တင့်လျက် ရှိပေသည်။
တစ်ခုပြောချင်သည်ကတော့ ယခုခေတ် သမီးကလေး တချို့မှာ ခေတ်သုံးခေတ်နှင့် မဆိုင်၊ ဘာလူမျိုးလဲလို့ မေးရမလို ဖြစ်နေ ပါပြီ။ သေချာစဉ်းစားကြည့်လျှင် သိနိုင်သည်။ သူများထက်ပိုပြီး ထူးထူးခြားခြား ဝတ်နိုင်လျှင် ပိုပြီးလှမည် ဟု ယူဆတတ်ကြသည်။ အမှန်တော့ မိန်းကလေးများ၏ ဘဝမှာ အရွယ် ရောက်လာလျှင် ပိုပြီး လှချင်ကြသည်။ ဤ သည်မှာ သဘာဝပင် ဖြစ်သည်။ ထိုသို့လှချင်သည့်အရွယ် ရောက်လာလျှင် မိဘများက ဝတ်စားဆင်ယင်မှု၌ အလေးထားပြီး ပြုပြင်ဖို့ လိုပါသည်။
အရွယ်ရောက်သည့်အခါ ဖြစ်ပေါ်လာသော စိတ်ကလေးအား ရိုးရိုးမှန်မှန်လေး ထိန်းပေးနိုင်ဖို့ လိုသည်။ မိန်းကလေး များအား ပတ်ဝန်းကျင် ကောင်းလေးများ ဖန်တီးပြုပြင် ပေးနိုင်ပါလျှင် ပို၍ကောင်းသည်။ မိန်းကလေး ဆိုသည်မှာ ဘယ်သို့ဝတ်ရသည်။ ဘယ်ပုံစားရသည်၊ ဘယ်လိုသွားရသည်၊ ဘယ်လို နေရသည်တို့ကို သင်ကြားလိုက်ပြီး ကောင်းသော အတုများ ယူတတ်အောင် သင်ကြားပေးနိုင်မှ ကျွန်မတို့ မြန်မာ အမျိုးသမီးများမှ ပေါက်ဖွား လာသူကလေးများမှာ မြန်မာဆန် ပါလိမ့်မည်။ ဤသို့ဖြင့် မြန်မာဗီဇစိတ် မပျောက်သည့် မြန်မာ့သွေး၊ မြန်မာ့မျိုးရိုးကို ပါ ဆက်လက် ထိန်းသွားနိုင်မည်မှာ သေချာလှသည်။
မိဘများ အနေနှင့် ခေတ်ရေစီးကြောင်းမှာ လွယ်လွယ်ကူကူ တင်ပေးလိုက်မည် ဆိုလျှင် ကလေးများသည် ခေတ်ရေစီးကြောင်း အတိုင်း မျောပါ သွားနိုင်သည်။ သို့သော် မျောသွားသော ရေစီးကြောင်းကို အကန့်အသတ်လေးနှင့် ထိန်းကျောင်း တတ်ခဲ့ပါမူ လမ်းကြောင်း မမှားတော့ဘဲ ရပ်သင့်သည့် အချိန်တွင် ရပ်သွားနိုင်သည်။
ကျွန်မတို့ မြန်မာ အမျိုးသမီးကလေးများသည် အတွေးမှန် အမြင်မှန်ရဖို့ လိုသည်။ ခေတ်ကိုလည်း မကျော်အောင်၊ စနစ်ကိုလည်း မချော်အောင် ထိန်းသိမ်းပြီး မည်သည်ကို တော်အောင်လုပ်ရမလဲ၊ ဘယ်အရာကို ခေတ်မီအောင် လိုက်မလဲဟု ချင့်ချိန်စဉ်းစားရမည်။ ကျွန်မတို့ မြန်မာပြည်မှာ အတုယူစရာ အလုပ်တွေ အများကြီး ပေါ်နေပါပြီ။ ပညာရေးကို ကြည့်မလား၊ လူမှုပေါင်းသင်း ဆက်ဆံရေးကို ကြည့်မလား၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းများကို လုပ်မလား။ မြန်မာပြည်ကြီး ခေတ်မီ တိုးတက်အောင် ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှိနေပါပြီ။ အချိန်မနှောင်းမီ တက်ညီလက်ညီ ထမ်းရွက်ဖို့ ကျွန်မတို့ သားသမီးများ အပေါ်မှာ မူတည်နေပါပြီ။ သည့်အတွက်ကြောင့် မတော်တာစား၊ မတော်ရာသွား လမ်းမမှားစေဖို့ မိမိ၏မြန်မာမျိုးရိုး ဂုဏ်သိက္ခာ မကျစေဖို့ ထိန်းသိမ်း စေချင်လှသည်။
တချို့သော မိန်းကလေးများသည် ဝတ်စား ဆင်ယင်မှုမှာ ကိုယ်က သူများထက် လှနေလျှင် သို့မဟုတ် တစ်ခုခု ထူးခြားနေလျှင် လူကြည့်များပြီး စိတ်ဝင်စားဖို့၊ လူကြည့် များပြီး နှစ်ခြိုက်ဖို့ ဦးစားပေးတတ်ကြသည်။
တကယ်တော့ ကိုယ်က အပျော်လုပ်တော့ ကြည့်သူ ကလည်း အပျော်ပဲကြည့်ကြမှာပါ။ မထူးဆန်းပါ။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလျှင် သိက္ခာရှိသော တည်ငြိမ်မှု နှင့် နေထိုင်နိုင်လျှင် တန်ဖိုးထားသောသူများ၏ အကြည့် ကိုခံရပါမည်။ ကြည့်သူမြင်သူ များသည် တွေးခေါ်ပုံချင်း ကအစ မတူကြပါ။ ကြည့်တိုင်းလည်းမကြိုက်၊ ကြိုက်တိုင်း လည်း မကြည့်၊ ကြည့်စရာမြင်၍ ကြည့်ကြသော်လည်း ကြည့်ပြီးသည့်နောက် ကိုယ်၏တန်ဖိုးကို သူနှိမ်ချလိုက် သည်ကိုတော့ ကိုယ်မသိလိုက်နိုင်ပါ။ ကြည့်သောသူချင်းသာ သိလိုက်သည်။
တကယ်တမ်း မိန်းကလေး၏ တန်ဖိုး ရှုံးနိမ့်ရလေပြီ။ ဒါကြောင့် စိတ်ထားတည်ကြည်ပြီး အရှက် အကြောက်များနှင့် ဟန်ဆောင်မှု ကင်းပြီး ပေါ်လွင်မှုကို ဦးစားမပေးကြဖို့ လိုသည်။ တကယ့် အရည်အ ချင်းနှင့် ပြည့် ဝသော၊ တကယ့်အရည်အသွေး မီသော အဆင့်အတန်း ရှိရှိနှင့် ဝတ်စား ဆင်ယင်နိုင်ပြီး နိုင်ငံတော်၏ သမီးကောင်းများသည် အတွေး အခေါ်ကောင်းများ ထွန်းကားပြီး နိုင်ငံ နှင့်လူမျိုးက ချီးမြှင့်ခံရသော၊ မိဘများ၊ ဆွေမျိုးများက ချီးမြှင့်ခံရသော ပြည်သူချစ်သော သမီးပျိုကလေးများ အသွင် ပြုပြင်နိုင်ကြ ပါစေ။
တိုင်းပြည်အကျိုး ဆောင်ရွက် လျက် ဝတ်စား ဆင်ယင်မှုမှာ ရိုးသားစွာ၊ မြန်မာပီသစွာ ဝတ်ဆင်နိုင်ကြပါစေ။ သဘာဝအလှ၊ ပင်ကိုအလှ၊ မြန်မာ အမျိုးသမီး အလှတို့ကို ပီပြင်စွာ ဂုဏ်ဆောင်နိုင်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ဓလေ့စရိုက်ကို သိရှိနားလည်ကာ မြန်မာအမျိုးသမီး ကလေးများ၏ ဘဝတန်ဖိုး တက်ပြီး အလှတန်ဖိုးများလည်း တက်နိုင်ကြပါစေဟူ၍ မေတ္တာရှေ့ ထား၍ ရေးသားလိုက်ရပါသည်။ ။
မိတ်ကပ်နှင့် ဟန်ပြင်၊ ကညာခင် အပိုမကြွား
သနပ်ခါးနှင့် ကျောက်ပျဉ်၊ နံ့သာတင်ခြယ်ထား
မရိုးပေါင် ပင်ကိုလှတယ် ကိုးဆယ်ဆပွား။
ကေတု
မြ၀တီ
0 comments:
Post a Comment